ငြိမ်းချမ်းအောင် - ကိုယ်ကောင်းပေမဲ့ ပုံစံပျက်သွားသော ဆံပင်

ငြိမ်းချမ်းအောင် - ကိုယ်ကောင်းပေမဲ့ ပုံစံပျက်သွားသော ဆံပင်
(မိုးမခ) အောက်တိုဘာ ၀၄၊ ၂၀၁၅
 
ကျောင်းသားတပ်မတော်နဲ့ ပြည်သူလူထုပူးပေါင်းထားသော စစ်ကြောင်းကြီးတွေ စစ်အာဏာရှင်ကိုဖြုတ်ချပြီး မြန်မာနိုင်ငံ တ၀န်းလုံးကို သိမ်းလိုက်ပြီဆိုတဲ့ သတင်းစကားကို ပြည်သူတွေကိုပေးဖို့ တချိန်က ကျနော်ကိုယ်တိုင်ပင် စိတ်ကူးယဉ်ခဲ့သည်။

ကျောင်းသားရဲဘော်များကား ခါချဉ်ကောင်ဘ၀ထက်ပင် ဆိုးရွားနေသည်ကို ကျနော် မတွေးမိ။  စစ်တပ်နှင့် နှစ်ဖက်အပြန် အလှန် ပစ်ခတ်အော်ဟစ်ကြသောအခါ ဗမာစစ်တပ်က သူ့ရဲဘော်တွေကို အမိန့်ပေးလိုက်သည်။

"ကျောင်းသားတပ်တွေနဲ့ သွားမတိုက်နဲ့၊ ဒီကောင်တွေက သေမထူးနေမထူးတွေ၊ နေစရာပေးတဲ့အဖွဲ့ကို  ကာကွယ်ပေးတဲ့ ကောင်တွေ" လို့ ဒီမိုကရေစီအရေးအတွက်၊ ငြိမ်းချမ်းရေးအတွက် တိုက်ခိုက်တွန်းလှန်နေတဲ့ ကျောင်းသားတပ်မတော် အပေါ်မှာ ရင့်ရင့်သီးသီး စော်ကားမော်ကား နှိမ့်ချသုံးစွဲခဲ့ကြသည်။

ကျောင်းသားတပ်မတော်သမိုင်းကား အမှားရှိခဲ့သော်လည်း ရန်သူ အာဏာရှင်စစ်တပ်ကို ရွပ်ရွပ်ချွံချွံတိုက်ခဲ့သည့် သမိုင်း ကား မဟာမိတ်လက်နက်ကိုင်အဖွဲ့များ၊ ယခု လက်ရှိကျောင်းသားရဲဘော်ဟောင်းများ၊ တိုက်ပွဲဝင်ဆဲ ကျောင်းသားတပ်မတော် သားတိုင်း ဂုဏ်ယူစရာပင်။

သမိုင်းတွေကို ပြန်ပြောလျှင်လည်း ပြီးတော့မည် မဟုတ်၊ သင်ခန်းစာယူဖို့အတွက်တော့ သိသင့်သည်။  စစ်အာဏာရှင်တွေ ကျောင်းသားတွေကို သတ်ဖြတ်သလို၊ လူမျိုးစုတိုင်းရင်းသားတွေကြားမှာလည်း ပျောက်ဆုံးသွားရသည့် ကျောင်းသားတွေက မနည်းခဲ့။  စစ်အာဏာရှင်က အိမ်ပေါ်ကဆင်းသွားသည့် သားဆိုးများဟုသတ်မှတ်သလို၊ လက်နက်ကိုင်လူမျိုးစုတိုင်းရင်းသားများကလည်း အိမ်ပြည့်သဘော စစ်အာဏာရှင်ကို တိုက်လို့သာ ကျောင်းသားတွေကို လက်ခံထားသည့် သဘောထားမျိုး၊ တနိုင်ငံလုံးအကျိုးစီးပွားအတွက် ဒီမိုကရေစီအရေးကို လုပ်သည့် ကျောင်းသားတပ်မတော်ကို မယုံကြည်။

