မိုးမခ အောင်ကျော်သွင် - ငြိမ်းချမ်းစွာအကြည့်၊ ငြိမ်းချမ်းစွာအမြင်

 အောင်ကျော်သွင် - ငြိမ်းချမ်းစွာအကြည့်၊ ငြိမ်းချမ်းစွာအမြင်
 (မိုးမခ) အောက်တိုဘာ ၁၀၊ ၂၀၁၅

 ပြီးခဲ့တဲ့ ၂၀၁၅ အောက်တိုဘာ ၄ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းကြီးမှာ ကျင်းပခဲ့တဲ့ မျိုးစောင့်ဥပဒေအောင်ပွဲမှာ သီတဂူဆရာတော်ဘုကြီးဟာ " တပည့်တော် ရုရှားနိုင်ငံ ကို လေးငါးခေါက်ရောက်ဖူးပါတယ်" ဟု မိန့်တော်မူခဲ့ပါတယ်။ ဘာအကြောင်းကိစ္စနဲ့ သွားခဲ့တာမှန်းကို မမိန့်ကြားခဲ့ပေမယ့် ဆရာတော်ဘုရားကြီးက သူ တွေ့ ရှိခဲ့တာတွေကို ပြောကြားခဲ့ပါတယ်။ စာရေးဆရာ၊ ကဗျာဆရာကြီး ဆရာဒဂုန်တာရာကလည်း ၁၉၅၃ ခုနှစ်က ရုရှားကို သွားခဲ့ဖူးပါတယ်။ သီတဂူဆရာတော်ဘုရားကြီးက လေးငါးခေါက်သွားပြီး မတွေ့ ခဲ့တဲ့အရာတွေကို ဆရာဒဂုန်တာရာက စူးရှတဲ့အမြင်နဲ့ တွေ့ ခဲ့တာတွေရှိပါတယ်။

သီတဂူဆရာတော်က အောက်တိုဘာတော်လှန်ရေးကို အမှတ်တရပြန်မြင်ပေမယ့်၊ ဆရာဒဂုန်တရာလို ရုရှားပြည်ကြီးထဲမှာ မြန်မာအက္ခရာနဲ့ ဆင်တူတဲ့ စာလုံး တွေကိုမြင်ဖူးခဲ့ဟန်မရှိပါဘူး။ သီတဂူဆရာတော်က ရုရှားကွန်မြူနစ်တွေဟာ ပဒေသရာဇ်ဘုရင်တွေကို သတ်ပစ်လိုက်ကြတာကို တွေးပြီး တအံ့တသြဖြစ်ခဲ့ပေမဲ့၊ ဆရာဒဂုန်တာရာကတော့ ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတော်အတွင်းက ဂျော်ဂျီယာပြည်မှာသုံးတဲ့ အက္ခရာတွေဟာ အဝိုင်းတွေဖြစ်နေတာကိုကြည့်ပြီး အံ့သြနေခဲ့ပါတယ်တဲ့။

သီတဂူဆရာတော်က ရုရှားပြည်က တော်လှန်ရေးတွေ၊ မြေရှင်တွေ၊ ဘုရင်တွေ၊ နန်းတွင်းသူ နန်းတွင်းသားတွေနဲ့ ကွန်မြူနစ်တွေကို ပြန်မြင်ယောင်ပြခဲ့ပေမဲ့၊ ဆရာဒဂုန်တရာကတော့ တောင်စောင်းတစ်ခုကို နီးဗားမြစ်ကကွေ့ ဝိုက်ထားတာကိုမြင်တော့ မြန်မာပြည်က လွိုင်ကော်ကို သတိရသွားပါသတဲ့။

သီတဂူဆရာတော်က ရုရှားပြည်က ရှေးဟောင်းခရစ်ယာန်ဘုရားကျောင်းတွေကို အစ္စလာန်ဝတ်ပြုကျောင်းတွေလို အလုံးကြီးတွေလို့ မြင်ခဲ့ပေမဲ့၊ ဆရာဒဂုန်တာရာကတော့ ရွှေရောင်ဝင်းနေတဲ့ ကြက်သွန်ဥကဲ့သို့ သဏ္ဍန်ရှိပြီး ချွန်တက်နေတဲ့ ရှေးဟောင်းခရစ်ယာန်ဘုရားရှင်ခိုးကျောင်းတွေကို မြင်ရတော့ မြန်မာပြည်တွင်းက  တောင်ကွဲစေတီတော်ကို ပေးပြီ မြင်ယောင် လာပါသတဲ့။

