ရန်လင်းအောင် - မင်နီမှော်ရုံတော

 
 ရန်လင်းအောင် - မင်နီမှော်ရုံတော
(မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၅

ငယ်ငယ်တုန်းကပေါ့
မင်နီကြက်ခြေအပြည့်နဲ့ ငါ့စာအုပ်
မင်းကြည့်ပြီးလှောင်ရယ်တော့
ငါ့မှာ ငိုမဲ့မဲ့ ၊

အလှည့်ကျ မင့်စာအုပ်
ရဲပတောင်းခတ်မင်နီများ
ငါဟားတိုက်ရယ်တော့
မင်းဟာ ရှုံ့မဲ့မဲ့ ၊

ဟုတ်တယ်
မင့်အမှား ငါထိုင်ရယ်လို့
ငါအမှန်တွေ့ပါ့မလား
ငါ့အမှား မင်းလှောင်ပြောင်လို့
မင်းရောအမှန်တွေ့လို့လား

ကလေးစိတ်ဟာ
ငယ်တုန်းပဲချစ်ဖို့ကောင်းပါတယ် ။             ။

ရန်လင်းအောင်
၆.၁၀.၂၀၁၅