သာထက်အောင် - အုန်းထွန်းကိုသာ သတိရမိသေးတော့

သာထက်အောင် - အုန်းထွန်းကိုသာ သတိရမိသေးတော့
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅

၇၀ ခုနှစ်စွန်းစွန်းကာလတစ်ခုမှာ ကျွန်တော်ဟာ ရန်ကုန်နာနတ်တောရပ်ကွက် (၀ဂ္ဂီ) မှာရှိတဲ့ အပြင်အဆောင်မှာနေခဲ့ဖူးပါ တယ်။ မန္တလေး Transfer မို့ အစိုးရအဆောင်လျှောက်ခွင့်မရှိတဲ့စနစ်ကြောင့် ကျောင်းနဲ့နီးတဲ့ ၀ဂ္ဂီရပ်ထဲမှာပဲ တစ်လ 25 ကျပ်ပေးပြီး သူငယ်ချင်းသန်းဇော် (ကွယ်လွန်) နဲ့ အတူနေခဲ့ကြပါတယ်။

ကျွန်တော်က လောင်းကစားအထုံဝါသနာမကြီးလှပေမယ့် ကျွန်တော့်အခန်း ပါတနာ သန်းဇော်ကတော့ ဖဲရိုက် အလွန်ဝါ သနာကြီးပါတယ်။ လွတ်လပ်တဲ့အပြင်အဆောင်တို့ ထုံးစံတစ်ပတ် ၂ ခါ၊ ၃ ခါ လောက်တော့ ဖဲဝိုင်းရှိတတ်ပါတယ်။ ကျွန် တော်လည်း အိမ်ပြည့်၊ အပျင်းပြေ စတဲ့အကြောင်းများနဲ့ မကြာမကြာ ၀င်ကစားတတ်ပါတယ်။

ကျွန်တော်တို့ အဆောင်နဲ့မျက်စောင်းထိုးမှာ နှစ်ထပ်တိုက်ကြီးတလုံး ရှိပါတယ်။ ခြံထဲမှာလည်း ကုန်ကားတွေ လော်ရီကား တွေ တွေ့ရလေ့ရှိပြီး အတော်အတန် ချမ်းသာပုံရတဲ့ မိသားစုနေထိုင်ပုံပေါ်ပါတယ်။ အဲဒီမိသားစုထဲက အုန်းထွန်းဆိုတဲ့ လူ ငယ်လေးက ဆယ်တန်းဖြေထားပြီးအားနေတော့ ကျွန်တော်တို့အဆောင် မကြာ မကြာ ကူးလာတတ်ပါတယ်။ အဆောင် သားတွေနဲ့ ဟေးလားဝါးလား ဂီတာတီးလိုက်၊ သီချင်းဆိုလိုက်နဲ့ အတော်ရင်းနှီးနေပါပြီ။ အဲသလို ၀င်ထွက်သွားလာရင်း သူလည်း ကျွန်တော်တို့ ဖဲဝိုင်းထဲ တခါတရံ ၀င်ဆော့ပါတော့တယ်။ ကျွန်တော်တို့ချည်းကစားရင်တော့ ပိုကာဒေါင်းလေ့ရှိပြီး အုန်းထွန်းပါလာရင်တော့ ကစားရလွယ်တဲ့ ဘူကြီးတို့၊ ၂၁ ပေါက်တို့ ကစားတာများပါတယ်။ ကျောင်းသားဝိုင်းဆိုတော့ လောင်းကြေးကလည်း မများလှပါဘူး။ အပျော်သဘော၊ အချိန်ဖြုန်းတဲ့သဘောပါပဲ။ ဆယ်တန်းဖြေပြီးခါစ၊ ကလေးသာသာ အရွယ် အုန်းထွန်းကတော့ ဖဲရိုက်တတ်ခါစ လူတို့ထုံးစံ အလွန်ဝီရိယရှိပါတယ်။ ၀ိုင်းမဖြစ်ဖြစ်အောင် လူစုပေးတဲ့အလုပ် ကိုလည်း သူလုပ်တတ်နေပါပြီ။