ကျွန်တော်စိတ်ဝင်စားမိတာကတော့ သီတဂူဆရာတော်ဘုရားကြီးက လီနင်တို့အဖွဲ့ ခရစ်ယာန်ဘုရားကျောင်းက ရွှေတွေကို ခွာယူသွားကြတဲ့အကြောင်းကို တခုတ်တရ အမှတ်ရနေပေမဲ့၊ စတာလင်မွေးဖွားရာအရပ်ကို ရောက်ခဲ့တဲ့ ဆရာဒဂုန်တာရာဟာ အဘယ်ကြောင့် ဖားစည်အကြောင်း၊ ဝါးပတ္တလားအကြောင်း၊ အိုးစည်သံနဲ့ မောင်းသံတွေအကြောင်းကိုပဲ ဘာကြောင့်မြင်ခဲ့ရပါသနည်းဟု တွေးရင်းဖြင့် …  ဆရာဒဂုန်တာရာ၏ ဖားစည်၊ ခေါင်ရည်ချိုရှ နှင့် ဂျော်ဂျီယန်း ခေါင်းစဉ်ပါ ဆောင်းပါးရဲ့ နောက်ဆုံးပုဒ်အား ကူးယူတင်ပြလိုက်ရပါတော့သည်။

မူလဆုံမှတ် အနုပညာအယ်လ်ဘမ် - ၂
စာမျက်နှာ - ၈၀ မှ ကောက်နုတ်ဖော်ပြပါသည်။

ဒဂုန်တာရာ - ဖားစည်၊ ခေါင်ရည်ချိုရှ နှင့် ဂျော်ဂျီယန်း
(နောက်ဆုံးပုဒ်) (ဂ)

 ၁၉၅၃ ခုနှစ်က ကျွန်တော်သည် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတော်များ၏ ပြည်ထောင်စုအတွင်းရှိ ဂျော်ဂျီယာ ဆိုဗီယက် ဆိုရှယ်လစ် သမ္မတနိုင်ငံတော်သို့လည်း ရောက်သွားဖူးသည်။ ယင်း ဂျော်ဂျီယာပြည်၏ မြို့တော် ဒဗီလီစီသို့ ရောက်သွားသည်။ စတာလင် မွေးဖွားရာ ဂူရီမြို့သို့ လည်း ရောက်သွားသည်။ တောင်ပေါ်စခန်းမြို့လေးတစ်မြို့သို့လည်း ရောက်ဖူးသည်။ ယင်းမြို့ကလေးမှာ အမြဲရေခဲနေသော နေရာဖြစ်၍ စကိတ်စီးရာ စခန်းမြို့လည်းဖြစ်သည်။ ယင်း ဂျော်ဂျီယာပြည်တွင် သုံးသော အက္ခရာမှာ အဝိုင်းမျိုးဖြစ်၍ ကျွန်တော်အံ့သြသွားရသည်။ ယင်းရုရှအက္ခရာ ဆိုဗီယက်ပြည်ထောင်စုထဲမှ တစ်ပြည်ဖြစ်သော ယူကရိန်းပြည်ရှိ အက္ခရာတို့ကိုလည်းတွေ့ ဖူးသည်။ မြန်မာအက္ခရာနှင့်တူနေသည်။ ယင်းဂျော်ဂျီယာက ၎င်းတို့နှင့်မတူဘဲ အဝိုင်းဖြစ်နေသည်။ ဂျော်ဂျီယာဘာသာစကားကိုတော့ ကျွန်တော်မလေ့လာ။ ကျွန်တော်က ဘာသာဗေဒသမားမဟုတ်။ သို့သော် အက္ခရာ အဝိုင်းခြင်းတူသည်ကိုတော့ အံ့သြမိသည်။

" ယူကရိန်းပြည် ဆိုဗီယက် ဆိုရှယ်လစ်သမ္မတနိုင်ငံတော်၏ မြို့တော် ကီးယက်မြို့သို့ ကျွန်တော် ရောက်သွားသည်။ မြို့မှာ အင်မတန်သာယာသည်။ မြို့မှာ တောင်စောင်းကလေး ပေါ်တွင် တည်ထား၍ နီးဗားမြစ်က ဖြတ်သန်းကာဝေ့ဝိုက်ထားသည်။ ကျွန်တော်လွိုင်ကော်ကို သွား၍ သတိရမိသည်။ တောင်ထွက်ကလေးများ ပေါ်တွင် ရွှေရောင်တဝင်းဝင်းနှင့် ကြက်သွန်ဥကဲ့သို့သော ပုံသဏ္ဍန်အချွန်ရှိသော ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို တွေ့ရသည်။ မဆီမဆိုင် ကျွန်တော်သည် တောင်ကွဲစေတီတော်ကိုသွား၍ သတိရမိသည်။ တကယ်ကတော့ မဆိုင်ဟု ဆိုရမည်။

