ဗိုလ်ထက်မင်း - စိန်ခေါ်မှုတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၁)

2015 April - file photo

ဗိုလ်ထက်မင်း - စိန်ခေါ်မှုတွေရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး တိုက်တွန်းချက် - အပိုင်း (၁)
 (မိုးမခ) နိုဝင်ဘာ ၁၉၊ ၂၀၁၅

၁။ ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်အတွင်း ဂယက်ရိုက်သွားကာ အင်အားကြီးပါတီကြီးနှစ်ရပ် အပေါ် အရာရှိအရာခံအကြပ်တပ်သားများရဲ့တုန့်ပြန်ဝေဖန်သံများကို စုစည်းဖေါ်ပြမည်ဖြစ်ပြီး စိန်ခေါ်မှူတွေ ကျော်လွှားနိုင်စေဖို့အမျိုးသားပြန်လည်သင့်မြတ်ရေး အကြံပြုချက်တွေကို    တင်ပြသွားမှာဖြစ်ပါတယ်။

 ရှေးဦးစွာ နိုဝင်ဘာ ၁၁ရက်နေ့က တပ်မတော်စည်းရုံးရေး ဗဟိုဦးစီးကော်မတီရဲ့ (၇/၂၀၁၅) ကြိမ်မြောက် အစည်းအဝေးမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ မိန့်ခွန်း ဟာ ရွေးကောက်ပွဲအပေါ် သူရဲ့သဘောထား ထင်ဟပ် စေတာကြောင့် အောက်ပါအတိုင်း ကောက်နှူတ် ဖေါ်ပြပေးလိုက်ပါတယ်။

- ရွေးကောက်ပွဲအလွန်ကာလတွင် အစိုးရသစ်နှင့် လက်တွဲပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်။ မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းဖြင့် ပြည်သူလူထုရဲ့ နားလည်ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်တယ်၊ အသံထွက်တာဟာ တပ်ရင်း/တပ်ဖွဲ့များအတွင်း မဲပေးရာမှာ အချို့မှားယွင်း လုပ်ဆောင်မှုများရှိနိုင်တယ်၊ ယင်းမှာလည်း ရိုးရိုးသားသား မှားယွင်းလုပ်ဆောင်တာ ဖြစ်နိုင်သလို ကြိုတင်မဲနှင့် စပ်လျဉ်းပြီး မိမိတို့စည်းကမ်းနှင့်အညီ အမှန်အတိုင်း ဆောင်ရွက်ခဲ့တယ်လို့ယုံကြည်တယ်၊ ဒါပေမဲ့လည်း မှားယွင်းမှုများ စိစစ်ဖော်ထုတ်ရပါက တာဝန်ရှိသူများကို စည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်တယ်။
-  ၂၀၁၀ခုနှစ် ပထမအကြိမ် အထွေထွေရွေးကောက်ပွဲ တုံးက ပြည်သူလူထုက ရွေးချယ်ခဲ့တဲ့ အချို့ကိုယ်စားလှယ်များ အနေနဲ့ လက်တွေ့မှာ မျှော်လင့်ထားသလောက် လုပ်ဆောင်နိုင်မှု မရှိခဲ့တာတွေ့ရတယ်။ ယခု၂၀၁၅ခုနှစ် ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကျတော့ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်အင်အား ပိုမိုများပြားရာ စိစစ်ရွေးချယ်မှုအားနည်းလို့အများက ယုံကြည်မှုနဲ့ မဲပေးခဲ့ကြလို့ ကိုယ်စားလှယ်များဟာ ယုံကြည်သည့် အတိုင်း ဖြစ်လာလိမ့်မည်ဟု မျှော်လင့်တယ်။
 - ဒုတိယသက်တမ်း အတွက် ပြုလုပ်တဲ့ အထွေထွေရွေးကောက်ပွဲမှာ လုပ်ဆောင်ဖွယ်ရာများကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက် သွားကြ ရမည်ဖြစ်တယ်၊၊ ပြည်သူလူထုအား ကိုယ်စိတ်နှစ်ပါးချမ်းသာစေရေး လုပ်ဆောင်ပေးဖို့လိုအပ်တယ်။ တရားဥပဒေစိုးမိုးခြင်း၊ တပ်မတော်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ ရှိစေရေး ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်တယ်၊တပ်မတော်၏ အဓိကတာဝန်ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရေး၊ ဒို့တာဝန် အရေးသုံးပါးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေး၊ တိုင်းပြည်စည်းလုံးညီညွတ်ရေး၊ တည်ငြိမ်အေးချမ်းရေး တို့မှ ထာဝရငြိမ်းချမ်းရေးရသည်အထိ ဆက်လက်လုပ်ဆောင် ကြရမည်ဖြစ်တယ်လို့ ဆိုသွားပါတယ်။

