ငြိမ်းချမ်းအေး - ဘုရားက ကျနော့်ဘက်မှာပါ


ငြိမ်းချမ်းအေး - ဘုရားက ကျနော့်ဘက်မှာပါ
(မိုးမခ) အောက်တိုဘာ ၀၅၊ ၂၀၁၅


မျိုးစောင့်ကို ကန့်ကွက်ဖို့ မ-ဘ-သ ကိုဆန့်ကျင်ဖို့ သီတဂူ မလိုပါဘူး..။

ကိုယ့် ရပ်တည်ချက် မူ အလုပ် ဝါဒ ကို ယုံကြည်ရင်၊ မှန်တယ် ထင်ရင် ဘယ် ပုဂ္ဂိုလ်ကျော်မှ ပါပါ/မပါပါ ထောက်ခံခံ/မခံခံ ဂရုစိုက်ဖို့ မလိုဘူး။  သီတဂူဆရာတော်မကလို့ ဘုန်းကြီး အဖေပါ မျိုးစောင့်နဲ့ မ-ဘ-သ ကို ထောက်ခံလို့ရတယ်၊ ဒါမှမဟုတ် တကိုယ်ရေ ဆုံးဖြတ်ချက် ဆန္ဒ အသိအမြင် အတွေးအခေါ်ရေချိန်အတိုင်း ကန့်ကွက်လို့ ရတယ်။

လူဘက်ကလည်း ကိုယ်ယုံကြည်ချက်အတိုင်း ဘုန်းကြီး မကလို့ ဘုရားဟော ဆိုရင်တောင် ပြန်လည်ဆန်းစစ် ဝေဖန် မေးခွန်းထုတ်ရမယ်။

အဲဒီသဘောက ခွဲခြမ်းစိတ်ဖြာ ဆင်ခြင်သုံးသပ် ဝေဖန်မှု ‘အကြောင်းကိုသိသောငါ’ ပညာကို အခြေခံတာပါ၊ ‘ဝိဘဇ္ဇ’ က ဗုဒ္ဓ ကိုယ်တိုင် ကျင့်သုံး၊ အားပေးခဲ့တာပါ။

ခင်ဗျား မျိုးစောင့်ကို ယုံလို့ရတယ်၊ မ-ဘ-သ ကို ကိုးကွယ်လို့ရတယ်။  သီတဂူ ပါစရာ မလို။  
ခင်ဗျား မျိုးစောင့်ကို  မထောက်ခံ လို့ရတယ်၊ မ-ဘ-သ ကို ဆန့်ကျင်လို့ရတယ်။  သီတဂူ ပါစရာ မလို။

မ-ဘ-သ နဲ့ မျိုးစောင့် ဥပဒေတွေဟာ အာဏာနိုင်ငံရေးကျုံးသွင်းခံ၊ အသုံးချခံ၊ လူမျိုးရေး / ဘာသာရေး ဆတ်ဆတ်ထိမခံမို့၊ လူ့အသိုင်းအဝန်းမှာ လူအချင်းချင်း အမုန်းပွားစရာတွေ ဖြစ်စေလို့ မလိုလားအပ်ဘူး၊ လူမျိုးစုံ ဘာသာစုံ တိုင်းပြည်မှာ ဒါမျိုး အဖွဲ့တွေ မစည်ပင်အပ်ဘူးလို့ တကယ် ယုံကြည်ရင် သီတဂူဆရာတော် အပါအဝင် ဘယ်သူ ဘယ်ဝါ ဘယ်ပုဂ္ဂိုလ်ရယ် မဆို ပါဝင်သူအားလုံးကို ဆန့်ကျင်ရဲရမယ်၊ ပြောရဲ ဆိုရဲ ထောက်ပြရဲ ရမယ်။  ဘယ်လို အကြောင်းကြောင့် သွားရပါတယ်၊ မဖြစ်သာလို့ လုပ်ရပါတယ် ဘာအကြောင်းပြချက် မှ ရှာကြံ ပေးဖို့ မလိုပါဘူး။

ဒါမှမဟုတ် မ-ဘ-သ ရှိဖို့ လိုအပ်တယ် ယုံကြည်ရင်လည်း  ဘယ်သူ ပါပါ မပါ ပါ ရပ်တည်ရဲရပါမယ်။

