မောင်စွမ်းရည် - မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့က စုစည်းထုတ်ဝေတဲ့ - “ ဆန်းရာပြည့်”

ပန်းချီ - သန်းဌေးမောင်

မောင်စွမ်းရည် - မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့က စုစည်းထုတ်ဝေတဲ့ - “ ဆန်းရာပြည့်”
[ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကဗျာများ ]
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၁၅


    “ မန်းရာပြည့်” ၊ “ မှိုင်းရာပြည့်” ၊ “ ဆန်းရာပြည့်” - ဆိုပြီး ရာပြည့်ပွဲကြီး သုံးပွဲကို အမှတ်တရ ဖြတ်သန်းခဲ့ ရဖူးပါတယ်။ သူ့ပုံစံနဲ့သူ ကြီးကျယ်တဲ့ ပွဲကြီးတွေဖြစ်လို့ အမှတ်တရ ဖြစ်ရပါတယ်။

    ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်းတို့ဟာ နိုင်ငံရေးသမိုင်းအရ ခွဲခြားကြည့်မြင်လို့ မရ ပေဘူး။ ကဗျာဆရာကြီးလဲဖြစ်၊ စာပေသမိုင်းပညာရှင်ကြီးလဲဖြစ်တဲ့ ဆရာဇော်ဂျီက ဗမာ့လွတ်လပ်ရေးသမိုင်း ကို ပြောပြရာမှာ အလွန်ထိမိတိကျတဲ့ မှတ်ချက်တစ်ခုကို ပေးခဲ့ဖူးတယ်။ နှိုင်းယှဉ်ချက်ကလည်း ကောင်းလွန်း လို့ တစ်ခါဖတ်မိတာနဲ့ မမေ့နိုင်တော့ပါဘူး။ သဘောက ဒီလိုပါ။ အိန္ဒိယပြည် လွတ်လပ်ရေးသမိုင်းမှာ ကဗျာ ဆရာကြီး ရဝိန္ဒရာနတ်တဂိုးဟာ အိန္ဒိယလူမျိုးတို့ရဲ့ လွတ်လပ်ရေးရယူလိုချင်တဲ့ စိတ်ဓါတ်ကို အခိုင်အမာ စု စည်းပေးခဲ့ပြီး ဂျဝါမာလာနေရူးဆိုတဲ့ အမျိုးသားခေါင်းဆောင်ကြီးက  လတ်တလောအားဖြင့်  လွတ်လပ်ရေးကို ရယူပေးခဲ့သူဖြစ်ပါတယ်။ တရုတ်ပြည်မှာလဲ လူရွှန်းဆိုတဲ့ ကဗျာစာဆိုကြီးက  တရုတ်လူမျိုးတို့ရဲ့ လွတ်လပ်ရေးစိတ်ဓာတ်ကို ရှေးဦးစွာစုစည်း ခိုင်မာစေပြီးမှ မော်စီတုံးက တရုတ်ပြည်ရဲ့ လွတ်လပ်ရေး လတ်တလောအားဖြင့် ရယူပေးခဲ့သူဖြစ်ပါတယ်။ အလားတူပဲ ဗမာပြည်မှာလဲ ကဗျာစာဆိုကြီးဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဗမာအမျိုးသားတရပ်လုံးရဲ့ လွတ်လပ်ရေးရယူလိုတဲ့စိတ်ဓာတ်ကို ဦးစွာလှုံ့ဆော်စုစည်းခိုင်မာ စေပြီးမှ လတ်တလောအားဖြင့် သခင်အောင်ဆန်းက ဗမာ့လွတ်လပ်ရေးကို အရယူပေးခဲ့တာ ဖြစ်ပါတယ်တဲ့။ ဗမာ့လွတ်လပ်ရေးကို အရယူပေးခဲ့တာဖြစ်ပါတယ်တဲ့။ ဗမာ့လွတ်လပ်ရေး သမိုင်းကြီး တခုလုံးအတွင်းမှာ ဗမာ့လွတ်လပ်ရေးအတွက် ပုံစံအမျိုးမျိုးနဲ့ ရဲရဲရင့်ရင့်စွန့်စားခဲ့ကြသူတွေ ထောင်သောင်းချီရှိခဲ့ကြပေတယ်။ ဒီသမိုင်းကြီးကို အနှစ်ချုပ်လိုက်တော့ အထူးခြားအရေးပါဆုံးပုဂ္ဂိုလ် နှစ်ဦး အတွဲလိုက် ဆန်ခါတင်ကျန်ရှိပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းနဲ့ သခင်အောင်ဆန်း ဆရာတပည့်နှစ်ဦး။

