(၁)
"ဒန်အိုးပေါက် ဒယ်အိုးပေါက် ရေသန့်ဘူးခွံ ဘီယာဘူး ပလပ်စတစ်ပစ္စည်းတွေ ဝယ်တယ်"
မနက် ၁၁ နာရီလောက် အိမ်ရှေ့မှာ ဒီအသံကြားရပြီဆိုရင် သေချာပြီ အန်တီအေး ပင်ဖြစ်သည်။ အန်တီအေးသည် ကျွန်တော်တို့အိမ်ရှေ့ရောက်ရင် တစ်ခေါက်နားပြီး မေမေအား ...
"အမ ကျွန်မရေသောက်အုံးမယ်" ဟုပြောကာ ရေသောက်ပြီး မေမေနဲ့ ခဏစကားပြောကြသည်။ ကျွန်တော်၏ ညီအငယ်ဆုံးကိုလည်း အန်တီအေးက အရမ်းချစ်သည်။ မေမေနဲ့စကားပြောပြီးလို့ပြန်ခါနီးလျှင် ကျွန်တော့်ညီလေးအား ငယ်လေး ဘာရောင်းစရာရှိသေးလည်းဟု မေးတက်သည်။ ညီလေးကလည်း ရောင်းစရာတွေရှိရင် သူများတွေကိုမရောင်းဘူး။ အန်တီအေးလာမှ ရောင်းတတ်သည်။ အန်တီအေးသည် ဒီအလုပ်လုပ်သော်လည်း ဆင်းရဲသူတစ်ယောက်မဟုတ်ပါ။ ရင်ဝလောက်ရှိတဲ့ဆွဲကြိုးကြီးနဲ့ လက်ကောက်တွေနဲ့ ပိုက်ဆံရှိသည်။ အလုပ်မလုပ်ရရင် မနေတက်သောကြောင့် ရတဲ့အလုပ်လေး ထွက်ခြင်းဖြစ်သည်။ အန်တီအေးသည် ဒီအလုပ်ကို ကျွန်တော်ကျောင်းသားဘဝထဲက လုပ်ခြင်းဖြစ်သည်။ အန်တီအေးတွင် သား နှစ်ယောက် သမီးတစ်ယောက်ရှိသည်။ အားလုံးက အိမ်ထောင်သည်တွေဖြစ်သည်။ အန်တီအေးက သူ့သမီနဲ့သူမြေးလေးနဲ့ အတူနေသည်။
(၂)
ဒီနေ့ ကျွန်တော်ကလည်း ရုံးပိတ်သည်။ ညီလေးလည်း ကျောင်းပိတ်သည်။ ညီလေးက ရောင်းစရာပစ္စည်းတွေ ရှိသည်ထင်တယ်။ မေမေ့ကို ခဏ ခဏ အန်တီအေး လာသွားပြီလားဟု အကြိမ်ရေမနည်း မေးလေသည်။
ညီလေးမေးလျှင်လည်း မေးချင်စရာပင်ဖြစ်သည်။ အခါတိုင်းဆို ၁၁ နာရီထိုးတိုင်း အန်တီအေးအသံသည် အိမ်ရှေ့တွင်လွင့် ပျံ့လာလေသည်။ မေမေက အန်တီအေးအကြောင်းကို အစဆုံးဆိုသလောက်သိသည်။
"နင့်အန်တီအေးက ခရီးထွက်သွားတာဖြစ်ပေါ့" ဟု ညီလေးအား မေမေက လှမ်းပြောသည်။ အန်တီအေး၏ သားအကြီးဆုံး သည် ကျောက်စိမ်းလုပ်သည်ဟု ကျွန်တော် နည်းနည်းသိထားသည်။ တစ်ခါတစ်ခါ အန်တီအေးက ကျောက်စိမ်းတွေကို သူ့သားကိုယ်စား တရုတ်ပြည်နယ်စပ်ဘက်ကို မှောင်ခိုသွားရောင်းသည်။ အန်တီအေးပြန်လာလို့ အိမ်ရောက်လာလျှင်လည်း သူ့ရဲ့အတွေ့အကြုံတွေကို မေမေအားပြောပြသည်။ မေမေကလည်း စိတ်ရှည်စွာနားထောင်ပေးသည်။ တစ်ခါ တစ်လေ အန်တီအေး ဈေးတောင်းထဲတွင် စံပယ်ပန်းရာသီဆို စံပယ်ပန်းစသည့်ဖြင့် ရာသီလိုက်ပန်းလေးတွေတွေ့ရတော့ ကျွန်တော်ကလည်း စပ်စုမိသည်။