ကီးယက်မြို့တော်အကြီးအကဲက နှစ်သစ်ကူးထမင်းစားပွဲဖြင့် ဧည့်ခံရာ ရှန်ပိန်တိုက်သည်။ ကယားခေါင်ရှည် အရသာမျိုး၊ ကမ္ဘာပေါ်တွင် လူမျိုးပေါင်းများစွာ အနန္တရှိကြသည်။ တိုင်းပြည်တစ်ပြည်ထဲတွင်ပင် လူမျိုးများ၊ လူမျိုးနွယ်များစွာ ရောယှက်ပေါင်းစည်း လျက်ရှိသည်ကိုတွေ့ နိုင်သည်။ အားလုံးက လူသားများပင်ဖြစ်ကြသည်။ လူသားများသည် ငြိမ်းချမ်းရေးကို မြတ်နိုးကြသည်။ ဤအချက်မှာကား သွား၍ တူပေသည်။

 ကျွန်တော်သည် ယင်းတိုင်းပြည်များသို့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖြစ် သွားရောက်ခြင်းဖြစ်ရာ ပြည်သူပြည်သားတို့၏ဆန္ဒမှာ ငြိမ်းချမ်းရေးပင်ဖြစ်သည်ကို ခံစား ထိတွေ့ ရပေသည်။

 ပြီးခဲ့သောနွေရက်ကပင် ရှမ်းပြည်သို့ ကျွန်တော် ရောက်သွားခဲ့သည်။ ပေါင်းလောင်းလမ်း ဖောက်နေသည်ဟု ကြားရသည်။ ကျွန်တော်သည် တောင်ငူဘက်၊ ပျဉ်းမနားဘက်သို့ ရောက်ခဲ့သည်။ ယင်း ပေါင်းလောင်းသည် ထိုဒေသများဘက်သို့ ခွေဝိုက်စီးဆင်းသည်။ သံတောင်သစ်တွင် စီးဆင်းနေသော ရေတံခွန်မှချောင်းသည် မြတ်စောညီနောင် ဘုရားပရိဝုဏ် ဘေးပသီချောင်းသို့ ရောက်သည်ကို ကျွန်တော်သည် ယင်းချောင်းများကို ဆင်းရင်း ခံစား ထိတွေ့ ခဲ့ရသည်။

ကျွန်တော်တို့ လူသားများအားလုံး ဆက်စပ်နေကြသည်။ ဖားစည်ကို ကယားလူမျိုးများသာမဟုတ် ကရင်လူမျိုးများလည်းသုံးသည်။ ဖားစည်သည် ကရင်လူမျိုးများ၏တံဆိပ်လည်း ဖြစ်နိုင်သည်။ ဝါးပတ္တလားသံကို မဲခေါင်မြစ်စီးဆင်းရာ ဒေသတစ်ဝိုက်သာမဟုတ်၊ ကျွန်တော်တို့ဒေသမှာလည်း ကြားရသည့်အိုးစည်သံကို ကချင်ပြည်သာမဟုတ်၊ ရှမ်းပြည်တွင်လည်း ကြားနိုင်သည်။ မောင်းသံကို တောင်ပေါ်၊ မြစ်ဝှမ်း မြစ်ဝကျွန်းပေါ်မကျန် အနှံ့ ကြားနိုင်သည်။

ဆရာကြိး သခင်ကိုယ်တော်မှိုင်းက ချိုးငှက်ဆိုတာ သာယာအေးချမ်းတဲ့ အထိမ်းအမှတ်ပဲကွဟု ပြောဖူးသည်။ ချိုးကူသံကို သာယာအေးချမ်းခြင်း သိုမဟုတ် အချစ်၏သင်္ကေတအဖြစ် ကဗျာရေးဖွဲ့ ကြသည်။ အမှန်အားဖြင့် ချိုးဖြစ်ငှက်သည် ခရစ်ယာန်သမ္မာကျမ်းစာထဲမှလာသော ဇာတ်လမ်းဖြစ်သည်။ သို့သော် ကမ္ဘာ့လူသားတို့က ချိုးဖြူကို ငြိမ်းချမ်းရေးအမှတ်အသားအဖြစ် ခံစားနေကြပြီ။ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးသည် ကျောချင်းကပ်နေသော ဒင်္ဂါးပြားကဲ့သို့ဖြစ်သည်။

လွန်ခဲ့သော ၁၉၇၅ လောက်က ကျွန်တော်တို့သည် ပျဉ်းမနားဘက်ပေါင်းလောင်း မြစ်ကမ်းပေါ်တွင် ပျဉ်းမနားကဗျာဆရာများနှင့် အတူထိုင်ကာ ဆွေးနွေးခဲ့ကြဖူးသည်။ မကြမီကပင်လျှင် ပျဉ်းမနားတောင်ငူဘက်မှ မိတ်ဆွေများသည် ကျွန်တော် ကွန်းခိုရာာမဲဇာသို့ ရောက်လာရင်း မွေးနေ့တွင် ဆုံတွေ့ ကြသည်။

 ငြိမ်းချမ်းရေး ညီညွတ်ရေးသည် လူသားတို့၏နှလုံးသားတွင် ကိန်းဝပ်ရာမဟုတ်ပါလား။ ဒဂုန်တာရာ

၁၃-၆-၁၉၉၁