    ဆရာဇော်ဂျီဆိုတာ ကဗျာစာဆိုလဲဖြစ် ၊သမိုင်းပညာရှင်လဲ ဖြစ်တဲ့အတွက် ကဗျာနှလုံးသားရဲ့ခံစားမှု မျက်စိနဲ့ ရှေးပညာရှင်ရဲ့ သိပ္ပံနည်းကျ သမိုင်းမျက်စိနဲ့ရော မျက်စိနှစ်စုံနဲ့ သမိုင်းတခုလုံးကို ကြည့်တာပါ။ အံ့ဩစရာ၊ ဝမ်းမြောက်စရာကောင်းတာက ဆရာဇော်ဂျီရဲ့ ကောက်ချက်နဲ့ ပြည်သူလူထုကြီးရဲ့ ရွေးချယ်ချယ်တို့ဟာ တထပ်တည်းလာကျနေတာပါပဲ။ မှိုင်းရာပြည့်ပွဲ နဲ့ ဆန်းရာပြည့်ပွဲတို့ကို ပြည်သူလူထုကပဲ ရွေးချယ်ဆုံးဖြတ်ခဲ့ကြတာ မဟုတ်ပါလား။

    မန္တလေးကတော့ မှိုင်းရာပြည့်နဲ့ ဆန်းရာပြည့်အပြင် “ မန်းရာပြည့် ”  ပွဲကြီးကိုလဲ မန္တလေးသမိုင်းမှာ ဘယ်တုန်းကနဲ့ မတူအောင် ကြီးကျယ်တဲ့ ပွဲတော်ကြီးအဖြစ် နိုင်ငံတော်ပွဲကြီး ဖြစ်အောင် ကျင်းပခဲ့ကြဖူးပါတယ်။ မှိုင်းရာပြည့် ပွဲကတော့ မှိုင်းရဲ့သမိုင်းမှတ်တိုင်ကြီးကို နွှဲလို့တဲ့ စစ်အစိုးရရဲ့ နှောင့်ယှက်မှုကြောင့် လူငယ်တို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲကြီးသဏ္ဍာန် ဖြစ်ပွားသွားခဲ့ရပါတယ်။တကယ်တော့  မှိုင်းရာပြည့်၊ဆန်းရာပြည့် ဆိုတာ နိုင်ငံတော်အစိုးရကိုယ်တိုင်က ဂုဏ်ရှိရှိနဲ့ ပြည်သူကို ဦးဆောင်ကျင်းပ သွားရမယ့် ပွဲတော်ကြီးတွေ ဖြစ်ရမှာပါ။ ပြည်သူလူထုကတော့ သမိုင်းကို စာအုပ်ထဲမှာသာမက နှလုံးသားထဲပါ ရေးထိုးထားတဲ့အတွက် တာဝန်မပျက် လေးနက်ပီပြင်အောင် ကျင်းပသွားခဲ့ကြပါတယ်။

