ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဝေဖန်ရေးကို မကြောက်ကြပါနဲ့


ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) - ဝေဖန်ရေးကို မကြောက်ကြပါနဲ့ 
(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၅ 

ဘယ်သူ့ကိုရယ်လို့ စွပ်စွဲရည်ညွှန်းတာ မဟုတ်ဘူး။ ဘယ်သူမဆို ကိုယ့်လိပ်ပြာ ကိုယ်သန့်အောင်လို့ ၊ ယနေ့ ကိုယ့်ရဲ့ ကြံစည်,ပြောဆို,လုပ်ကိုင်နေတဲ့ ကံသုံးပါတို့နဲ့ ပတ်သက်လို့ -

" ဆရာကလဲ သာသနာ့ဝန် ထမ်းနေတာလား? အာဏာ့ဝန် ထမ်းနေတာလား? ဒကာကလဲ- သာသနာ့ဒါယကာဖြစ်အောင် လုပ်နေတာလား? ဒါယကာ့ သာသနာဖြစ်အောင် လုပ်နေကြတာလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ဆန်းစစ်ကြ ..." လို့ တိုက်တွန်းတဲ့စာလေးတပုဒ်ရေးလိုက်တော့-

ခင်မင်ပြီးသားအရှင်လေးတပါးက- “အရင်က တခြားစာတွေကြောင့် လေးစားခဲ့ပေမယ့်၊ ဒီစာကိုဖတ်ပြီးနောက် လေးစားထိုက်သူစာရင်းထဲက ပယ်ဖျက်လိုက်ပါပြီ"
လို့တုန့်ပြန်လာပါတယ်။

ဒီစာကို ရေးရတာဟာ- ညောင်လေးပင်တောရ ဆရာတော်ဘုရားကြီးရဲ့- "မောင်ပဉ္စင်းတို့.. တာဝန်တွေကို လိုက်ရှာမနေကြနဲ့၊  ရောက်လာတဲ့တာဝန်ကိုသာ ကျေပွန်အောင်ကြိုးစားကြ၊  သာသနာ့တာဝန်တွေက အရွယ်အားလျှော်စွာ တိုးတိုးလာကြမှာ"
ဆိုတဲ့ သြဝါဒလေးကို အလေးထားမိလို့ စိတ်ကူးရလာတာပါ။

 (ဆရာတော်ဘုရားကြီးပြောတဲ့- "ရောက်လာတဲ့တာဝန်" ဆိုတာ- သာသနာ အတွက် ရောက်လာတဲ့တာဝန်လား၊ အာဏာအတွက် ရောက်လာတဲ့တာဝန်လား ... လို့ စဉ်းစားကြဖို့သတိပေးတဲ့သဘောပါ)။

ဘယ်သူ့ကိုမှ၊ ဘယ်လိုမှ၊ ဘယ်တော့မှ မစွပ်စွဲခဲ့ဖူးဘူး။ စွပ်စွဲဆဲလဲ မဟုတ်ဘူး စွပ်စွဲလတ္တံလဲ လုံးဝ မဟုတ်ဘူး။ ပုဂ္ဂလဓိဋ္ဌာန် မဘက်၊ ဓမ္မဓိဋ္ဌာန် သက်သက်မျှသာ။ ဒါ ... ကျွန်ုပ်သစ္စာ သာသနာတော်အတွက်ကလွဲလို့ ဘယ်ပုဂ္ဂိုလ်, ဂိုဏ်း, ပါတီအတွက်နဲ့ ဘာအတွက်မှ မဟုတ်ဘူး။

ရိုးသားမှန်ကန်တဲ့ တရားတော်ရဲ့ အထူးခြားဆုံး ဂုဏ်ထူးတံဆိပ်က- “ဧဟိပဿိက  ၊ လာလေ.၊ ကြိုက်သလို ဝေဖန်လှည့်"ပါပဲ။

ဒါကြောင့်- လိပ်ပြာသန့်ချင်သူတိုင်း အကျိုးပြုဝေဖန်ရေးကို ကမ်းလက်နဲ့ ကြိုပါ။

အပ္ပမာဒေန သမ္ပာဒေထ။