ရောက်ဖြစ်အောင်တော့ ရောက်ခဲ့တယ် MV Logos Hope

ရောက်ဖြစ်အောင်တော့ ရောက်ခဲ့တယ် MV Logos Hope
ရန်နောင် (ဗိုလ်တထောင်)   မိုးမခ  အောက်တိုဘာ  ၆ - ၂၀၁၅
နေပူထဲ တန်းစီစောင့်ဆိုင်းနေသော ပြည်သူများ


          ပြီးခဲ့တဲ့ လကုန်ပိုင်းလောက် ကတည်းက နေရာတိုင်းမှာ ကြော်ငြာတွေနဲ့ ထင်ထင်ရှားရှား ကပ်လာတဲ့ ကြော်ငြာတစ်ခုဟာ ကျနော်တို့လို စာအုပ်ချစ်သူတွေ ရင်ထဲကို သည်းခြေခိုက်သွားစေတယ်။  ဂျာမနီ နိုင်ငံ အခြေစိုက် (GBA ) သင်္ဘောများအသင်းကနေ စတင်ဖွဲ့စည်းခဲ့တဲ့ MV Logos Hope သင်္ဘောဟာ မြန်မာနိုင်ငံ ရန်ကုန်မြို့ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး စာအုပ်များကို လာရောက်ရောင်းချမယ်ဆိုတာကြောင့် စိတ်ဝင်စားစွာနဲ့ စောင့်မျှော်နေခဲ့တာပေါ့။
တန်းစီနေသော ကျောင်းသား၊သူများ








          အောက်တိုဘာ (၂) ရက်နေ့ သင်္ဘောကြီး ရန်ကုန်မြစ်အတွင်းကို ဝင်ရောက်လာချိန်မှာ သူငယ်ချင်းတွေ ဘယ်လိုသွားမယ်၊ဘယ်ပုံသွားမယ်နဲ့ ရင်ခုန်စွာတိုင်ပင်ခဲ့ကြတယ်။
          အောက်တိုဘာ (၃) ရက် စနေနေ့ မနက် (၁၀) နာရီမှာ စာနယ်ဇင်းရှင်းလင်းပွဲ လုပ်တော့လည်း ကျနော်က မအားတော့ နေ့လယ် အများပြည်သူ ဖွင့်တဲ့ အချိန်မှသာ သွားပြီး သတင်းယူဖို့ ဆုံးဖြတ်လိုက်တယ်။

          နေ့လယ်ဘက် သွားမယ်ဆိုတော့ နေ့လယ် (၁)နာရီ မှာ Yangon Run  Way Girls Collection ပွဲအတွက် စာနယ်ဇင်းရှင်းလင်းပွဲ ရှိပြန်တော့ သွားရပြန်ရော။
          ပွဲပြီးတော့ နှစ်နာရီ ထိုးနေပြီ။ အဆိုတော် ဘန်နီဖြိုး အဖေ အကိုကြီး ကိုရဲဝင်း ကလည်း သူလည်းသွားမှာ ၊ လိုက်ခဲ့ဆိုတော့ သူ့ကားလေးနဲ့ သင်္ဘောကြီးပေါ် ကို ကျော့ကျော့လေး ရောက်ရပြီပေါ့ ဆိုပြီး လိုက်သွားတာပေါ့။

          ဆင်မင်းဈေးနားရောက်တော့ ကိုရဲ က ယာဉ်ထိန်းရဲကို မေးပြီး အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားထားတဲ့ MV Logos Hope စာအုပ်သင်္ဘောပေါ်ကို  တက်ဖို့ တန်းစီတဲ့ နေရာကို ရောက်ခဲ့တယ်။

          တန်းစီနေတဲ့ လူအုပ်က မနည်းမနောပဲကိုး။ ဆရာမ ဂျူနီယာတို့ သားအမိလည်း လာမယ်ဆိုတော့ ဖုန်းဆက်မေးကြည့်တော့ သူတို့လည်း တန်းစီတဲ့ လူအုပ်ကို ကြည့်ပြီး ပြန်သွားတယ်တဲ့။
          ကိုရဲ ကတော့ ဖတ်ကနဲနဲ့  တန်းစီလိုက်တာ ရှေ့ကို ဘယ်လို ရောက်သွားလဲ မသိဘူး။ ပုံမှန်ဆို အကြာကြီး တန်းစီရမယ့်ဟာ ကိုရဲ ကြောင့် ကားပေါ်ကို နှစ်သုတ်လောက်စောင့်ပြီးရောက်ခဲ့ရတယ်။
          ကျနော်တို့ မြန်မာပြည်သူတွေဟာ ဒီလို နိုင်ငံတကာဆိပ်ခံဘောတံတား မှာ အများပြည်သူ သွားလာခွင့် မရှိဘူးဆိုတာ မသိတော့ ကားနဲ့ ကြိုပို့ လုပ်ပေးတာကို ကြာတယ်ထင်တာပါ။ ကြိုပို့ကားသုံးစီးနဲ့ ကြိုပို့ လုပ်ပေးပေမဲ့ လူက တအားကိုများတော့ မနိုင်ရင်ကာပေါ့။
          သင်္ဘောပေါ်သွားမယ့်သူလဲ တန်းစီ၊ သင်္ဘောပေါ်က ပြန်မယ့်သူလဲ တန်းစီပေါ့။ ကျနော့်ရှေ့ကားမှာ  ၈၈ က ကိုဂျင်မီကို တယောက်ထဲ တွေ့လိုက်ရသေးတယ်။