    မန္တလေးရတနာပုံပြေည်တော်ကြီးဟာ မညီညွှတ်လို့ ပြည်လွှတ်ခဲ့ရတဲ့ သမိုင်းဒဏ်ရာကြီး၊ သမိုင်းသင်ခန်းစာကြီး ရှိခဲ့ပါတယ်။ ဒါကြောင့် မန္တလေးဟာ လုပ်ဆောင်စရာရှိရင် အချင်းချင်း စည်းရုံးပြီး လုပ်ဆောင်သွားတတ်ကြတယ် ထင်ပါတယ်။ ခုကြည့် “ ဆန်းရာပြည့် ” ကဗျာစာအုပ်ကြီး။ မန်းစိတ်ဓာတ်နဲ့ စုစည်းညီညွှတ်စွာ အကောင်အထည်ဖော်လိုက်ခဲ့ပါပြီ။ မန်းဝန်းကျင်ကဗျာဆရာတွေသာမက ဗမာတနိုင်ငံလုံးက ကဗျာဆရာတွေကို စုစည်းပါဝင်စေကာ တွေ့ရပါမယ်။ ကဗျာဆရာ ၂၀၀။ ကဗျာပုဒ်ရေ ၂၀၀။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းအစ - ဇော်ဝေ အဆုံး။စာမျက်နှာ ၃၅၉ (၃၆၀ ဆိုပါတော့)။ ဒါပေမဲ့ ကလောင်သစ်တွေက အများကြီးဆိုတော့ အောက်ပြည်အောက်ရွာက ဘယ်ကဗျာဆရာတွေ ပါဝင်ကြသလဲဆိုတာ အသေအချာ မသိနိုင်ပါ။ အညာသားကဗျာဆရာတွေကတော့ မန္တလေး၊ မုံရွာ၊ အင်းဝ၊ မြင်းခြံ၊ ပခုက္ကူ ၊ ချောက်၊ ရေဦး၊သာစည်၊ တောင်တွင်း ၊ ထီလာ စသဖြင့် ကလောင်နာမည်နောက်က မြို့ရွာနာမည်တွေပါ ထည့်တာများ ကြပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဇော်ဂျီ၊မင်းသုဝဏ်၊ နုယဉ်၊ မင်းယုဝေ၊ ငွေတာရီ… စသဖြင့် အောက်ပြည်က အဆိုကျော်တွေ ရှေ့တန်းက ပါနေကြပါတယ်။ ထူးဆန်းတာက - ဒေါင်းနွယ်ဆွေ ၊ကြည်အောင်တို့နဲ့  ပျဉ်းမနားကဗျာဆရာတွေ အမည်မတွေ့ရပါလား။ ရှိစေတော့- ကဗျာဆရာ ၂၀၀ ထဲမှာပါကြမှာပါ။

    အံ့ဩဂုဏ်ယူစရာကောင်းတာက မျက်မှောက်ခေတ်ကဗျာဆရာတွေထဲမှာ မဟာလေးချိုး၊ ထပ်ကွန့်မဟာတေးထပ်၊ ကာချင်း၊ တန်းချင်းစတဲ့ ရှေးရိုးကဗျာစပ်နည်းတွေနဲ့ ရေးဖွဲ့ကြသူတွေကို တွေ့ရခြင်းပါပဲ။ သူတို့ဟာ “ ဖြစ်ရုံ ”ရေးဖွဲ့ထားကြတာမဟုတ်ပဲ ပီပီသသ၊ ပုံစံကျကျ ရေးဖွဲ့နိုင်တာကို တွေ့ရတဲ့အတွက် ဒါဟာဖြင့် မန္တလေးလက္ခဏာလေး တခုအဖြစ်နဲ့ ဂုဏ်ယူရမလားလို့ တွေးမိတာကိုလဲ (ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ ) ထုတ်ဖော်တင်ပြလိုက်မိပါတယ်။

    နောက်ထပ်ထူးခြားချက်ကလဲ တော်ရုံတန်ရုံလှန်လှောကြည့်ပြီး ပြောတမဟုတ်ပါ။ ၃-၄ ခေါက်အစအဆုံး အမြီးပြန်ခေါင်းပြန် ဖတ်ပြီးမှ ပြောတာပါ။ အဲဒီထူးခြားချက်ကတော့ - ဒီကဗျာစာအုပ်ကို ဘယ်နားကပဲ ဘယ်လိုလှန်ကြည့်ကြည့်၊တွေ့မိတဲ့ ကဗျာကို ဖတ်လိုက်ရင် “ ဟင်-ဒါဖြင့် ၊ သိပ်မဟုတ်လှပါဘူးလို့ ” ပြောလိုက်မိနိုင်တဲ့ကဗျာမျိုး တပုဒ်မှ မပါတဲ့အချက်ပါပဲ။ ဒါ ဘာဖြစ်လို့လဲလို့ ကျနော်စဉ်းစားကြည့်ပါတယ်။ ပထမ ဆင်ခြင်သုံးသပ်မိကြမယ်။ တချက်ကတော့ ကဗျာဆရာတွေအားလုံးဟာ “ အောင်ဆန်း ”ကို လေးလေးနက်နက်၊ နှစ်နှစ်ကာကာ ချစ်ကြည်ညိုကြလို့ပဲ။ တကယ့်နှလုံးသားထဲက ပေါက်ဖွားလာကြတဲ့ စေတနာတွေ ဖြစ်လို့ ဘယ်လိုကြည့်ကြည့် လှနေကြတာ ဖြစ်ပါလိမ့်မယ်။