၂။ အဆိုပါမိန့်ခွန်းသဘောအရ တပ်ချုပ်က ပြည်ခိုင်ဖြိုးပါတီရလဒ်အပေါ် အတော်လေး စိတ်ပျက်သွား ဟန်တူပါတယ်။ တပ်မတော်က ၁၉၉၀ခုနှစ် ရွေးကောက်ပွဲရလဒ်တုံးက နိုင်ငံရေးမတည်ငြိမ်မှုကို စိုးရိမ်ပြီး အခြေခံဥပဒေရေးဆွဲရမည် အကြောင်းပြကာ ငြင်းပယ်လိုက်ပေမဲ့ တကျော့ပြန် ယခုရွေးကောက်ပွဲရလဒ်ကို အကြောင်းပြချက် တခုခု ရှိနေရင်တောင် ပြည်သူလူထုအပေါ် မျက်နှာပြောင်တိုက်ကာ တပ်မတော်က ပါတီဘက်ကို ရပ်တည်ဖို့လုံးဝခက်ခဲသွားပါတယ်။ တပ်မတော်က ပြင်ဆင်ထားဟန်တူတဲ့ မဟာဗျုဟာ အရ နည်းဗျုဟာ (၁) ပါတီက NLD နဲ့သိပ်မကွာဘဲ ကပ်လိုက်လာရင် အခင်းအကျင်းကတခု၊ (လက်ရှိ၂၅% တပ်မတော်က ထည့်လိုက်ယုံနဲ့အပေါ်စီး ရယူမယ့်စီမံချက်၊)။ နည်းဗျုဟာ(၂) ပါတီက NLDနဲ့ယှဉ်လိုက်ရင် အပြတ်အသတ် ကွာနေရင် မိတ်ဖက်တိုင်းရင်းသားပါတီတွေကို စစ်ကူတောင်းမဲ့ စီမံချက်၊ (ပါတီက အနည်းဆုံး ၁၀၀ လောက် နိုင်မယ် မှန်းထားကြောင်း သိရပြီး အနည်းဆုံးသမ္မတကိုတော့ ရအောင် တင်မယ်လို့ မှန်းထားဟန် တူပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဌပေးကာ နိုင်ငံတကာ ကိုနှစ်သိမ့်စေမယ်။)  ဒါပေမဲ့ အဆိုးဆုံး အခြေအနေကိုလည်း လုပ်နည်း အဆင့်အရ တွက်ရမည်ဖြစ်ရာ - နည်းဗျုဟာ (၃) ပါတီက NLD ကို ဘယ်လိုမှ လိုက်မမှီအောင် ဝက်ဝက်ကွဲ ရှူံးနေရင် တပ်မတော်အနေနဲ့ ဆက်လက် လျှောက်လှမ်းရမည့် စီမံချက်၊ (ပါတီကို ဆက်လက် လက်တွဲဖို့သင့်၊မသင့်)၊ စတာတွေ အစီအစဉ်ဆွဲထားနိုင်ပါတယ်။ တကယ်တမ်း ကျတော့ ရွေးကောက်ပွဲရလဒ်အရ ပါတီကလူတွေ ကြွားထားတာမျိုး နည်းဗျုဟာ(၁/၂) မဖြစ်လာဘဲ အဆိုးဆုံး  အခြေအနေ နည်းဗျုဟာ(၃) ဖြစ်လာကာ တပ်မတော်အဖို့ အကျပ်အတည်းဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ နေပြည်တော်ဆီက သတင်းတခုက ဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့က ထိပ်စီးမှာ ရှိနေပြီး အရံအနေဖြင့် ဦးခင်အောင်မြင့်၊ ဦးဉာဏ်ထွန်း၊ ဦးလှဌေးဝင်းတို့ ကိုLINE-UP တန်းစီ လျာထားကာ အစိုးရ၊ လွှတ်တော်တို့မှာ တာဝန်ယူနိုင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုပြု ညှိနှိုင်းလာတဲ့ နိုင်ငံရေးအခင်းအကျင်းသစ်ပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားဖွယ်ရှိတယ်လို့ ပြောသံကြားရပါတယ်။

