မောင်မိုးသူ - ပိုင်ရှင်မဲ့ဘကြီးမိုး


မောင်မိုးသူ - ပိုင်ရှင်မဲ့ဘကြီးမိုး
(မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅

ကုမုဒြာ သတင်းဂျာနယ်၊ ၂၉ စက်တင်ဘာလ ၂၀၁၅ ရက်နေ့ပါ မောင်မိုးသူ၏ ဆောင်းပါးဖြစ်ပါသည်။

ဘကြီးမိုးတို့ မြန်မာပြည်ဟာ အလွန်အလွန် ထူးဆန်းအံ့ဩစရာကောင်းတဲ့ တိုင်းပြည်ခင်ဗျ။ကမ္ဘာကျော်ရစ်ပလေရဲ့  ယုံချင် ယုံ မယုံချင်နေ အခန်းကို ပို့ရမယ်ဆိုရင် ကျန်တဲ့နိုင်ငံတွေ ပန်လန်လက် ပက်လက်လန်သွား နိုင်လောက်တယ်ခင်ဗျ။ဘယ်နိုင်ငံ ဘယ်ကမ္ဘာမှာမှ မကြားဖူး မကြုံဖူးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်။အဲသည်လို ဖြစ်ဖြစ်နေလို့လည်း ဘကြီးမိုးတယောက် က မောက်ကမတွေကို ဇောက်ချပြီး စာတွေရေးနေနိုင်တာပေါ့။

ကဲပါ ကြာပါတယ်။ပထမဆုံးပိုင်ရှင်မဲ့ အကြောင်းပြောပြမယ်။ ကမ္ဘာမှာ ဒုတိယအများဆုံး၊ အာရှတိုက်မှာ အများဆုံး ဖြစ်တဲ့ မူးယစ်ဆေးပြားတွေ ဘယ်နှစ်ဘီလျံဖိုးဆိုလား၊ ကားကြီးတစီးပေါ်မှာ ကျကျနန ထုပ်ပိုးထားတာခင်ဗျ။ အဲသည်လောက် များပြား တန်ဖိုးကြီးမားတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရရှိရာမှာ ပိုင်ရှင်မဲ့တဲ့ခင်ဗျ။ သည်နောက်လည်း သာကေတမှာဆိုလား ဟိုနားမှာဆိုလား၊ မူးယစ်ဆေးဝါးတွေကို  လမ်းဘေးနေရာတွေမှာ အထုပ်လိုက် ဖမ်းဆီးရမိပြန်သတဲ့။ ဒါတွေလည်း ပိုင်ရှင်မဲ့ပဲခင်ဗျ။ဘာကြာသေးသတုံး၊ မနေ့တနေ့ကတောင် ပိုင်ရှင်မဲ့ဆိုတဲ့ တရားခံပြေးတယောက်ရဲ့ ပိတ်ထားတဲ့အိမ်တလုံးမှာ ပိုင် ရှင်မဲ့ မူးယစ်ဆေးပြားနဲ့ ဖင်ဆီဒိုင်းပုလင်းတွေ အများကြီး အများကြီးဖမ်းဆီးရမိသတဲ့။ ဒါလည်း ပိုင်ရှင်မဲ့ပဲခင်ဗျ။

သည်လောက်များပြား တန်ဖိုးကြီးတဲ့ မူးယစ်ဆေးဝါးတွေကို ကုန်ကားကြီးတစီးပေါ်မှာတွေ့၊ လမ်းဘေးမှာတွေ့၊ ခမ်းနားလှပ တဲ့ အိမ်ကြီးတလုံးမှာတွေ့၊ အဲသည်လိုတွေ့တွေ့နေတာတွေ အားလုံး အားလုံးပိုင်ရှင်မဲ့ပဲခင်ဗျ။