     ကဗျာတွေ အားလုံးကို အပြန်အလှန်ဖတ်ကြည့်မိတော့ နောက်ထပ်အံ့ဩမိတာက ဒီကဗျာဆရာတွေ (ရှေ့ဆုံးကဗျာဆရာ ၁၀ ဦးလောက်ကလွဲလို့ ) သခင်အောင်ဆန်းကို သိမီ သူမရှိဘူးလို့ထင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ၁၉၄၇ ခုနှစ်က ကွယ်လွန်ခဲ့တယ်။ ခုရေးကြတဲ့ ကဗျာဆရာတွေထဲမှာ အသက်(၇၀) အရွယ်တွေ ပါဝင်တယ် ထားဦးတော့ ဗိုလ်ချုပ်အောင်ဆန်းကို မြင်ဖူးလောက်သူပါမယ်မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို မသိမမြင်ဖူးကြပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကိုဖြင့် အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် သိသလောက်သိကျွမ်းနေကြပုံရပါတယ်။ သူတို့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပတ္တိ၊ကဗျာ၊ဆောင်းပါး၊လုံးချင်းစာအုပ်တွေ ၊ဆောင်းပါးပေါင်းချုပ်စာအုပ်တွေ အားလုံးလောက်ကို စွဲစွဲလန်းလန်း ဖတ်ဖူးထားကြတဲ့ ပုံစံအနေအထားနဲ့ ရေးဖွဲ့ထားကြတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်အကို ဦးအောင်သန်း ၊ တက္ကသိုလ်နေဝင်း၊ မောင်ထင်၊ ဒဂုန်တာရာ စသဖြင့် ရေးကြသမျှတွေကို ဖတ်ပြီးမှ ခံစားနားလည်မှုအပြည့်နဲ့ ရေးကြဟန်ရှိတယ်လို့လဲ တွေ့ရှိသုံးသပ်မိပါတယ်။ သူတို့ဟာဘယ်သူ့အကြောင်းကို မသိသိ၊ သိသိ၊ ဗိုလ်ချုပ်အောင်ဆန်းကိုတော့ ပြောရအောင် လေ့လာထားကြပုံရပါတယ်။ ဒီအချက်ကို တွေ့ရတဲ့အတွက် ငါတို့ဗမာတွေ နောက်ထပ်ကျွန်ဖြစ်မှာ မဟုတ်သေးဘူးလို့လဲ စိတ်ချဂုဏ်ယူနိုင်လောက်တယ်လို့ ယူဆပါတယ်။

    ဆရာကြီးသခင်ကိုယ်တော်မှိုင်းအစ၊ ကိုလေး(အင်းဝဂုဏ်ရည်) အလယ်၊ ဇော်ဝေအဆုံး နှစ်ပေါင်း၁၀၀ အတွင်း ကဗျာဆရာပေါင်း ၂၀၀က ဂုဏ်ပြုဖွဲ့ဆိုခြင်းခံရတဲ့ နိုင်ငံခေါင်းဆောင်ဘယ် နှစ်ယောက်ရှိသလဲ။ လူတိုင်းက ချက်ခြင်းဖြေနိုင်မယ်။“ တယောက်တည်းရှိတယ်” လို့။ အဲဒီ တယောက်တည်းသောပုဂ္ဂိုလ်ကလဲ အထူးဖော်ပြစရာမလို။ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း မှန်းလူတိုင်းသိကြပါတယ်။ ဒီစာအုပ်မှာ ကျနော် အထူးနှစ်သက်တဲ့ ကဗျာတွေကို ရွေးနှုတ်ပြချင်ပေမဲ့ အားလုံးလောက် နှစ်သက်နေလို့ ရွေးရခက်ပါတယ်။ ဒီထဲက - တင်ပြပုံနဲ့ စိတ်ကူးပုံ ထူးခြားလို့  နမူနာထုတ်ပြချင်တာပဲရှိပါတယ်။ ကြည်မှိုင်းအောင်(မြင်းခြံ) ရဲ့ ကဗျာဆိုရင် ကျနော်တို့ရဲ့ ဟံသာဝတီဦးဝင်းတင် နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့တွေ့ပုံကို နိုင်ငံရေးအမြင်တရပ်အဖြစ် တင်ပြထားတာကိုသဘောကျမိတယ်။ မောင်ဝင်းတင်က ကျောင်းသားငယ်သူလေး ဗိုလ်ချုပ်ကို ကိုယ်တိုင်တွေ့ပြီး စစ်ထဲဝင်ချင်လို့ စာရင်းပေးသတဲ့။ စစ်သားက ပေါတယ်။ ပညာတတ်က ပိုပြီး လိုမယ်။ ပညာတတ်အောင်သင်လို့ ပြောလိုက်သတဲ့။ အဲဒါလေးကို ကဗျာဖွဲ့ထားတာ။ နောက်တပုဒ်က ခရမ်းပြာထက်လူက “ ဟင်းချက်နည်း အမျိုးမျိုးကို မင်းတို့ အသည်းအသန်တွေးနေချိန်မှာ သူပုန်ထနည်းအမျိုးမျိုးကို ထိန်လင်းက အကြိတ်အနယ် စဉ်းစားနေတယ် ” ဆိုတာမျိုးလေးကိုလဲ တင်ပြပုံ သဘောကျမိတယ်။