၃။ အလားတူ တပ်ချုပ်က ယခုဒုတိယအကြိမ်တွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အင်အား ပိုမို များပြားသဖြင့် စီိစစ်ရွေးချယ်မှု အားနည်းနိုင်ကြောင်း ပြောဆိုချက်မှာ ရည်ရွယ်ဟန်တူတာက အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရွေးချယ်ခံ ကိုယ်စားလှယ်အမတ်တွေကို ဆိုလိုဟန် တူပါတယ်။

၎။ ရွေးကောက်ပွဲရလဒ်ကြောင့် တပ်မတော်သားများက ပါတီကြီးနှစ်ရပ်အပေါ် တပ်မတော်အနာဂတ်နဲ့ ဆက်စပ်ကာ အမြင်အမျိုးမျိုးရှိရာ အကြမ်းဖျဉ်း(၄)မျိုး ထွက်ပေါ်လာပါတယ်-

(က) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စိတ်ကြိုက် လွှတ်ပေးကြည့်ပါ။ ဒီနိုင်ငံဟာ လူမျိုးပေါင်းစုံဆက်ဆံ ထိမ်းညှိရတာမို့ လူမျိုး ၁၃၅ မျိုး လူအကြိုက် နတ်မလိုက်နိုင်တာကြောင့် နောက်ဆုံး တပ် ကိုခေါ်ရလိမ့်မယ်။ နယ်စပ်နဲ့ ကပ်နေတဲ့ အင်အားကြီး နိုင်ငံကြီး၂ နိုင်ငံ အကြားနဲ့ ယခုဆိုရင် အနောက်နိုင်ငံတွေက ခြေလှမ်းပြင်နေလောက်ပြီ။ ဒီတခါ မထိန်းနိုင်ရင် တပ်နဲ့ မဖြစ်မနေ ပေါင်းရလိမ့်မယ်။ ၁၉၈၉ခုနှစ် ပိုလန်နိုင်ငံကွန်မြူနစ်ပါတီက ပထမအကြိမ်ရွေးကောက်ပွဲမှာ ဒီလိုဘဲ အပြတ်အသတ်ရှုံးလို့ အစိုးရအဖြစ်က ဆင်းပေးလိုက်ရပြီး ဒီမိုကရေစီအစိုးရတက်လာတော့ ပိုဆိုးလာလို့ လူထုက မကြိုက်တော့ဘဲ ဒုတိယအကြိမ် ရွေးကောက်ပွဲမှာ ကွန်မြူနစ် ပြန်အနိုင်ရတာ တွေ့ခဲ့ရတယ်။ NLD က စိန်ခေါ်မှုကို ကျော်နိုင်၊ မနိုင်ကြည့်ရမယ် ဆိုတာက အမြင်တမျိုး

(ခ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အလျော့ပေးလိုက်လို့ သူတို့ မထိမ်းနိုင်ပါက တပ်ကပြန်ထိမ်း ရရင် တိုင်းပြည်နာမယ်။ သွေးထွက်သံယိုတွေ ဖြစ်လိမ့်မယ်။ အင်အားသုံးရမှာမို့ ခက်ခဲတော့မည်ဖြစ်ရာ အခုကတည်းက NLD ကို လုံးဝလျှော့ မပေးချင်တဲ့ သဘောထားတင်းမာသူတွေ အမြင်ကလည်း ရှိကြပါတယ်။

