ဒီလူည - တံငါရွာ

ဒီလူည - တံငါရွာ
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

မနက်လင်းပြီဆိုတာနဲ့ ဆာလောင်မှုက ထငိုတယ်
ရင်ကိုထုတ်ချင်းဖောက် ဓားတန်းလန်းနဲ့ ပျံသန်းနေတဲ့ခရီးမှာ
ပိုက်ကွန်တစ်ခုရယ် လှေကလေးတစ်စင်းရယ် တံငါသည်တွေရယ်
ပင်လယ်ထဲ ပန်းချီကားတစ်ချပ်လို မိုးသားတွေမည်းလို့
မြစ်လိုဖြာနေတဲ့ ညနေခင်းထဲ မွန့်ခ်ျရဲ့အော်သံတွေ
တစ်ဖန်အသက်ဝင် ရှင်သန်နိုးထ လက်လက်ကိုထလို့
ကချင်ပြည်သူတွေပါမယ်
ရှမ်းပြည်သူတွေပါမယ်
အီရတ်ပြည်သူတွေပါမယ်
ပါလက်စတိုင်းပြည်သူတွေပါမယ်
တောင်ဆူဒန်ပြည်သူတွေပါမယ်
ရှရားခရီးသည်တွေပါမယ်
ပါရီကသူတွေပါမယ်
ခါချရင် ကျမယ့်ဆုတောင်းမျိုးနဲ့
ဒီမှာ ကြယ်တွေကြွေတိုင်း ဆိုနေမိတဲ့သီချင်း
ဒီကွန်မှာ မိသွားတဲ့ငါးတွေ ဘယ်မှတ်တိုင်မှာ ပြန်ရှာရမှာလဲ
တောင်လိုပုံနေတဲ့တောင်တန်းတွေနဲ့
အိပ်မက်နဲ့အပြည့်ယက်ထည့်ထားတဲ့ လမ်းတွေနဲ့
ဒီရွာမှာ  ဒီတံငါရွာမှာ
ကျည်ဆံတွေ ဘုရားပန်းအိုးဖြစ်ဖို့
ယမ်းမှုန့်တွေ မီးပန်းဖြစ်ဖို့
ဘုရားစင်ရယ် လပြည့်ညတွေရယ်
ဒီရွာမှာ ဒီတံငါရွာမှာ ဘယ်တော့များရယ်လို့
လှိုင်လှိုင်ပွင့်နေတဲ့ ပန်းဥယျာဉ်လေး
အပင်တိုင်း ပိုးကျလို့။    ။

ဒီလူည