    နောက်တပုဒ်က ငြိမ်း(ရွှေလီ)။ ခေတ်သရုပ်ကို အဖေဗိုလ်ချုပ်ထံ ဖော်ထုတ်တိုင်တည်ကာ အကျဉ်းချုပ် ၅ မျက်နှာရှိတယ်။ အဲဒီကဗျာ ထဲမှာ “ နေပြည်တော်၊ ကေဇ၊ မဟာသန္တိဒုက္ခ ၊ တိုက်ပွဲ၊ စစ်ပြေး ၊ ဆွေးနွေးပွဲ ဆိုတာ အဖေနားစိတ် နေမှာပါ" ဆိုတာလေးကို အထူးသဘောကျမိပါတယ်။ နောက် ၄-၅ ပုဒ်ကျော်လိုက်တော့ ” ရောသွားမှာစိုးတယ် ” ဆိုတဲ့ ခေါင်းစဉ်ကို သဘောကျမိတယ်။ ဗိုလ်ချုပ်ချင်း ရောသွားမှာ စိုးတဲ့ အတွေးအခေါ်တွေ အတော်များပါတယ်။ ဒါက စီးမြစ် (R.R) ရေးတာပါ။ သူ့နောက်ကပ်လျက်က စိုင်းဆိုင်ဝမ်းတစ် ရေးတဲ့ ” ဗိုလ်ချုပ်မရှိပါ ” ကဗျာ။ “ ခင်ဗျားတို့ သိထားဖို့က အောင်ဆန်းဟာ ဗိုလ်ချုပ်ဖြစ်နေလို့ ကြည်ညိုတာ မဟုတ်ဘူး။ ဗိုလ်ချုပ်ဟာအောင်ဆန်း ဖြစ်နေလို့ ကြည်ညိုတာ ”တဲ့။ “ စီးမြစ် ” ရဲ့ ကဗျာနဲ့ ဆက်ကြည့်ဖို့ ကောင်းတယ်။
  
    နောက်တပုဒ်ကတော့ စံညိမ်းဦးရဲ့ ကဗျာ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေထဲက လေသံအတိုင်း ခေတ်သစ်မိန့်ခွန်းတခုကို ဗိုလ်ချုပ်ကိုယ်စား ကဗျာဖွဲ့ထားတာ။ စိတ်ကူးကောင်းလို့ စိတ်ဝင်စားစရာပါပဲ။ နောက်တပုဒ်အထူး သဘောကျမိတာက “ ရာဇဝင်ထဲက အာဇာနည် ” တဲ့။ ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတဲ့ စကားတွေကို တန်းစီပြီး စိတ်ကူးကောင်းကောင်းနဲ့ ကဗျာဖြစ်အောင်ဖွဲ့ထားတာပါ။ “ ဆန်းရာပြည့် ” အထိမ်းအမှတ်အဖြစ် ဝါကျ ၁၀၀ ဖွဲ့ထားလေရဲ့။ ဇာဏီဇော်(အိမ်မဲ )တဲ့။ ဆန်းစာပေကျေညက်ကြပုံကို သိသာနိုင်ပါတယ်။