လာရောက်ကြောင်း စာရင်းသွင်းနေစဉ်

သင်္ဘော ဖွဲ့စည်းပုအကြောင်း ရှင်းပြနေစဉ်

          ကားပေါ်က ဆင်း ၊ သင်္ဘောပေါ်မတက်ခင် စာရင်းသွင်း ၊လက်မှတ်ထိုးပေါ့။ သင်္ဘောလှေခါးကို တက်တော့ အရင်တုန်းက သင်္ဘောသားဘဝကို ပြန်တမ်းတမိသေးရဲ့။ ဟိုအရင်တုန်းကတော့ ဒီလိုလှေခါးကို စတက်ရင် ရင်ခုန်စွာနဲ့ တက်ခဲ့ရတာလေ။ ခုဟာကတော့  အပျော်လေ့လာရေးဆိုတော့ ရင်ခုန်ခြင်းကင်းစွာနဲ့ သင်္ဘောကြီးပေါ် ရောက်ခဲ့တယ်။
          လေအေးစက်တွေ အပြည့်လွှတ်ထားတဲ့ သင်္ဘောပေါ်မှာတော့ လူတွေက အပြည့်ပဲလေ။ သင်္ဘောပေါ်တက်တက်ချင်း မှာပဲ အသက်ကယ်လှေပုံ လုပ်ထားတဲ့ အပေါ်မှာ လူတချို့ ထိုင်နေကြပြီး သင်္ဘောပေါ်က ဝန်ထမ်းတယောက်က သင်္ဘောရဲ့ ဖွဲ့စည်းပုံကို ရှင်းပြနေပါတယ်။




          စာအုပ်တွေ ဝယ်ဖို့  ခြင်းတောင်းလေးတွေ ထားပေးထားတယ်။ စာအုပ်တအုပ် တန်ဖိုးကလည်း အများကြီးတော့ မဟုတ်ပါဘူး ။ ၂၅ ယူနစ်ကို မြန်မာငွေ ခြောက်ရာကျပ်ပါ။ ၁၀၀ ယူနစ်ကို ၂၄၀၀ ကျပ်ပေါ့။ ပို့စကဒ်တခုကတော့ ၂၅ ယူနစ်ပါ။ သင်္ဘောပုံ ပို့စကဒ်လေးတွေပေါ့။ ဆရာရစ်တို့ အတွက် လက်ဆောင်ဝယ်ပေးချင်ပေမဲ့ ငွေချေဖို့ တန်းစီနေတဲ့ လူအုပ်ကတင် နည်းတာမဟုတ်တော့ လက်လျှော့လိုက်တယ်။
ကော်ဖီသောက်ရန် တန်းစီနေသော မနီလာသိန်း




