ဘကြီးမိုး - အရှက်နှင့်ဘကြီးမိုး


ဘကြီးမိုး - အရှက်နှင့်ဘကြီးမိုး
(ကုမုဒြာဂျာနယ်) မိုးမခ၊ အောက်တိုဘာ ၁၀၊ ၂၀၁၅


    အခုတစ်လော လူကြီး လူကြီးဆိုတဲ့ လူတွေပြောပြောနေတဲ့ စကားတွေက ဘာလဲဆိုတော့ ‘ ပြုပြင် ပြောင်းလဲရေး’ စကားလုံးဟာ ခေတ်စားလာတော့ ပြုပြင်ပြောင်းလဲရေးလုပ်တာ သူတို့က စတာပါလို့ ပြောပြော နေကြပါတော့တယ်။ တစ်ယောက်ကများဆိုရင် သည်နေ့ လူတိုင်း လူတိုင်း လက်ကိုင်ဖုန်းတွေနဲ့ ဖြစ်လာကြ တာ၊ ပြုပြင်လာတာ ပြောင်းလဲလာတာ မဟုတ်ဘူးလာတဲ့။ အတော်ခွကျတဲ့ စကားပဲခင်ဗျ။ ကမ္ဘာနဲ့အဝန်း ဝယ် ယူလို့ အလွယ်ဆုံး၊ ဈေးအပေါဆုံး၊ လူတိုင်းသုံးနိုင်တဲ့ ပစ္စည်း၊ သုံးနိုင်တဲ့အရာဟာ လက်ကိုင်ဖုန်းနဲ့ မော်တော် ကား ဖြစ်ပါတယ်။ ကမ္ဘာနဲ့အဝန်း ဘယ်လောက်လစာနည်းတဲ့ ဝန်းထမ်းမဆို မော်တော်ကားကို အရစ်ကျဝယ်လို့ ရတယ်လေ။ လက်ကိုဖုန်းရဲ့ ဆင်းမ်ကတ်ကိုတော့ နိုင်ငံတစ်ခုထဲအဝင် လေဆိပ်မှာကတည်းက အလကားပေး တာ။ လူတိုင်း လူတိုင်းလည်း ဆင်းမ်ကတ် အလကားရနိုင်တယ်။ ဖုန်းကုမ္ပဏီတွေက အလကားပေးကြတာ။ အ လကားပေးဆို ဖုန်းကတ်တွေရတဲ့သူတိုင်း ဖုန်းနဲ့စကားပြောကြတယ်။ ဖုန်းစကားပြောခကမှ ပိုက်ဆံရတာလေ။

    အဲသည်လို ကမ္ဘာမှာ အပေါဆုံးနဲ့ အလွယ်ဆုံး ဝယ်လို့ရ သုံးလို့ရတဲ့ မော်တော်ကားနဲ့ လက်ကိုင်ဖုန်း တွေဟာ ဘာဖြစ်လို့ ဘာဖြစ်လို့များ မြန်မာပြည်မှာ အရှားပါးဆုံး ဖြစ်နေခဲ့ကြတာလဲ၊ ဘယ်လက်ထက်မှာ ဖြစ်ခဲ့ တာလဲ၊ လက်ကိုင်ဖုန်းတစ်လုံး သန်း ၄၀၊ ၅၀ ဖြစ်ခဲ့တာ ဘယ်တုန်းကလဲ၊ အဲသည်လို အပိုဆောင်းငွေတွေ  ဘယ်သူတွေအိတ်ထဲ ရောက်သွားကြတာလဲ။ စားလို့ စားပိုးနင့်မှ ဖြေလျှော့ပေးလိုက်ကြတာ။ ဒါကိုများ ပြုပြင် ပြောင်းလဲမှုလုပ်တာ ကျုပ်တို့ပဲလို့ ပြောရဲလိုက်တာ၊ ပြောရက်လိုက်တာ။

