အေအမ်တီ - သစ်ပင်စိုက်ခြင်း


အေအမ်တီ - သစ်ပင်စိုက်ခြင်း
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

သစ်ပင်တွေဟာဖြင့် ခေတ်မီကြတယ်
သူတို့လိုပဲ ကမ္ဘာမြေကို ငါပေါင်းတော့မလို့ 
သူတို့ဟာ တံတွေးမထွေးဘူး
(၂၄) နာရီလုံး စုပ်ယူတယ်
ခံမပြောဘူး ခံယူပစ်တယ်
ဆန်းသစ်တယ်။

သူတို့ဆိုတဲ့တေးတွေ အမြဲစိမ်းလန်းတယ်။
တို့နဲ့ ကြမ္မာတူတာတွေလည်း
ငါမြင်မိရဲ့…
သင်းသတ်တာမျိုး
တောအရှင်းခံရတာမျိုးတွေပေါ့။

မတတ်နိုင်ဘူးလေ
ထင်းဖြစ်လည်း ဖြစ်ပစေတော့
သစ်ပင်တွေလိုပဲ
ကမ္ဘာမြေကို ငါပေါင်းတော့မယ်။

AMT
မော်လမြိုင်ထောင်အမှတ်တရ