အပစ်အခတ်ရပ်စဲရေးကာလတွေ ပေါ်ပေါက်လာတော့ နေရာအနှံ့က ကျောင်းသားတပ်မတော် ရဲဘော်အပေါင်း လက်နက် ကိုင်လူမျိုးစုတွေရဲ့ အသုံးချခြင်းကို ခံခဲ့ရသည်။ နယ်မြေမှ မောင်းထုတ်ခြင်းကို ခံကြရသည်။  ကိုယ်ပိုင်နယ်မြေမရှိ၊ လူမျိုးစု လက်နက်ကိုင်တွေရဲ့ အင်အားကိုမယှဉ်နိုင်တဲ့ ကျောင်းသားတပ်မတော်သာ ထပ်မံ အင်အားချိနှဲ့ခဲ့ရပြန်သည်။  မြောက် များစွာသော ကျောင်းသားတပ်မတော်သားများ ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် စစ်အာဏာရှင်ဆီမှာ ဒူးမထောက် လက်မမြှောက်ဘဲ ဒုက္ခသည်လျှောက်ကာ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြသည်၊ နီးစပ်ရာ အိမ်နီချင်းနိုင်ငံတွေမှာ ဘ၀ရပ် တည်ရေးအတွက် လှုပ်ရှားရုန်းကန်နေကြသည်။  ရင်နာစရာတွေကို ကျနော် ဘာမှမပြောချင်တော့။

ကချင်ဒေသမှာ ကျောင်းသားတပ်မတော်သားတွေကို မောင်းထုတ်လိုက်လို့ တရုတ်ကြံခင်းထဲမှာ အိပ်စက်ရတဲ့၊ အသတ်ဖြတ် ခံရတဲ့ ရဲဘော်တွေရှိခဲ့သလို၊ ကရင်ပြည်နယ်မှာလည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမိုးသီးဇွန်ပင် အဖမ်းခံရတဲ့ ရာဇ၀င်တွေ ရှိခဲ့ဖူးသည်။  မွန်တွေကား ကျောင်းသားတပ်မတော်ရှိရင် ရန်သူစစ်ကြောင်းအလာများတယ်ဟု ညည်းတွားခဲ့ဖူးသည်။

အခြေအနေက ၁၉၈၈ မဟုတ်တော့၊ လက်နက်ကိုင်လမ်းစဉ်ကို ထောက်ပံ့ကူညီသူတွေ နည်းပါးသွားပြီ၊ ရိက္ခာထုတ်လည်း KNU၊ အ၀တ်အစားတောင်းလည်း KIA၊ ဆေးဆိုးလည်း မွန်ဆီမှာ လက်ဝါးဖြန့်နေရသည့် ကျောင်းသားတပ်မတော်အနေနဲ့ မဟာမိတ်တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမည်ဆိုလျှင် ခေါင်းမာနေလို့မရ၊ သမိုင်းအဆက်ဆက်က ပေးသောသင် ခန်းစာများအရ ဌာနချုပ်ရှိရာ KNU ဂွင်ထဲမှ မောင်းထုတ်လိုက်လျှင်ဆိုသည့် စိုးရိမ်စိတ်များကလည်း လက်ရှိ AB ကျောင်း သားတပ်မတော် ခေါင်းဆောင်များ စဉ်းစားရမည့် အချက်တခုအဖြစ် အပိုစဉ်းစားရသည်။

ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သည့် တပ်မတော်ကိုချစ်သည်။  ယနေ့ မြန်မာပြည်တွင် ဖြစ်နေသည့် အခြေအနေက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လုပ်နေသည့် MPC မှာက တချိန်တုန်းက တိုက်ဖော်တိုက်ဖက် သေဖေါ်သေဖက် ရဲဘော်များပင်ဖြစ်သည်။  စစ်အစိုးရကို မယုံကြည်တောင် ပုဂ္ဂိုလ်ရေးအရတော့ ကျနော်တို့ကြားတွင် သံယောဇဉ်တွေကလည်း ရှိသေးသည်။  တကယ်တမ်းကြတော့ စစ်အာဏာရှင်ကြားက MPC ဆရာကြီးများကလည်း အမှား တွေ သိသင့်သလောက် သိလာတဲ့အခါမှာ ဆေးက အရက်သောက်ခြင်းဖြင့် ကုသခြင်းပြုသည်၊ ကျောင်းသားတပ်မတော် ခေါင်းဆောင်များကလည်း ဆုံတုန်း ကြုံတုန်း သောက်သည်။  လူမှု့ကွန်ယရက် ဖေ့စ်ဘုတ်တွေ ပေါ်လာတော့ စိတ်ဓာတ်ကျ စိတ်ညစ်နေသူများရဲ့ သတင်းပျောက်ကာ တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးနေသူများ ခေါင်းစဉ်တပ်ခံကြရသည်။  ထားတော့ အနေအထိုင်မတတ်တော့ အပြောခံရခြင်းဖြစ်သည် ကိုယ်ကောင်းလျှင် ခေါင်းမရွှေ့ပေမဲ့၊ ဆံပင်တော့ လေတိုးလို့ ပုံပျက် သွားသည်ပေါ့။

ယနေ့အချိန်ထိ ကျောင်းသားတပ်မတော်ရဲ့ မူဝါဒ လေးချက်ကို ထိပါးပြီး ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်များ ကျောင်းသားတပ်မတော်ခေါင်းဆောင်တွေ လုပ်သည်မရှိသေး။  မိဘကို စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားသည့် သားသမီးများအဖြစ်ကနေ၊ ဒီမိုကရေစီကို တိုက်ပွဲဝင်တောင်းဆိုသည့် ကျောင်းသားတပ်မတော်အဖြစ် စစ်အာဏာရှင်ကပါ အသိအမှတ်ပြုလိုက်ရပြီ။

မဲလိမ်နေတာ၊ မသမာမှု့တွေကို သိသိကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ခြင်းသည် တရားဝင်လိုမှု့ဖြစ်သည်။  ကျောင်းသာတပ်မတော်က ခေါင်းဆောင်များ မညံ့ကြ၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံကြ။  ဒါကပင် ကျောင်းသား တပ်မတော်၏ ရပ်တည်ချက်ဖြစ်သည်။  ကျနော်တို့ လက်နက်ကိုင်ဝါဒနဲ့ ပြည်သူ့အရေးတော်ပုံ ပေါင်းစပ်ရမည်ကို သွေဖည် နေကြခြင်းမဟုတ်၊ အခြေအနေအရ ကျောင်းသားတပ်မတော် အဖြစ် တည်ရှိနေရေးသည် ပထမဦးစားပေး၊ ဒုတိယဦးစား ပေးဖြစ်နေသည်။

အပစ်အခတ်ရပ်စဲရေးတွင် ကျောင်းသားတပ်မတော် လက်မှတ်ထိုးတော့မည်။  ဘယ်သူမှ သမိုင်းကို ညာလို့မရ၊ ပြည်သူက ယနေ့ နားမလည်သေးရင် နောက်တနေ့ နားလည်လိမ့်မည်။  ကိုယ်ကောင်းပေမဲ့ လေတိုက်သဖြင့် ဆံပင်ပုံစံပျက်ခြင်းကို ကျနော်တို့အချင်းချင်း သတိနှင့် ယှဉ်တွဲနေကြရန်သာ အရေးကြီးပါသည်။

ငြိမ်းချမ်းအောင် @Nyein Chan Aung
အောက်တိုဘာ ၀၂၊ ၂၀၁၅

ခေါင်းစီးဓာတ်ပုံ - MPC