"အန်တီအေး အဲဒီပန်းတွေက ဘယ်သူ့အတွက်လည်း"
"အိမ်က သမီးလေးအတွက်လေ ငယ်လေး။ ပေါ်ဦး ပေါ်ဖျားလေး။ သူက ပန်းဆိုကြိုက်တယ်။ အဲဒါကြောင့် ဝယ်သွားတာ" ဟု ကျွန်တော့်ကိုပြောပြသည်။ အန်တီအေးသည် သားသမီးတွေကို အလွန်ချစ်သလို သမီးကမွေးထားတဲ့မြေးကလေးကို ချစ်သည်။ သရက်သီးပေါ်ချိန်ဆို မေမေက သရက်သီးအချဉ်ပေါက်တဲ့အလုပ်လုပ်လုပ်သည်။ ထိုချိန်တွေ အန်တီအေးလာပြီ ဆိုလျှင်
"အမ ကျွန်မကို သရက်သီးအစိမ်းလေး သုံးလေးလုံးလောက်"
မေမေကလည်း
"ယူလေ မအေး ယူပါ" ဆိုပြီး ကျွတ်ကျွတ်အိပ်တွေထုပ်ပေးပြီး အန်တီအေးစိတ်ကျထည့်ခိုင်းသည်။ ဒီတစ်ခါမှာလည်း ကျွန်တော်ကမနေနိုင်ပဲ စပ်စုမိပြန်သည်။
"အန်တီအေး ဒီသရက်သီးတွေ အန်တီစားဖို့လား"
"မဟုတ်ဘူးငယ်လေး မြေးလေးအတွက်ပါ။ သမီးအငယ်က မွေးထားတာလေ။ မြေးလေးကသရက်သီးအစိမ်းသုတ်ဆို အ ရမ်း ကြိုက်တာ" ဟု အန်တီအေးက ပြောပြလေသည်။
ထို့နေ့ကအန်တီအေးကိုကျွန်တော်နောက်ဆုံးတွေ့လိုက်ခြင်းဖြစ်သည်။ ကျွန်တော်တို့ရပ်ကွပ်ထဲတွင်လည်း နေ့လည် ၁၁ နာရီထိုးတိုင်း အန်တီအေးရဲ့
"ဒန်အိုးပေါက် ဒယ်အိုးပေါက် ရေသန့်ဘူးခွံ ဘီယာဘူး ပလပ်စတစ်ပစ္စည်းတွေဝယ်တယ်" ဆိုတဲ့အသံလေး မကြားသည်မှာ လအတော်ကြာခဲ့ပြီသည်။
(၃)
ဒီနေ့ တနင်္ဂနွေနေ့ ကျွန်တော်ရုံးပိတ်သည်။ အပြင်သွားစရာရှိသဖြင့် ရေမိုးချိုးပြီးအဝတ်စားလည်း၍ အပြင်ထွက်အလုပ်တွင်မထင်မှတ်ပဲ အန်တီအေးတစ်ယောက် အိမ်ရောက်လာသည်။ ခေါင်းပေါ်တွင်လည်း ပစ္စည်းထည့်ဖို့တောင်းမတွေ့။ နောက် အန်တီအေး လမ်းလျှောက်လာပုံက ပုံမှန်အတိုင်းအမဟုတ်ပဲ ခန္ဓာကိုယ်တစ်ခြမ်းဆွဲကာ လမ်းလျှောက်သည်။ အိမ်ရှေ့ ရောက်တော့ ထုံးစံအတိုင်း မေမေက "လာ မအေးထိုင်" လို့ဆိုပြီး ခရီးဦးပြုလိုက်သည်။ ပြီးတော့ မေမေကစကားစပြော သည်။
"မအေး ဈေးရောင်းလည်းမထွက်ဘူး ချမ်းသာသွားပြီနဲ့တူတယ်။ မအေးဖောက်သည်လေးကတောင် ရောင်းစရာပစ္စည်းတွေ ရှိလို့ဆို မအေးကိုမျှော်နေတာ" လို့ မေမေစကားပြောပြီးအဆုံးတွင် အန်တီအေး၏ ပါးပြင်ပေါ်တွင် မျက်ရည်စတွေ စီးကျ လာသည်။ အဲနောက်တော့ တရှုံ့ရှုံ့ငိုလေသည်။ မေမေကလည်း မေးသည်။