    နောက် ၄-၅--၆ပုဒ်ကျော်လိုက်တော့ “ ခရီးအပြန် ”ဆိုတဲ့ကဗျာ။ ဖြိုးဟံသာ ” ရေးတာ။ “ ခရီးအပြန် မှာ၊ အိမ်သူမှာတဲ့ အင်္ကျီစ မပါပေမဲ့၊ ပြည်သူအတွက်တော့ ၊ ဆန်းအက်တလီ ပါခဲ့တယ် ”ဆိုတဲ့ စာတပိုဒ် ငြိသွားမိပြန်တယ်။ ဘိလပ်ပြန်ဝန်ကြီးဦးအောင်ဆန်းက ဇနီးအတွက် ဘာမှမပါခဲ့နိုင်ရှာဘူး။ ဈေးလျှောက်ပြီး မှန်ပြတင်းက ချောင်းကြည့်၊ ဇနီးမှာတာ သတိရပေမဲ့ .. ငွေ မလောက်လို့တဲ့။ ဒီနေ့ဝန်ကြီးတွေ နိုင်ငံခြားကို တမင်တကာ “ ရှော့ပင် ” ထွက်ကြတာကြားဖူးတော့ နိုင်ငံခေါင်းဆောင်ချင်း မနိုင်းကောင်း နိုင်းကောင်း နှိုင်းယှဉ်မိလိုက်ရပြန်ပါတယ်။ ဒါနဲ့ နောက်စာမျက်နှာ အမြန်ကျော်လိုက်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကိုများ ကဗျာဆရာက ခေါ်လိုက်ပုံက “ ဟေ့လူ ”တဲ့။ “ ခင်ဗျား အသက် ပြန်မရှင်ပါနဲ့ ” တဲ့။ ဒီမှာ ဂဠုန်ဦးစောတွေ များတယ်တဲ့။“ ဒီမှာ အသက် ၉၀ ကျော်တွေ ၊အခုထိ သေနတ်ကိုင်ပြီး ၊ သမ္မတလုပ်ချင်သူတွေ အများကြီးတဲ့။ ရေးသူက “ ဘုန်းလင်္ကာ ”တဲ့။ သူ့စေတနာက ဗိုလ်ချုပ်အောင်ဆန်းကို “ အသက်ပြန်မရှင်နဲ့” ဆိုတော့ .. စိတ်ဆိုးရမလိုပေါ့။“ ဂဠုန်စောတွေ အများကြီး ”ဆိုတော့ လဲ ဟုတ်ပေသားပဲလို့ သက်ပြင်းချမိပါတယ်။