ဒီလိုနဲ့….. တနေ့သားမတော့ ကျွန်တော်တို့အဖွဲ့ တွမ်တီဝမ်း (၂၁) ပေါက် ကစားကြပါတယ်။ ဒိုင်ကတော့ ထုံးစံအတိုင်း ကျွန် တော်တို့ထဲမှာ အသက်အကြီးဆုံး ဖဲအကျွမ်းကျင်ဆုံးဖြစ်တဲ့ ဘိုကလေးသား ကျွန်တော့်အခန်းပါတနာ သန်းဇော်ပဲဖြစ်ပါတယ်။ အဲသလိုကစားနေရင်းနဲ့ သန်းဇော်က အုန်းထွန်းဖဲကို ဖမ်းပါတယ်။ သူဖဲသုံးချပ်ကိုလှန်ုလိုက်တော့ ဖဲသက်က မစေ့ပါဘူး။ သူ ၄ ချပ်ဆွဲထားမှန်းလည်း သန်းဇော်ကသိပါတယ်။ သူ့ ဖဲသေနေမှန်းလည်း ရိပ်မိပါတယ်။ အခုမှ ဖဲရိုက်တတ်ခါစ ကလေးသာ သာ အုန်းထွန်းမျက်နှာရိပ် မျက်နှာကဲကြည့်ရုံနဲ့ သူ့ဖဲသေမှန်းဖဲဝါသနာရှင် သန်းဇော်ကောင်းကောင်းသိတာပေါ့။ လှန်လိုက် တော့ ဖဲက သုံးချပ်တည်း၊ တစ်ချပ်ပျောက်နေတယ်။ ပြီးတော့ ဖဲသက်ကလည်း မစေ့ဘူး။ ဒါနဲ့ သန်းဇော်က “ဟဲ့ကောင် အုန်းထွန်း မင့်ဖဲသက်မစေ့ဘူး။ ဖဲသက်မစေ့ပဲ ဆက်မဆွဲရင် မင်းတ၀ိုင်းလုံးကိုလျော်ရမယ်” ဆိုတော့… အုန်းထွန်းခမျာ.. တ၀ိုင်းလုံးကိုလျော်ရမယ်ဆိုတဲ့ အသံလည်းကြားရော….

“ဘာလို့ လျော်ရမှာလဲဗျ ဖဲသက်စေ့ပါတယ်။ ဟောဒီမှာ” ဆိုပြီး သူ့ ဖင်အောက်မှာ ၀ှက်ထားတဲ့ ကုလားဖဲတချပ်ကို ထုတ် ပေးပါတော့တယ်။ ကျွန်တော်တို့မှာ ငိုအားထက် ရယ်အားသန်ဆိုသလို ညစ်ကလည်း ညစ်ချင်၊ ဘယ်လိုညစ်ရမှန်းက လည်းမသိတဲ့ အုန်းထွန်းလေးကြည့်ပြီး ကျွန်တော်တို့ တ၀ါးဝါးရီ ခဲ့ဖူးပါတယ်။

ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်က တကယ်ဖြစ်ခဲ့ဖူးတဲ့ ကျောင်းသားဖဲဝိုင်းလးရဲ့ အဖြစ်အပျက်တစ်ခုပါ။

ကိုင်း…. ကျွန်တော်တို့ရွှေပြည်ကြီး။

မကြာမတင်သောကာလ တခုမှာ ရွေးကောက်ပွဲကြီး ၀ှဲချီးကျင်းပပါတော့မယ့်။ ခုထိ မဲစာရင်းတွေ သောက်သောက်လဲမှား ကောင်းတုန်းပါ။ မှန်အောင်ပြင်နိုင်မယ့် လက္ခဏာလည်းမရှိပါဘူး။ မှန်အောင်ပြင်ပေး ချင်တဲ့ဆန္ဒလည်းရှိပုံ မပေါ်ပါဘူး။ အူ ကြောင်ကြောင် အုန်းထွန်းကတော့ ဖဲသက်မစေ့ရင် တ၀ိုင်းလုံးလျော်ရမယ်လို့ လည်းကြားရော ဖင်အောက်ဖွက်ထားတဲ့ဖဲတချပ် ကို ကဗျာကယာ ထုတ်ပေးပါတယ်။

ခုနေများ တစုံတယောက်က  မဲစာရင်းကို မှန်အောင်မထုတ်ပြန်နိုင်ဘူးဆိုရင်….. ရွေး/ကောက် ဥက္ကဌ၊ သူ့ကိုခန့်ခဲတဲ့ သမ္မတ နှုတ်ထွက်ရလိမ့်မယ်လို့ဆိုခဲ့ရင် ဖင်အောက်ဖွက်ထားတဲ့ မဲစားရင်းတွေပြပြီး ဘာလို့နှုတ်ထွက်ရမှာလဲ. ဟောဒီမှာ မဲစာရင်း အမှန်လို့များ ပြောမလားပဲ။

ကလေးသာသာ အူကြောင်ကြောင် အုန်းထွန်းနဲ့ ရွေး/ကောက်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ရဲ့ ဦးနှောက်သိပ် ထူးကြမယ်တော့ မထင်ဘူး။ ကျောင်းသားလေးအုန်းထွန်းခမျာ ဟိန်းလိုက်ဟောက်လိုက် ခြိမ်းခြောက်လိုက်တော့ အမှန် ထွက်လာတယ်။

ခုလိုသွက်သွက်လည်အောင်မှားနေတဲ့မဲစာရင်းတွေ မှန်လာအောင် ဘယ်သူကများ ခြိမ်းနိုင် ခြောက်နိုင် ဟောက်နိုင်မလဲဆို တော့ သိချင်စမ်းပါဘိတော့…..။

အုန်းထွန်းဖဲတချပ်ဖွက်တာက နှစ်ပဲခြောက်ပြားကိစ္စ၊ ဦးတင်အေးမဲစာရင်းဖွက်တာက လူသန်းပေါင်း ၅၀ ကျော်ရဲ့ ကံကြမ္မာ ကိစ္စ၊ သြော်…. ကျွန်တော်တို့ရဲ့ ရွှေပြည်ကြီး ဘယ်တော့များမှ ကံကောင်းမှာပါလိမ့်… ။       ။