"မအေး ဘာဖြစ်လို့လဲ ပြောလေ။ ကျွန်မတို့ကူညီနိုင်တာဆို ကူညီမယ် ဘာအခက်ခဲရှိလဲပြော မအေး"
"ဒီလိုပါ အမ ကျွန်တော် ဈေးရောင်းမထွက်တာက ကျွန်တော်သွေးတွေတအားတက်ပြီး လေဖြတ်မလိုဖြစ်သွားတာ။ အင်္ဂလိပ်ဆေးရော မြန်မာတိုင်ရင်းဆေးနဲ့ပါ ကုလိုက်ရတယ်။ ကျွန်မ စုထားတဲ့ပိုက်ဆံလေးနဲ့ လက်ဝတ်ရတနာအားလုံး အကုန်ကုန်တာပဲအမ"
"အခုမှ လမ်းလျှောက် နိုင်တာလေ။ ပြီးတော့အခု ကျွန်မ အရင်အလုပ်မလုပ်တော့ဘူး။ အိမ်တကာမှာ လှည့်တောင်းနေတဲ့ သူတောင်းစားမကြီး မအေးဖြစ်နေပြီ အမ"
ကျွန်တော်နှင့် မေမေမှာ အလွန်အံ့သြသွားသည်။ ကျွန်တော်တို့ ရပ်ကွပ်တစ်ရပ်ကွပ်လုံးက အန်တီအေးကို ချစ်ကြသည်။ ပြီးတော့ အန်တီအေးအကြောင်းကို အစဆုံးလိုလိုသိကြသည်။ သူ့သားသမီးတွေကလည်း ကျောက်စိမ်းပွဲစားတွေလေ။ ဒါနဲ့ ကျွန်တော်ကလည်းဝင်ပြီး အန်တီအေးကို စကားလှမ်းပြောလိုက်သည်။
"အန်တီအေးကလည်း ဘာလို့တောင်းစားရမှာလည်းဗျ။ အန်တီအေး ကျန်းမာခင်အချိန်က သားသမီးတွေကို အန်တီအေးပဲ လုပ်ကျွေးလာတာလေ။ သူအိမ်မှာ သွားနေပေါ့။ သားသမီးတော့ ကိုယ့်မိဘကိုပစ်မထားပါဘူး အန်တီအေးကလည်း။ အန်တီ အေးလာရင် သူတို့တွေ သိပ်ပျော်နေမှာပါ"
"ငယ်လေးရယ် အမ သားသမီးတွေမှာ မင်းလို စိတ်လေးနည်းနည်းလောက်ရှိကောင်းမယ်"
မေမေကဝင်မေးလိုက်သည်။
"ဘာလို့လည်းမအေး"
"ဒီလိုပါ ကျွန်မနေမကောင်းဖြစ်ပြီး အိမ်ရာထဲက မထနိုင်တဲ့အချိန်ကျတော့ ကျွန်မမှာ စားစရာမရှိတော့ဘူးလေ။ ငွေလည်းတော်တော်ကုန်နေပြီ။ါနဲ့ ဘားအံ့က သားကြီးဆီ ငွေနည်းနည်းလောက်ပို့ပေးဖို့ ဖုန်းဆက်ပြီးလှမ်းပြောတယ်။ ဒါပေမယ့် သားကြီးက ဖုန်းမကိုင်ဘူးအမရယ်။ ဒါနဲ့သားငယ်ဆီ ပြောင်းပြီးဆက်တယ်။ သူလည်းဖုန်းမကိုင်ဘူး။ နှစ်ယောက်လုံးဆီကို ဆယ်ခါ ဆယ့်ငါးခါလောက်ခေါ်တယ်။ တစ်ယောက်မှ မကိုင်ကျဘူး။ ဒါနဲ့ကျွန်မလည်း အိမ်မှအတူနေတဲ့ သမီးငယ်လေးကို ကျွန်မကို ထမင်းနည်းနည်းလောက်ကျွေးဖို့ပြောတော့။ သူကပြန်ပြောတယ် မကျွေးနိုင်ပါဘူးတော်။ အခုတစ်လော တော့ လုပ်စာဘယ်နှပြားရှိလို့လဲ။ အိမ်မှာထမင်းလည်း မချက်ဘူး။ ချက်လည်း တော်နှိုက်စားမှာဆိုးလို့မချက်တာလို့ ကျွန်မကိုပြောတယ်အမရယ်"
"သူသား ကျွန်မမြေးလေးကို ကျွန်မနဲ့စကားမပြောခိုင်းဘူးလေ။ တစ်နေ့ ကျွန်မလည်းမျက်နှာကောင်းလေးများရမလားဆိုပြီး ထမင်းအိုးထဲ ဆန်ထည့်ပြီးချက်ပေးဖို့အလုပ် ထမင်းအိုးကိုင်တဲ့လက်က ကိုင်လို့ကိုင်မှန်းမသိဘူးလေ။ အဲဒီတော့လွတ်ကျ တယ်လေ"
"ကျွန်မကိုပြောလိုက်တာများ ရစတာမရှိအမရယ်။ ဒါနဲ့ ကျွန်မလည်း သမီးကိုပြန်ပြောတာပေါ့။ ငါထမင်းစားချင်လို့ပါအေ။ အဲဒါကြောင့် မျက်နှာကောင်းလေးများရမလားဆိုပြီး လုပ်လိုက်တာ"
"မကျွေးနိုင်ပါဘူး။ တော်ရှာထားတာဘယ်နှစ်ပြားရှိလည်း" လို့လည်း သမီးကပြောတယ်အမရယ်။ ဒါနဲ့အိမ်ဘေးက ကြားတော့ ကျွန်မအတွက် အဲဒီနေ့စားဖို့ဆိုပြီး ထမင်းလေးလာပေးတယ်။ ကျွန်မလည်း အဲဒီထမင်းလေးကို ညမနက်ခွဲစားတယ်အမ။ အခုလည်း သူတို့ပြောတာမခံချင်လို့ တောင်စားမယ်ဆိုပြီးထွက်လာတာ။ ငါ့ကိုအိမ်မှာတော့ နေခွင့်ပေးပါလို့တောင်း ပန်ပြီး နေနေရတယ်။ အခုလည်း အမတို့ရပ်ကွပ်ရဲ့ဟိုဘက်ရပ်ကွပ်က အမတစ်ယောက်က ဆန်တစ်ပြည်နဲ့ပိုက်ဆံပေးလိုက်တယ်။ မသယ်နိုင်လို့ မသယ်လာသေးဘူး။ အပြန်ကြလည်း ဆိုက္ကားငှားပေးလိုက်မယ်တဲ့။ အခု အမတို့ရပ်ကွက်ဘက်ကူးလာတာ။ သူတို့ကို ကျွန်မစိတ်မဆိုးပါဘူးအမ။
မေမေကလည်း အမရယ် ဖြစ်မှဖြစ်လေ။ အချိန်မရွေး ကျွန်မတို့အိမ်ကို ဝင်ထွက်လို့ရတယ်။ ထမင်းလည်း စားလို့ရတယ်အမဆိုပြီပြောတော့ အန်တီအေးတစ်ယောက် ပါးပြင်ပေါ်တွင် မျက်ရည်တွေစီးကြလာသည်။
အဲဒီနောက်တော့ရပ်ကွပ် ထဲကလူတွေကလည်း အန်တီအတွက် ထမင်းဖိုးလေးပေးလိုက်သည်။ ပြီးတော့ အန်တီအေးက နှုတ်ဆက်ပြီး ဒရွတ်ဆွဲနေသောခြေလှမ်းများဖြင့် ဖြေးဖြေးခြင်းလျှောက်သွားလေသည်။
အန်တီအေးလို အမေမျိုး အပြင်မှာတကယ်ရှိပါလားဆိုပြီး တွေးမိသည်။ မိဘတို့၏ မေတ္တာတရားသည် ဘယ်သောအခါမှ ခမ်းခြောက်မသွားပေ။ အပေးသာရှိပြီး အယူမရှိသူတို့မှာ မိဘပင်ဖြစ်လေ။ အန်တီအေးတစ်ယောက်လည်း ဒီဘဝမှ အမြန်လွတ်ပြီး သားသမီးတွေလည်း အမြန်မြင်မှန်ရဖို့သာ အိပ်ရာဝင်တိုင်း ဆုတောင်းပေးနေမိသည်။
(မှတ်ချက်။ ။ဤဝတ္ထုတိုလေးမှာ စာရေးသူ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး နားဖြင့်စပ်စပ်ကြားခဲ့ရသော ဖြစ်ရပ်မှန်ဝတ္ထုတိုလေး ဖြစ်ကြောင်း ဝန်ခံပါသည်။)
ချစ်ခြင်းအားဖြင့်
ချမ်းမြ