သည်လောက် များပြားတဲ့မူးယစ်ဆေးဝါးတွေဟာ ဘကြီးမိုးတို့ မြန်မာပြည်တွင်းမှာပဲ ထုတ်လုပ်ထားလို့ဖြစ်မှာပဲပေါ့။ ဆေး ပြားဆိုတာ ဓာတုပစ္စည်းပဲ။ဟိုယခင်က ဘိန်းတို့ ဘိန်းဖြူတို့လို ဘိန်းပင်ကရတဲ့ သီးနှံပစ္စည်းမဟုတ်လေတော့ ဓာတုပစ္စည်း တွေကို အဝတ်လျှောက်စက်လောက် စက်ကလေးတွေနဲ့လုပ်၊ ဆေးပြားရိုက်လို့ရသတဲ့။ ပြီးခဲ့တဲ့အပတ်ကပဲ မူးယစ်ဆေးဝါးနဲ့ ဘကြီးမိုးဆိုပြီး ကမ္ဘာပေါ်မှာ ဘိန်းဘုရင်လို့နာမည်ကြီးခဲ့တဲ့ လော်စစ်ဟန်ဆိုရင်လည်း ငါတို့နိုင်ငံကပဲလို့ ဂုဏ်ယူရေးခဲ့ မ ဟုတ်လား။

အခုလည်း ဆေးပြားကိစ္စမှာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး၊ အာရှတိုက်မှာ တန်ဖိုးအများဆုံးဆေးပြားတွေမိတာ ပိုင်ရှင်မဲ့တဲ့ခင်ဗျ၊နောက်ဆက်တွဲ ဆေးပြားတွေ တန်ဖိုးကြီးကြီးတွေအားလုံး ပိုင်ရှင်မဲ့တွေချည်းပဲခင်ဗျ။ သည်လောက် တန်ဖိုး ကြီးမားတဲ့ မူးယစ်ဆေးဝါးတွေဟာ ဘာကြောင့် ဘယ်လိုများကြောင့် ပိုင်ရှင်မဲ့ဖြစ်နေရသလဲလို့ စဉ်းစားမိတယ်။ စဉ်းစားရင်း စဉ်းစားရင်း ဘကြီးမိုးတို့ မြန်မာနိုင်ငံမှာ ပိုင်ရှင်မဲ့တွေ ပေါလိုက်များလိုက်တာလို့ စဉ်းစားမိတယ်ခင်ဗျ။

ဘကြီးမိုးတို့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကျွန်းသစ်တွေထွက်တဲ့နိုင်ငံလို့ နာမည်ကြီးပါတယ်။ ဒါပေမဲ့ အခုတော့ကုန်ပေါ့လို့ နာမည်ကြီး နာမည်ကျော်ပါတယ်။ မြန်မာနိုင်ငံရဲ့ သစ်တောကျန်ရှိမှုဟာ ၂၀ ရာခိုင်နှုန်းလောက် ကျန် တော့တယ်ဆိုလားပဲ။ မြန်မာနိုင်ငံက သစ်တောတွေကို မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေက သစ်ခိုးခုတ်၊ သစ်ခိုးထုတ်ကြ ရုံသာမကဘူး အိမ်နီးနားချင်းနိုင်ငံများက သစ်ခိုးခုတ်၊ သစ်ခိုးထုတ်တဲ့သူတွေက ဘယ်လောက်တောင်များသလဲဆိုရင် ဖမ်းမိသမျှ သစ်လုံးတွေ အများကြီး အများကြီးဟာလည်း ထူးထူးခြားခြားပဲ ခင်ဗျ `ပိုင်ရှင်မဲ့´ တွေ ဖြစ်ကြသတဲ့။

အများကြီး အများကြီး တန်ဖိုးရှိတဲ့ သစ်လုံးတွေဆိုတာ မူးယစ်ဆေးဝါးလို ကားတစီးတိုက်၊ အိမ်တလုံးထဲမှာ လမ်းဘေးမှာ တွေ့သလို မဟုတ်နိုင်ဘူးလေ။ သစ်လုံးတွေက အထုအထည်ကြီးတယ်လေ။ တင်ထားတဲ့ကားတွေကလည်း အကြီးကြီးပဲ ပေါ့ခင်ဗျ။ ဒါပေမဲ့ ထူးထူးခြားခြား တိုက်ဆိုင်မှုကတော့ `ပိုင်ရှင်မဲ့´ ဆိုတဲ့စကားပဲခင်ဗျ။