    နောက်ဆုံးပေါ်ပြဿနာက ရွေးကောက်ပွဲကော်မရှင်နဲ့ ကော်မရှင်ဥက္ကဌပဲခင်ဗျ။ ထက်မြက်ထူချွန်တဲ့  စစ်ဘက်က ထိပ်ဆုံးပိုင်းမှာပါတဲ့ ဦးတင်အေးကို သမ္မတတို့၊ လွှတ်တော်ဥက္ကဌတို့၊ ဒုသမ္မတတို့၊ အစိုးရအဖွဲ့ရဲ့ အာဏာပါဝါရှိတဲ့ နေရာ ရာထူးတွေကို ဘာ့ကြောင့်များ မပေးဘဲ ဘာပါဝါ၊ ဘာအာဏာ၊ ဘာလုပ်ပိုင်ခွင့်မှ မရှိတဲ့ ရွေးကောက်ပွဲကော်မရှင် ရာထူးကို ပေးပါလိမ့်လို့ ဘကြီးမိုး အံ့သြမိဖူးတယ်ခင်ဗျ။ ခုတော့ ထိပ်ချမှ ဓားပြမှန်းသိ ဆိုသလို သြော်… နေရာချထားတဲ့ ပုဂ္ဂိုလ်ကြီး ညဏ်ပညာကြီးကျယ်ပါပေတယ်။ ကလိမ်စေ့ငြမ်းဆင် အကွက် စေ့ပါပေ့ဆိုပြီး လက်ဖျားခါရပါတယ်။

    ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်က ၂၀၁၀ လွှတ်တော်အစိုးရ တက်လာပြီးတဲ့နောက်မှ တာဝန်ပေး ခန့်ထားတာဖြစ်လေတော့ ကော်မရှင်တာဝန်က ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့လေ။ ၂၀၁၅ မနီးခင်တော့ အ ရေးမပါသေးဘူး၊ နီးလာလေလေ အရေးပါလာလေပါကလား ဟရို့။
    ပထမဆုံးလွှတ်တော်ကိုယ်စားလှယ်လောင်း တင်သွင်းဖို့ ကြေငြာရတယ်။ တင်သွင်းလာတဲ့ ကိုယ်စား လှယ်စာရင်း အပယ်ခံရသူများ ထွက်လာပါတယ်။ ကြံ့ခိုင်က မပါဘူးခင်ဗျ။ အင်န်အယ်လ်ဒီနဲ့ လူမျိုးစုတွေထဲက ပါတာတွေ့ရပါတယ်။ အနည်းအပါး အတိမ်းအစောင်းတို့ ကိုယ့်ဘက်သူ့ဘက်လိုက်တာမျိုး ပါးပါးလေးတွေတော့ ရှိပေမပေါ့လေ။

    နောက် မဲစာရင်းတွေပြုစုဖို့၊ ထုတ်ပြန်ဖို့ ရှိလာတယ်။

    မဲစာရင်း မပြုစုခင် အခြေခံအားဖြင့် သန်းခေါင်စာရင်းကောက်ရတာ ပထမလုပ်ထားနှင့်ရပါတယ်။ သန်း ခေါင်စာရင်းကောက်ဖို့ကိုလည်း နိုင်ငံတကာငွေကြေးထောက်ပံ့မှု အကူအညီတွေ အများကြီး ရရှိလုပ်ကိုင်ခဲ့ပါ တယ်။ အရင် မြန်မာပြည်ရဲ့ လူဦးရေ သန်း ၆၀ ရှိတယ်လို့ ပြောပြောနေရာက သန်းခေါင်စာရင်းကောက်ယူ လိုက်တော့  ၅၁ သန်းပဲရှိနေတာ တွေ့ရပါတယ်။ ဘုရား ဘုရား ပျောက်ဆုံးနေတဲ့ ကိုးသန်းဟာ ရွှေ့ပြောင်းလုပ် သားတွေများလား။ ရွှေ့ပြောင်းလုပ်သားစာရင်း လေးငါးသန်းလောက်ပဲ ရှိတယ်လို့ဆိုပါတယ်။