မ-ဘ-သ က ကုလားမုန်း တခုတည်း လုပ်ပြီး နိုင်ငံရေး ပယောဂ မပါ၊ ဒေါ်အောင်ဆန်းစုကြည် တိုက်ခိုက်ရေး မလုပ်ရင် ဒီမိုကရေစီ လိုလားသူဆိုတဲ့ လူတချို့ ဘယ်လိုရပ်တည်မလဲ မြင်ယောင်မိပါရဲ့။

တကယ်တော့ သီတဂူ မိန့်ခွန်းကို ဖတ်ကြည့်၊ နားထောင်ကြည့်လို့တောင် ဘာဆိုလိုမှန်း မသိတဲ့ သူတွေရဲ့ ချီးကျူးမှု၊ ထောက်ခံမှု၊ ကန့်ကွက်မှု၊ မလိုလားမုန်းတီးမှု ဘာတခုကိုမှ အလေးအနက်ထား စရာတော့မလိုပါဘူး.။  ဒီမိုကရေစီ အမည်ခံထားပြီး အမြီးအမောက်မတည့် လိုရာဆွဲပြောနေသူတွေ၊ အထူအပါး နားမလည်၊ အကောင်း-အဆိုး မခွဲတတ်၊ အမှား-အမှန် မကွဲ၊ အမြော်အမြင် မရှိ စတဲ့ စတဲ့ ဘာဆိုဘာမှ မသိ မိုက်မဲမှု က အဆုံး၊ အစ မဲ့ နေတဲ့ အတိုင်းမသိလူတွေ၊ “အန္ဓီဘူတော အယံ လောကော -- ဤလောကသည် အမိုက်အတိ၊ ကန်း၏”ဆိုတဲ့ ဗုဒ္ဓအဟောကို သက်သေပြနေသူတွေအကြောင်း တွေးမိလို့သာရယ်ပါ။

နောက်တချက်က ဘုန်းကြီးက ဘုန်းကြီးစကားပဲ ပြော၊ ဘုန်းကြီး အမြင်ပဲ ရှိမှာ လက်ခံတာပေါ့။  ပုထုဇဉ်ဆိုတာ ကိုယ့်အတ္တကို ရှေ့တန်းတင်ဖြစ်တာချည်းပါ။  ဘာသာရေးခေါင်းဆောင် ဆိုရင် ပိုလိုတောင် မိမိသာသာအရေးဇောင်းပေး၊ နှပ်ကြောင်းပေး ကိုယ့်အလုပ်စည်ပင်တိုးပွားရေး ပြောဟောသိမ်းသွင်းရမှာ အမှန်ပါပဲ။

ဒါပေမဲ့ အခြေခံအချက်ဖြစ်တဲ့ နိုင်ငံတော်နဲ့စနစ်အဖွဲ့အစည်း ဥပဒေတွေကို အသုံးချ ဘာသာရေးကို တိုးတက်အောင် မလုပ်ဘူးဆိုတဲ့ ဒီမိုကရေစီ မူဘောင်ကျင့်ဝတ်ကိုတော့ လေးစားရမှာပါ။  ဒီလို မလေးစားချင်ရင် ဘုန်းကြီးအုပ်ချုပ်တဲ့ သီအိုကရေစီစနစ်ကို ကျင့်သုံးပါလို့ ထောက်ပြခဲ့တာပါ။  ဘာသာရေးခေါင်းဆောင်က နိုင်ငံတော် အထက်မှာ နေချင်ရင်၊ နိုင်ငံတော်ဘာသာဥပဒေ သတ်မှတ်ချင်ရင် ဘာသာရေးနိုင်ငံတော်စနစ်သွားမယ်သာဆိုပါ။  ဒီမိုကရေစီစနစ်ယောင်ယောင်မလုပ်ပါနဲ့။  ဒါက အဓိက အချက်ပါပဲ။

ဒါတွေအပြင် ခိုင်မာတဲ့ ယုံကြည်ချက် မရှိ၊ ကိုယ့် အသိဉာဏ်ကို မရိုသေကြပုံများ အွန်လိုင်း နာမည်ကျော် ဒီမိုဆိုသူတွေတင်မက စာနယ်ဇင်းမှာ တရားဝင် ကလောင်ကိုင် စာရေးနေသူ နာမည်ကြီးတွေပါ သီတဂူ မိန့်ခွန်းကို တလွဲ ဇွတ် အနက်ကောက်ကြတယ်။  အရူးတွေမှ မဟုတ်တာ သူတို့လည်း သိသင့်သလောက် သိမှာပေါ့။  တကယ်တော့ ကျား-ကျား မီးယပ် လုပ်ချင်ကြတာပါ။  ကိုယ့်ကလောင်ကို တန်ဖိုးမထား မရိုသေကြတာပါ။

