ငြိမ်းချမ်းအေး - ကံကောင်းပါစေ ဗမာပြည်


ငြိမ်းချမ်းအေး - ကံကောင်းပါစေ ဗမာပြည်
(မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅

‘NLD’ အလံထောင်ပြီး ဆိုက်ကားနင်းနေတဲ့
အိန္ဒိယနွယ် ဆိုက်ကားဆရာကြီး..
ဈေးထိပ်က ခွပ်ဒေါင်း တလွင့်လွင့်နဲ့
ဆိုက်ကားများ..

အခြေခံလူထု နိုင်ငံရေးဆိုတာ
‘ဘဝပေးအသိ’ နဲ့ ‘မျှော်လင့်ချက်’ က လာတယ်၊
‘ရန်သူ’ ‘မိတ်ဆွေ’ ကွဲတယ်၊
‘ဓမ္မ’ နဲ့ ‘အဓမ္မ’ စည်းခြားတယ်၊
‘အဖြူ’ ‘အမည်း’ ထင်ရှား သိမြင်တယ်၊
‘အမှား’ နဲ့ ‘အမှန်’ ကွဲပြားတယ်။

သမိုင်းမှာ မှတ်ကျောက်တင်
ဆန္ဒမဲပြားတွေကနေတဆင့်လည်း
အဆိုး-အကောင်း ခွဲ ‘ခြစ်’ တတ်ခဲ့တယ်..။

တိုင်းပြည်အပေါ်
လမ်းပေါ်မှာ၊ မဲရုံမှာ၊ နေရာတိုင်းမှာလည်း
တာဝန်သိ၊ သစ္စာရှိ
‘ချစ်’တတ်ခဲ့ကြတယ်..။

ဗမာပြည် လူထု လူမျိုး ဘာသာစုံလောက်
တာဝန်ကျေတဲ့ ပြည်သူမျိုး မရှိဘူး..။

ဗမာပြည်လောက် ဆိုးလှတဲ့
နိုင်ငံရေးဖြစ်စဉ် ကြမ္မာဆိုး ခရီးကြမ်းလမ်း၊
တာဝန်ခံမှု အားနည်းလှတဲ့
ဦးဆောင်နိုင်ငံရေးပါတီနဲ့
ခေါင်းဆောင်မှုမျိုးလည်း မရှိဘူး..။

သမိုင်းအဆက်ဆက်ပဲ..
ဝမ်းနည်းစရာကောင်းလှတယ်..။

ကဗျာဆရာ နေဇော်နိုင်က
‘နိုဝင်ဘာမှာ စိုက်ပျိုးပါ’ ဖွဲ့ခဲ့တယ်..။

စိုက်သမျှ မရိတ်နိုင်ခဲ့တာ ဘယ်သူတွေလဲ ??
ဒီမေးခွန်းလည်း သမိုင်းလှန် မေးဖို့ လိုတယ်..။

လူတစု ပါတီ အလိ (Elite) ပါတီ၊
Technocrats များနဲ့ သာယာနေတဲ့ ပါတီ၊
မ-ဘ-သနဲ့ စစ်ဗိုလ်ချုပ်များကို
မျက်မွှေးထော် မော်လို့ မကြည့်ဝံ့တဲ့ ပါတီ
မဟုတ်ဖို့လိုတယ်..။

လူထုပါတီ
စစ်စစ် ဖြစ်ဖို့ လိုတယ်..။

ပြည်ထောင်စုပါတီ၊
လူမျိုးစုစုံပါတီ
ဖက်ဒရယ် အိပ်မက်
စကားနဲ့မဟုတ် လက်တွေ့ပြနိုင်ရမယ်..။

ကိုယ်စားလှယ်တိုင်း
‘အမေယိမ်း’ မကကြဖို့လည်း လိုတယ်။

ဒီမိုကရေစီဟာ
ယိမ်းကနေတာမဟုတ်၊
ညီစရာမလို။

ဒီမိုကရေစီမှာ
ခေါင်းဆောင်ကို ကိုးကွယ်စရာမလို။

ဓမ္မ၊ တရားမျှတမှု၊ အမှန်တရားနဲ့
ပြည်သူလူထုသည်သာ
ဦတင် ကိုးကွယ်ရာ..။

အဓမ္မ၊ မတရားမှု၊ အမှားအစုစုသည်
ဆန့်ကျင်ရာ..။

ပြည်သူ့ကိုယ်စားလှယ်များ
ပြည်သူကို တကယ်ကိုယ်စားပြုနိုင်ဖို့
အသံတွေထွက်ကြပါ..။

မတရားမှုတွေကို
ကျယ်ကျယ်လောင်လောင်
အော်ဟစ်ကြပါ။

တေမိနိုင်ငံရေး
ဝစိပိတ် လွှတ်တော်
ခွေးတူဝက်တူ ဒီမိုကရေစီ
အသေမွေးခဲ့တဲ့
စစ်ဗိုလ်ချုပ်ကြီးများရဲ့
စစ်တပ်နည်း စစ်တပ်ဟန်
သမိုင်းဝင် အပြောင်းအလဲ
နိုဝင်ဘာအကုန်မှာ
‘အမှန်’ အဆုံးသတ်ကြပါ..။

နှင်းဆီပန်းများနဲ့ သေနတ်များအလား
နိုဝင်ဘာမိုးနဲ့အတူ အောင်ပွဲဆီ
‘အမှန်’ ချီတက်ကြပါ..။

ဒီလိုစကားလုံးတွေ
၂၀၁၂ ‘ဧပြီအရူးများနေ့’ အပြီး
အန်ထုတ်ဖူးခဲ့ပါရဲ့..။

ဒါပေမဲ့ ၃ နှစ် အကြာ..

တကယ်မရူးပါဘဲ
ခေတ် ‘ကောင်း’ လို့
ရူးချင်ယောင်ဆောင်နေကြတဲ့
အရူးပါးတွေ မင်းမူကျက်စားတဲ့
ရွှေပြည်ကြီးရဲ့
‘April Fools’ နဲ့ အတူ
‘အရူးလုပ်ခြင်း’ ကို
သိလျက်နဲ့ ..
‘သိဒ္ဓိ’ တင်ပေးခဲ့ကြတဲ့
ဒီနှစ်များ…

အတန်းထဲ အသစ်ရောက်လာလို့
ဈေးခေါ်ကောင်းနေတဲ့ သူလို
ကမ္ဘာ့ ကာလသား ပန်းဦးဆွတ်ချင်သူတွေ
ဝိုင်းဝိုင်းလည်ခဲ့တဲ့
ဒီနှစ်များ…

ကိုကာကိုလာ၊ ကေအက်ဖ်စီ၊ ကေပေါ့
ဟီလာရီ၊ အိုဘားမားကနေ
ဘုန်းတော်ကြီး တူးတူး အလယ်
မိုက်ကယ်လန်း အဆုံး ဦးခိုက်ရတဲ့
ဘုရားစူး ဒီမိုကရေစီ
နံပါတ်တုတ်ပြီး၊ ကျည်ဆန်ပြီး၊ မီးကွင်းဆေးထိုးရတဲ့
ဘုရားတ ပြုပြင်ပြောင်းလဲမှုကြီးတွေအပြည့်နဲ့
ဒီနှစ်များ…

မိုဘိုင်းဖုန်းတွေ ဈေးမကျဘဲနေပါ့မယ်၊
ကားမော်ဒယ်အသစ်တွေ မသွင်းရရင် ဒုက္ခဖြစ်သွားမယ်၊
အင်တာနက်တွေ ပိုနှေးသွားပါ့မယ်၊

ဒီလို ..

‘သူတောင်းစား ထမင်းဝ’ သောကတွေနဲ့
‘နောက်ပြန်လှည့် အကြောက်’ တရားကို
ဒီမိုကရေစီ နိဗ္ဗာန်ရောက်ကြောင်း ‘အမြိုက်’ တရားအလား
ထမင်းဝနေသူ လူလည်ကြီးများက
အတွင်တွင် ဟော .. ‘ခြောက်’ ခဲ့ကြတဲ့
ဒီနှစ်များ…

ဒီလိုနဲ့…

အလုပ်သမားသပိတ်တွေ
လူတန်းစားပျက်တွေရဲ့ တံတွေးခွက် ပက်လက်မျောခဲ့ရ၊
မြေယာတိုက်ပွဲတွေ
လူ့ကပ်ပါးတွေရဲ့ အငြူစူ၊ အစောင်းမြောင်းခံရ၊
တိုင်းရင်းသားအခွင့်အရေး အသံတွေ
လူ့အန္ဓ ဗာလာနံတွေရဲ့ ပြက်ရယ်ပြု ခံရ၊
ကျောင်းသားလှုပ်ရှားမှုတွေ
စစ်အာဏာရှင်းမှိုင်းမိသူတွေရဲ့ ပြစ်တင်ဝေဖန်
ကွန်မြူနစ်နဲ့ ပေးစားခံရ..

ဒီလိုနဲ့ ..

အနာဂတ်ဒီမိုကရေစီ ဘုရားအသွင်ဆောင်
စစ်အရင်းရှင်ခရိုနီရဲ့ လူထုဇက်ပေါ် ဝဲမြဲ ဝဲမယ့် “ဓား” အတွက်
မီးလောင်ဗုံးဒဏ်ခံ နင်းပြား အငတ်ထုကြီးရဲ့
‘ကျော’ တွေ ‘တံတား’ လို ချနင်းခံခဲ့ရတဲ့
‘ဧပြီအရူးများ’ ကြီးစိုးခဲ့ရာ
ဒီနှစ်များ…

အံတကြိတ်ကြိတ်
လက်သီးတဆုပ်ဆုပ်
တောက်တခေါက်ခေါက်နဲ့
လက်ပံတောင်းကနေ
လက်ပံတန်းအထိ
ရင်ဘတ်ကြီးတွေနာ
ဖြတ်သန်းခဲ့ရတဲ့
ဒီနှစ်များ…

ဒီလိုနှစ်များ နိုဝင်ဘာနဲ့အတူ
အဆုံးသတ်နိုင်ပါ့မလား..။

သာသာယာယာ
မပူမပင် အေးအေးလူလူ
စိတ်ရှည်သည်းခံ နိုင်လောက်အောင်
အဆီယစ်နေသူ
ဖောင်းနေတဲ့ တုံးအောက်က ဖားများ
အသိမဲ့နေခွင့်သာနေချိန်..

အရာရာအကောင်းမြင်
Rose-coloured glasses
နှင်းဆီနီသွေး မျက်မှန်တပ်နေနိုင်သူ
‘Facebook Elite’ တစု
‘Facebook’ နိုင်ငံရေး၊ မဲဆွယ်ရေး
စိတ်အားတက်ကြွနေချိန်မှာ..

ဒီလို စကားလုံးတွေနဲ့
စိတ်မညစ်စေချင်ဘူး..။

အမှန်တရားဟာ ခါးသီးတယ်..
နားဝင်မချိုဘူး..
စိတ်ကူးယဉ်ချင်စရာတော့ မရှိပါဘူး..။

ငါ မှားပါစေ..
အမှန်တရား ‘မှန်’ နိုင်ပါစေ..။
ငါ ရှုံးပါစေ..
အမှန်တရား ‘နိုင်’ ပါစေ..။

Good Luck Burma!
Good Luck Her Oppressed People!

ကံကောင်းပါစေ ဗမာပြည်..
ကံကောင်းပါစေ ငါချစ်တဲ့..
အဖိနှိပ်ခံ လူမျိုး ဘာသာစုံ
ပြည်သူတွေ..။

ငြိမ်းချမ်းအေး
စက်တင်ဘာ ၂၉၊ ၂၀၁၅


မှတ်ချက် -  ‘၂၀၁၃ ဧပြီအရူးများ’ ကိုယ်တိုင်ရေး ကဗျာဟောင်းကိုလည်း ပြန်လည်သုံးထားပါတယ်။

ဆက်စပ်သတင်းနှင့် ခေါင်းစီးဓာတ်ပုံ-

စက်တင်ဘာ ၂၇၊ ၂၀၁၅ -  ဆိုက္ကားပေါင်း အနည်းဆုံး ၃ဝဝ ထက်မနည်းဟာ ဒီကနေ့မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောင်နိုင်ရေးအတွက် ပါတီအလံတွေ၊ တံဆိပ်တွေကို ဝတ်ဆင်ပြီး ရန်ကုန်ဘူတာကြီးကနေ မင်္ဂလာဈေးတစ်လျှောက်ကို လှည့်လည်ခဲ့ပါတယ်။ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံပိုစတာတွေ ကိုင်ဆောင်ထားပြီး သူတို့တွေဟာ မင်္ဂလာ တောင် ညွှန့်မြို့နယ်ထဲမှာ ထောက်ခံရေးအင်အားကို ပြသခဲ့ကြပါတယ်။

(ဓာတ်ပုံ - ကျော်ဇင်သန့်/ကမာရွတ်မီဒီယာ)