စာအုပ်ဝယ်ယူပြီး ငွေချေရန် စောင့်ဆိုင်းနေသူများ


ကော်ဖီဆိုင်က ဖျော်ဖြေရေး

          သင်္ဘောပေါ်မှာ စားသောက်ဆိုင်ရှိတော့ ကော်ဖီလေးသောက်ချင်ပေမယ့်လည်း တန်းစီနေတဲ့လူအုပ်က တလှေကြီးလေ။ ဒီတော့မှ မနီလာသိန်း ကို တွေ့တယ်။သူ့သမီးလေးနဲ့။  ` အမ က ဒီမှာ၊ ကိုဂျင်မီက ဟိုးမှာ ´ ဆိုတော့ ` အေး၊ ငါလည်း ကိုဂျင်မီ ကို့ရှာနေတာ ´ လို့ ပြန်ပြောတယ်။ ကဗျာဆရာစောဝေ ကိုလည်းတွေ့ခဲ့ရသေးပါတယ်။
          ကျောင်းတွေ ကျောင်းတွေက ဆရာတွေနဲ့ ကျောင်းသားကျောင်းသူတွေလည်း လာရောက်လေ့လာကြတာကို တွေ့ခဲ့ရတာပေါ့။
          စာအုပ်သင်္ဘောကြီးက အောက်တိုဘာလ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှာ ဆိုက်ကပ်ရပ်နားပြီး စာအုပ်တွေကိုခင်းကျင်းပြသထားမှာပါ။ တနင်္လာနေ့ကနေ စနေနေ့ အထိတော့ နံနက် (၁၀) နာရီ မှ ညနေ  ( ၆) နာရီ အထိ ဖွင့်လှစ်ပြသထားမှာ ဖြစ်ပြီး  တနင်္ဂနွေနေ့တွင်တော့ နေ့လယ် (၁) နာရီ မှ ညနေ ( ၆) နာရီ အထိ ဖွင့်လှစ်ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဝင်ကြေးအခမဲ့ ဖြင့် မည်သူမဆိုလာရောက်လေ့လာ ဝယ်ယူနိုင်သည်။
          သင်္ဘောကြီး၏ ငါးထပ်မြောက်တွင် စာအုပ်များ၊တိပ်ခွေများ၊ ပို့စကဒ်များကို ခင်းကျင်းပြသထားပြီး မှတ်တမ်းရုပ်ရှင်ကားများ၊ စားသောက်ဆိုင်များကိုလည်း ထိုအထပ်တွင်ပင် ဖွင့်လှစ်ထားရှိသည်။
          ချက်နည်းပြုတ်နည်းစာအုပ်များ၊ ကလေးစာပေများ၊ဂန္တဝင်စာအုပ်များ ၊ပုံပြင်စာအုပ်များ ၊စီဒီသီချင်းခွေများ၊ ရုပ်ရှင်ကားများ တို့ကို ဝယ်ယူနိုင်ပြီး တချို့ စာအုပ်များ ၊အခွေများကို ခြောက်မျိုးလျှင် ခြောက်ထောင်ကျပ် နှင့် ရယူနိုင်သည်။ ဈေးနှုန်းသက်သာသော်လည်း ငွေချေရာတွင် စောင့်ဆိုင်းသူများပြားသောကြောင့်သာ မဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
          စာအုပ်သင်္ဘောကြီးကို ဂျာမနီနိုင်ငံအခြေစိုက်(GBA ) သင်္ဘောများအသင်းအဖွဲ့မှ ၂၀၀၉ တွင် စတင်ခဲ့ပြီး နိုင်ငံပေါင်း ၃၀ရှိ သင်္ဘောဆိပ်ကမ်း ၄၀ ၌ ဆိုက်ကပ်၍ စာအုပ်များ ခင်းကျင်း ရောင်းချခဲ့ပြီး ဖြစ်သည်။
          MV Logos Hope သင်္ဘောသည် နိုင်ငံတကာလှည့်လည်၍ စာအုပ်ရောင်းချခြင်းအပြင် ၎င်းတို့ရောက်ရှိသည့် မြို့များတွင် ဆေးဝါးကုသသည့်လုပ်ငန်းများ၊ပညာပေးသင်တန်းများ ၊ရေသန့်စင်လုပ်ငန်းများ အပါအဝင် လူမှု အကျိုးပြုလုပ်ငန်းများကိုလည်းဆောင်ရွက်မည်ဖြစ်ကြောင်း ထိုသင်္ဘောမှ မီဒီယာဆက်ဆံရေးအရာရှိ Ivy Chiu ကပြောပြခဲ့သည်။
          ထိုသင်္ဘောကြီးသည် မြန်မာနိုင်ငံမှတဆင့် သီရိလင်္ကာနိုင်ငံသို့ ဆက်လက်ထွက်ခွါမည်ဖြစ်ပြီး အရှေကတောင်အာရှ ခရီးစဉ် ပြီးဆုံးမည်ဖြစ်ခါ အာဖရိကတိုက်သို့ ဆက်လက်ထွက်ခွါမည်ဖြစ်သည်။ရန်ကုန်ကို နောက်ထပ် ငါးနှစ်လောက်ကြာမှသာ ထပ်မံရောက်ရှိမည်ဖြစ်ကြောင်းလည်း မစ္စတာ Ivy Chiu က ဆက်လက် ပြောပြခဲ့သေးသည်။
သင်္ဘောပေါ်က ပြန်ဆင်းလာသူများ

          ကျနော်တို့ လည်း ဟိုစပ်စပ် ဒီစပ်စပ် လှည့်လည် ကြည့်ရှုရင်း ပြန်ရန်အတွက် ကားကို စီးရန် တန်းပြန်စီရပြန်သည်။ တော်တော်နှင့် ကားစီးဖို့ အခွင့်အရေးမသာခဲ့ချေ။ ထိုစဉ် လူတယောက်မှ ညှိုနှိုင်းမှုကြောင့် အများပြည်သူများ လမ်းလျှောက်ခွင့်ရသွားခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ စာအုပ်ပွဲတော် ကျင်းပရာ သင်္ဘောကြီးပေါ်သို့တော့ ရောက်ခဲ့ရကြောင်းပါ။