ဒါကြောင့် ကျနော် အမြဲ တောင်းဆိုတတ်ပါတယ်။  ကျနော့်ကို ဒိမိုကရေစီစာရင်း မသွင်းကြဖို့၊ (သူတို့လို) ကလောင်ကိုင် စာရေးသူ စာရင်းလည်း မထည့်ကြဖို့ပါ။  လိပ်ပြာသန့်ချင်လို့ပါ။  သူတို့နဲ့တူတယ် ထင်ခံရမှာ အန်ချင်လို့ပါ။

တကယ်တမ်း သီတဂူဆရာတော် ဟောသွားတာတွေ ထပ် အနှစ်ထုတ် ပြရင် ခင်ဗျားတို့  ပို စိတ်ဆိုးမယ်။  အဲဒီလို သြဇာကြီး လူကြည်ညိုများတဲ့သူတွေ ပညာရပ် စကားလုံး အတတ်ပညာ သီဖွဲ့မှုနဲ့ ပါးပါးလေးတွေ ဟိုပုတ် ဒိပုဒ် နှစ်ဖက်ခွ မီးစ တဖက် ရေမှုတ် တဖက်လုပ်တာက နာမည်ကျော် နိုင်ငံတကာ မျက်နှာဖုံးရှင် အစွန်းရောက် ကိုယ်တော်တွေရဲ့ အမုန်းစကားတွေထက် တိုင်းပြည်အပေါ် အနာဂတ်အတွက် အန္တရာယ်ကြီးပါတယ်။  ဘာသာရေးတိုင်းပြည်လုံးလုံး ဖြစ်စေမယ်။

အများဆန္ဒရှိလို့ အဲဒီလို တိုင်းပြည်စနစ်သွားချင်ရင် သွားပါ။  ကိုယ့်ရွေးချယ်မှုပါ။  ကျနော်ကတော့ မရွေးချယ်ဘူး။  ကိုယ့်သားသမီးမြေးမြစ်ကိုလည်း အဲဒီလို ခေတ်နောက်ပြန်စနစ်တခုကို အမွေမပေးလိုဘူး။  ဒါကြောင့် တနိုင် အသံထွက်ခြင်းပါပဲ။

ပြန်ချုပ်ရရင် -- 

ခင်ဗျားတို့ ဘာသာ ဘုန်းကြီး လု ကြပါ။
ကျနော်ကတော့ လူပုဂ္ဂိုလ်၊ နာမည် ကိုးကွယ်မှုမရှိပါ။
ထွက်တဲ့ စကား၊ ဟောတဲ့ တရားကိုသာ နားထောင်သုံးသပ်ပါတယ်။
လူလာပြီးတော့ ဘုန်းကြီး စော်ကားတယ်တော့ မဆိုချင်ကြပါနဲ့..။
ဘုရားနဲ့တွေ့ရင် ဘုရားက ကျနော့်ကို ထောက်ခံမှာပါ။
ဘုရားတွေနဲ့ ကျနော်နဲ့က အဆင်ပြေပါတယ်။  ဘုန်းကြီးတချို့၊ လူတချို့နဲ့သာ အဆင်မပြေရင်သာနေပါ့မယ်..။  
မစိုးရိမ်ပါနဲ့။  ဘုရားက ကျနော့်ဘက်မှာပါ..။

ငြိမ်းချမ်းအေး
အောက်တိုဘာ ၀၅၊ ၂၀၁၅

(ပြန်လည်ဝေဖန်ရန် လွတ်လပ်စွာ မှတ်ချက်ပြုနိုင်သည်၊ - nyeinchanaye81@gmail.com ဘသို့လည်း စာရေးနိုင်သည်။)

ဆက်စပ် ပထမ ဆောင်းပါး (မိန့်ခွန်းသုံးသပ်ချက် အာဘော်အမြင်) ပြန်ဖတ်လိုပါက --
"ခင်ဗျားတို့ပြောတဲ့ ဘာသာရေး ကျဆုံးပါစေ"

---

ရန်ကုန်မြို့သုဝဏ္ဏအားကစားရုံ ၁ မှာ အောက်တိုဘာလ ၄ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲ ဂုဏ်ပြုပွဲအခမ်းအနားမှာ သီတဂူဆရာတော် ဟောကြားခဲ့တဲ့ မိန့်ခွင်းတရား ကြည့်ရှုနားဆင်ရန် --


အသံဖိုင် Download Link: