ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း (၁၃) နှစ်မြောက် အမှတ်တရ ပြုလုပ်ဆရ

ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း (၁၃) နှစ်မြောက် အမှတ်တရ ပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)         မိုးမခ       စက်တင်ဘာ  ၃ - ၂၀၁၅
ဆရာဦးမင်းသစ်

ဆရာအောင်ဇင်မင်း

ဆရာမောင်ချောနွယ် ၏ ဇနီး နှင့် မြေး


          ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ( ၁၃) နှစ်မြောက် အမှတ်တရ လွမ်းဆွတ်ပွဲလေးကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း(အောက်)လမ်းရှိ  ဟုမ်းမီဒီယာခန်းမတွင်  စက်တင်ဘာလ  ၃ရက် နေ့ နေ့လယ် (၁) နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။
          အခမ်းအနားမှူးအဖြစ် ဆရာဘိုင်အိုမင်းသစ် မှဆောင်ရွက်ခဲ့သည်။ ဆရာ ဦးမင်းသစ်မှ မောင်ချောနွယ် လွမ်းပွဲ ဘာလို့လုပ်ရသလဲ နှင့်ပတ်သက်၍ ယခုကဲ့သို့ ပြောပြခဲ့သည်။ “ ဘာလို့လုပ်ရလဲဆိုတော့ အချက်သုံးချက်ရှိတယ်။ (၁) ကာရန်ကို ဇွတ်ရှောင်သူ၊ (၂) ကာရန်ကို ဇွတ်ရှာသူမဟုတ်၊ (၃) အသစ်တွေကို ဖိတ်ခေါ်သူ  အဲဒီအချက်သုံးချက်နဲ့ ညီလို့ပါ ” ဟု ပြောပြခဲ့သည်။
          ကဗျာဆရာအောင်ဇင်မင်းကလည်း မောင်ချောနွယ် နှင့် ဘယ်လိုစတင်ဆုံဆည်းခဲ့ပုံနှင့် မောင်ချောနွယ် အမှတ်တရ တော်လှန်ကဗျာ တပုဒ်ကို ရွတ်ဆိုခဲ့သည်။
          အခြားသော တက်ရောက်လာသော ကဗျာဆရာများကလည်း ကဗျာများရွတ်ဆိုကာ ဂုဏ်ပြုကြသလို မောင်ချောနွယ်၏ မြေးဖြစ်သူ မှလည်း အဖိုး၏ ကဗျာတပုဒ်ကို ရွတ်ဆိုကာ လွမ်းတမ်းတခဲ့သည်ကိုလည်း တွေ့ခဲ့ရသည်။

          ကဗျာဆရာမောင်ချောနွယ်၏ အမျိုးသမီးဖြစ်သူ ဒေါ်မြင့်မြင့်စိန် နှင့် သမီးဖြစ်သူတို့မှ ထိုပွဲလေးအား စီစဉ်ခဲ့ခြင်း ဖြစ်သည်။