(ဂ) တပ်မတော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အတိုင်းတာတခုထိ လိုက်လျောပေးပြီး power sharing လုပ်ကာ၊ စစ်တန်းလျားကို စနစ်တကျနဲ့ ဆုတ်ခွာတဲ့ ချက်နိုင်ငံနဲ့ အင်ဒိုနီးရှားနိုင်ငံပုံစံလိုမျိုးလုပ် ချင်သူတွေလည်း ရှိကြပါတယ်။

(ဃ) ပြည်ခိုင်ဖြိုးပါတီဘက်က ပြောင်းသွားတဲ့ ဗိုလ်ချုပ်များက စစ်သားစိတ်လည်းပျောက်၊ အရပ်သား စိတ် ပေါက်ပြီလားလို့ မေးရင်လည်း ပုံမကျ၊ သုံးစားမရ ဖြစ်ရာ တစညလို ပြည်ခိုင်ဖြိုးကို တပ်မတော်က ခွာစစ်ဆင်ဖို့ ခေါင်းလောင်းထိုးလိုက်သလို ဖြစ်သွားနိုင်တယ်လို့လည်း ဆိုကြပြန်တယ်။  ကြားဖြတ်ရွေးကောက်ပွဲကတည်းက သတိပြုရမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ဖို့အချိန်ရရက်သားနဲ့ ရှုံးတာဟာ ညံ့လို့ဆိုတာ အဖြေထွက်နေတယ်။ တပ်မတော်က မဲသာ မကယ်ရင် ဒီထက်ဆိုးမှာဖြစ်တယ်လို့ တချို့က ဆိုကြပါတယ်။ တပ်မှာ ထုံးလမ်း စဉ်လာအရ သီတင်းကျွတ်၊ ကထိန် ကန်တော့ပွဲ ဦးသန်းရွှေထံ သွားကန်တော့ကြဖို့ရှိရာ၊ အဖိုးကြီးဒေါကန်နေနိုင်လို့ ပါတီက လူတချို့ မသွားရဲဘဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ သမ္မတနဲ့ တပ်ချုပ် သွားကန်တော့ရင်တော့ အနာဂတ်လုပ်ရမည့် အစီအစဉ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပေးအယူညှိဖို့ စာဖတ်သူကြီးထံမှ သဘောထားမှတ်ချက် တောင်းလာနိုင်တယ်လို့ စစ်ရုံးအရာရှိတစ်ဦးထံက ခန့်မှန်းပါတယ်။

၅။ ၁၉၉၀ခုနှစ်ရွေးကောက်ပွဲနဲ့မတူတာက ယခုရွေးကောက်ပွဲမှာ စာရေးသူ မူလက တင်ပြခဲ့တဲ့ ဆောင်းပါးတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တပ်မတော်အပေါ်စည်းရုံးနိုင်မှု အားနည်းချက်ရှိခဲ့တာရယ်၊ တပ်ချုပ်ကိုယ်တိုင်က လမ်းညွန်ချက်အတိုင်း မဲထည့်ကြဖို့အရေး သတ်မှတ်လိုက်တာကြောင့် နေပြည်တော်၊ ကိုကိုးကျွန်း၊ ရပ်စောက်၊ မိထ္တီလာ၊ အမ်း၊ ဖါးပွန် တပ်နယ်မြေတွေမှာ တပ်မတော်သားအများစုမဲ အင်အားကြောင့်သာ ပြည်ခိုင်ဖြိုး အနိုင်ရတာ ဖြစ်တယ် လို့သုံးသပ်ကြပါတယ်။ ပါတီထဲကို မကြာခင်ကမှ ပို့လိုက်တဲ့ ဗိုလ်ချုပ်ကြီး (လှဌေးဝင်းနဲ့ သူရသက်ဆွေ) တို့ နိုင်လိုက်ပြီး လူဟောင်း ဦးဉာဏ်ထွန်း (ယခင် ကာချုပ်ရေ) နဲ့ ဦးမောင်မြင့် စသည်တို့သာ နိုင်ကာ ပြည်ခိုင်ဖြိုးကိုအရင်ရောက်နေတဲ့ ဗိုလ်ချုပ်များက လူထုကို မစည်းရုံးနိုင်လို့ ရှုံးတဲ့အပေါ် တပ်က စိတ်ဆိုးတာလည်း မှန်နိုင်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)