 ပိုင်ရှင်မဲ့ဆိုတာ တရားမဝင် လုပ်ကိုင်ကြသူများ၊ တရားမဝင်သစ်ခိုးခုတ်၊ သစ်ခိုးထုတ်သူများမို့သာ သစ်လုံးတွေကိုထားခဲ့ပြီး `ပိုင်ရှင်မဲ့´ လုပ်တာပဲပေါ့။
ထို့အတူ မူးယစ်ဆေးဝါးတွေ တန်ဖိုးကြီးကြီးမားမား၊ အဆမတန် တန်ဖိုးကြီးတွေတောင် ပိုင်ရှင်မဲ့အဖြစ် ထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ကြတာပဲပေါ့နော်။

သည်တော့ ပိုင်ရှင်မဲ့ဆိုတဲ့စာလုံးဟာ တရားမဝင် ခိုးထုတ်၊ ခိုးခုတ်၊ ခိုးလုပ်ကြသူများက စွန့်ပစ်ထားခဲ့ရာက ပိုင်ရှင်မဲ့ဆိုတဲ့ စကားလုံး ဖြစ်ပေါ်လာတာပေါ့နော်။

အဲသည် ပိုင်ရှင်မဲ့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာ အတော်ကြီးကျယ်၊ အတော်ချမ်းသာကြတာ သေချာတယ်ခင်ဗျ။ ဖမ်းမိခဲ့တဲ့ဆေး ပြား တွေ၊ သစ်လုံးတွေဟာ သူတို့ သူတို့တွေအတွက် ပါးပါးလေးလောက်ပဲရှိတယ်ထင်ပါရဲ့။ ဒါကြောင့်သာ ပစ္စည်းသာအမိခံပြီး လူတွေ လူတွေက ထွက်ပြေးကြတာပေါ့ခင်ဗျ။

ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးတို့၊ သစ်လုံးကားတွေထားခဲ့တဲ့လူတွေဟာ လက်ဖျား လက်နား ခိုင်းဖတ်လောက်သူများသာ ဖြစ်နိုင် ပါတယ်။ အဲသည်လောက်များပြားတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့သူများဟာ ပြည်တွင်းသာမက ပြည်ပဈေးကွက်ကိုပါ ဖြန့် ချိနိုင်တဲ့အဆက်အစပ်ရှိကြသူများပဲ ဖြစ်ရပေမှာပေါ့။

သစ်ခိုးဂိုဏ်း၊ မူးယစ်ဆေးဝါးထုတ်လုပ်သူများဟာ ကျောထောက်နောက်ခံများ ရှိနိုင်ပါတယ်။

တစ်လောကပဲ တရုတ် သစ်ခိုးထုတ်လုပ်သူများ ထောင်ဒဏ်နှစ်ရှည်ကျခံဖို့ အမိန့်ချမှတ်ပြီး ဆယ်ရက်နှစ်ပတ်လောက်အတွင်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်သွားတာကိုလည်း တွေ့သိလိုက်ရပါတယ်။အံ့ဩစရာပါပဲ။

အားလုံးပေါင်းလိုက်ရင် ဘကြီးမိုးတို့ မြန်မာပြည်ဟာ ပိုင်ရှင်မဲ့သစ်ခိုးဂိုဏ်းကြီးတွေ ပေါ်ထွန်းလာတာတွေ့ရတဲ့အတွက် ဘ ကြီးမိုးတို့ မြန်မာပြည်ဟာ ပိုင်ရှင်မဲ့တိုင်းပြည်များ ဖြစ်နေလေရော့သလားရယ်လို့။

ပိုင်ရှင်မဲ့ ဘကြီးမိုးပါ။



သရုပ်ဖော် ကာတွန်း - စောငို