    ဒီနေ့လူငယ်တွေ သိမှီလိုက်တဲ့အထဲမှာ ကိုအောင်ဆန်းရဲ့ သူငယ်ချင်းနှစ်ဦး ထင်ရှားတယ်။ “ အင်းလျားကျောင်းဆောင်သူမအမာ ” နဲ့ ဒဂုန်တာရာ ခေါ်တဲ့ ဌေးမြိုင် ပါ။ “အင်းလျားကျောင်းဆောင်သူ မအမာ ” နဲ့ “ ပဲခူးကျောင်းဆောင်သား ကိုအောင်ဆန်းတို့ အဓိပတိလမ်းပေါ်မှာ ဆုံမိကြပုံကို မောင်ကြည်သစ် (ကောလင်း) က ရုပ်ရှင်ပြကွက်ကလေးတခုလို တင်ပြထားတာ တကယ့်ကိုလှတဲ့ အကွက်ကလေးပါ။ အောင်ဆန်းရုပ်ရှင် ရိုက်ရင်ပဲဖြစ်ဖြစ်၊ ဒီကဗျာလေးတပုဒ်ကိုပဲ သီးခြားသရုပ်ဖော် ရိုက်ပြလို့ပဲ ဖြစ်ဖြစ် ကြည့်ရရင် တကယ့်ကို စိတ်ဝင်စားစရာဖြစ်မှာပါပဲ။ဆရာ ဒဂုန်တာရာရဲ့ “ အောင်ဆန်းသို့မဟုတ် အရိုင်း ” စာပေရုပ်ပုံလွှာကို ကိုးကားပြီး ရွှေနောင်ရိုး(မန္တလေး) ရေးဖွဲ့လိုက်တဲ့ ကဗျာကလဲ ကောင်းဘိခြင်း။ စာရေးဆရာငယ်တယောက်က အာဏာအရှိဆုံး ဗိုလ်ချုပ်တယောက်ကို “ အရိုင်း” လို့ လူသိရှင်ကြား ခေါ်လိုက်မိတယ် ။ဒါပေမဲ့ ဖမ်းဆီးထောင်ချမခံခဲ့ရဘူးတဲ့။ အောင်ဆန်း တကယ်ရိုင်းမရိုင်း၊ သမိုင်းအဖြေက ဒါပါပဲတဲ့။ သူ့ကဗျာကလဲ လှပါပေတယ်။ ဖတ်ကြည့်ကြစေချင်ပါတယ်။ နောက်ထပ် အဲသလို ဖော်ပြချင်တဲ့ ကဗျာတွေ အများကြီးပါ။ နောက်ဆုံးတပုဒ်က တကယ့်ကိုယ်တွေနဲ့တူပါရဲ့။ စိတ်ကူးယဉ်ပြီးဖွဲ့ဖို့ မလွယ်တဲ့ ကဗျာပါ။ မျက်မမြင်သူတောင်းစားကြီးက ဗိုလ်ချုပ်ရုပ်ပုံကားချပ်ကို ဈေးမဆစ်ဘဲ ဝယ်သွားပုံအကြောင်း ကဗျာပါ။“ တနပ်စာလျော့သွားလဲ ဘာအရေးလဲ၊ ငါတို့ကျေးဇူးရှင်ကြီး ” လို့ ပြောပြီးဝယ်သွားတော့ ရုပ်ပုံရောင်းသူကလဲ အံ့အားသင့်၊ ဈေးများဆစ်ဖို့ကြံနေတဲ့ မိန်းမကြီး(သူတောင်းစားကြီးရဲ့ ဇနီး) ကလဲ အံ့အားသင့်။ ကြားက ကဗျာဆရာကတော့ ဒီမြင်ကွင်းကို ကြည့်ပြီး မျက်ရည်လည်မိလို့ “ အမှတ်တရ ” ကဗျာဖွဲ့မိပါသတဲ့။

    ဆက်လက်ပြီး အထူးဖတ်စေချင်တာတွေကတော့ မောင်ခင်မှိုင်း(ချောက်)ရဲ့ ဗိုလ်ချုပ်သာရှိရင်၊ ခိုင်မွန် ရဲ့ “ အတွင်းကြေ”၊ မောင်သစ်ဝေ(မြင်းခြံ) ရဲ့ “ ကျည်ဆ့ ၁၃တောင့်ကြောင့် ဗိုလ်ချုပ်မသေခဲ့ဘူး ”၊ မောင်စိမ်းသစ် ရဲ့ “ သူငယ်ချင်း ”၊ မခြူးအထက၁ (ကျောက်မဲ) ရေးတဲ့ “ ဗိုလ်ချုပ်ဝတ်စုံ ၊ နိုင်မွန်အောင်သွင် ရဲ့ “ အာဇာနည်အလံတော် ”၊ ညီညီမင်း (ကျောက်မဲ)ရဲ့ “ ခေတ်သစ်ကေးဝဋ်ပုဏ္ဏားများ ” ၊ မောင်လွမ်းဏီ ရဲ့ “ မြေလတ်သား လောဘ ” စတဲ့ စတဲ့ ကဗျာများ။ မလွတ်တမ်း ဖတ်ကြည့်ပါ။

    အမှာစာကတော့ ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ပါ။ ဦးတင်ဦးက ကဗျာဆရာ တွေရဲ့ ဂုဏ်ရောင်ပြောင်တဲ့ လုပ်ရပ်များကို ဂုဏ်ပြုပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်က “ ကဗျာဆိုတာ ” ကို ဖွင့်ဆိုထားပါတယ်။ အမှာစာတွေရော၊ ကဗျာတွေရော ဖတ်လို့မဝ။ ဖတ်သာကြည့်ကြပေရော့။ ဆန်းရာပြည့်ပေကိုး။

မောင်စွမ်းရည်  ၂၀၁၅ စက်တင်ဘာ ၂