    ရွေးကောက်ပွဲကော်မရှင်က ရှေးဦးပထမ မဲစာရင်းကြေငြာချက်ထွက်လာပါတယ်။ အဲသည်မဲစာရင်းကို လည်း ရုံးတွေမှာ ကပ်ထားတာခင်ဗျ။ ပြည်သူလူထုက သွားကြည့်ရမယ်တဲ့။ သွားကြည့်တော့ လာဖြစ်လဲ။ အ မှားတွေ အများကြီး အများကြီးပါတာ တွေ့ရတာပေါ့။ သက်ရှိထင်ရှားရှိနေသူများ မပါဝင်သလို သက်ရှိထင်ရှား မရှိတဲ့သူတွေလည်း ပါလာတာကို တွေ့ရပါတယ်။ သည်မှာတင် မကျေမနပ်အသံတွေ ထွက်လာပါတယ်။ ထွက် လာတဲ့စာရင်းကတော့ ပိုးဆိုးသေးဗျ။ အက္ခရာစဉ်နဲ့ထွက်လာ၊ ကပ်ထားလေတော့ အရက်သောက်စရာမလိုဘူး၊ မဲစာရင်းသွားကြည့်လို့ ကာတွန်းဆရာတွေက သရော်တဲ့အဆင့်ရောက်ပါတယ်။ အဲသည် နောက်ဆုံးအကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းဟာ ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်တယ်လို့ ကော်မရှင်ဥက္ကဌက ပြောတဲ့အပြင် မဲစာရင်းအမှးတွေ ကို ပြင်ဆင်ဖို့၊ တင်ပြဖို့ ပြည်သူမှာ တာဝန်ရှိသတဲ့၊ သွားကြည့်ကြပြီး လျှောက်ထားတင်ပြရမယ်တဲ့။

    ဒါဆို ရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်က ဘာပါလိမ့်။ ပိုက်ဆံတွေ သောက်သောက်လဲသုံးပြီး (နိုင်ငံ တကာကလည်းပေး၊ နိုင်ငံတော်ကလည်းပေးပေါ့) လုပ်ခဲ့တာ အမှားတွေချည်း ဘာ့ကြောင့် ထွက်လာပါလိမ့်။ မှားကြောင်းကို သွားကြည့်ရမယ်၊ ပြင်ဆင်ဖို့ တင်ပြရမယ့် တာဝန်က ပြည်သူလူထုတာဝန်တဲ့ခင်ဗျ။ ပြောရဲလိုက် တာ၊ ပြောရက်လိုက်တာ။ ပြီးတော့ ပြောသေး။ မဲစာရင်းထုတ်ပြန်ရာမှာ မှားယွင်းသွားရတာကတော့ ကွန်ပြူတာ ဆော့ဖ်ဝဲကြောင့်လို့ ဆိုပါတယ်ခင်ဗျ။ အတော်ခွကျတတနိုင်တဲ့ စကားပဲခင်ဗျ။

    ကွန်ပျူတာဆိုတဲ့ပစ္စည်းဟာ အချက်အလက်တွေကို အမြန်ဆုံး၊ အမှန်ဆုံး တွက်ချက်နိုင်တဲ့စက်လို့ ဆို သကိုး။ ဒါပေမယ့် စက်ခင်ဗျ။ စက်ထဲကို လူတွေက ထည့်သွင်းလိုက်တဲ့ အချက်အလက်တွေကို တွက်ချက် ထုတ်ပြန်ပေးရတာလေ။

    သည်နေရာမှာလည်း ဂျာနယ်တစ်စောင်ထဲမှာ တွေ့လိုက်ရ ဖတ်လိုက်ရတာကတော့ ကွန်ပျူတာဆိုတဲ့ သူက သူ့အမှားပါ၊ သူ့အမှားကြောင့် ဖြစ်ရတာမို့ သူရှက်ပြီး သူ့ကိုယ်သူ သက်သေသွားပါသတဲ့။

    အရှက်နှင့် ဘကြီးမိုးပါ။