မြင့်ဦးဦးမြင့် - ပုပ္ပါး


 မြင့်ဦးဦးမြင့် - ပုပ္ပါး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၅

စကားဝါပန်းတွေ ညွှတ်နေအောင် ပန်ထားတဲ့
မီးတောင်ဟောင်းမလေးရေ။

ရောင်စုံပန်းကလေးတွေ ကဗျာလွတ်က
ရောင်စုံ လိပ်ပြာကလေးတွေ ပန်းချီလွတ်က
ရောင်စုံ မိုးတိမ်ကလေးတွေ သီချင်းလွတ်က
သီတင်းကျွတ်ည လရောင်အနမ်းက ညင်သာတိုးဖွ။

တောရမ်းမယ်ဖွဲ့ လွမ်းဖွယ်ပ မပျော့်တပျော်
ဘယ်ကိုကြည့်ကြည့်ရှုမဆုံး တစ်မျှော်တစ်ခေါ်
နှစ်ထောင့်လေးရာ တစ်ဆယ့်ခုနှစ်ပေ တောင်ကလပ်ပေါ်
သူယောင်မယ်ကလေးတွေက မခေါ့်တစ်ခေါ်။

အပေါ်နှုတ်ခမ်းနဲ့အောက်နှုတ်ခမ်းမထိဘဲ စကားပြောတတ်
ရင်ဘက်ကို ရင်ဘက်ချင်းဂျက်ပင်ထိုးတတ်
ထမ်းတောင်းကလေးတွေထဲမိသားစုဘဝတွေ ထည့်ထမ်းတတ်
မျောက်စာလေးတွေ၊ ပန်းစည်းလေးတွေက အဓိကဘာသာရပ်။

စကားဝါပန်းတွေကို မနွမ်းအောင် ပုလင်းထဲထည့်
အလင်္ကာဖွဲ့တတ်တဲ့ မီးတောင်ဟောင်းမလေးရေ …..
နွေမိုးဆောင်း စိမ်းလန်းတဲ့ ‘ ပုပ္ဖ’ အရပ်မှာကွယ့်
ချော်တုံးချော်ခဲတွေအားလုံး
(ကဗျာဆရာရဲ့ အလွမ်းစစ်စစ်နဲ့ )
ပန်းဖြစ်ပါစေ …..။    ။

(ကဗျာဆရာ မောင်ချောနွယ်၏ မူပိုင်စကားလုံးဖြစ်ပါသည်။)

(ပြူးကြောင်နဲ့ ရှပ်ပြာသို့ 05.11.03 အမှတ်တရ )
နွယ်နီမဂ္ဂဇင်း ၊ ဧပြီ ၊ ၂၀၀၆ ခုနှစ်။