နေလင်းညီ - NLD က မဲနိုင်တမ်း ကစားတတ်ရုံပဲလား
နေလင်းညီ - NLD က မဲနိုင်တမ်း ကစားတတ်ရုံပဲလား
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၅
၈ နိုဝင်ဘာ ၂၀၁၅ ရွေးကောက်ပွဲကြီးတွင် NLD က အကြီးအကျယ် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။ ထိုရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ဝေဖန်သုံးသပ် ဆွေးနွေးမှုများမှာ၊ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
    ‘NLDနဲ့ ကြံ့ခိုင်ရေး၊ အဓိက ပြိုင်ဖက် ၂-ခုပေါ့။ ကြံ့ခိုင်ရေးဖက်က မဲဆွယ်ရာမှာ မဲဆွယ်တာနဲ့မတူ၊ မဲခါတာနဲ့တူတာတွေ ဖြစ်ခဲ့တယ်။ ဥပမာ- ၀န်ကြီးတစ်ဦးက ဒီလိုပြောခဲ့ကြောင်း ဂျာနယ်တွေထဲမှာ ပါလာတယ်။ နိုင်ငံသားတစ်ဦးစီမှာ ကြွေး၅-သိန်းတင်နေတာ နိုင်ငံသားများ ဖိနပ်တွေ အ၀တ်အစားတွေ အရမ်းဝယ်ကြလို့ဆိုလား၊ သူပြောချင်တာက မချွေတာပဲ ဖြုန်းတီးကြတဲ့ကိစ္စ ဖြစ်မယ်။ ဒီသဘောမျိုးကို ဗိုလ်ချုပ်အောင်ဆန်းလဲ ပြောခဲ့ဖူးတယ်။ မွဲတေဆင်းရဲမှုမှာ မချွေတာခြင်းက ၁၀-ရာခိုင်နှုန်းပါနိုင်တယ်။ အာဏာရှင်တွေနဲ့ ပြည်ပကုမ္ပဏီတွေ၊ ခရိုနီတွေ ခိုးဝှက်လုယက်ကြတာက အကြောင်းရင်းရဲ့ ၉၀-ရာခိုငှ်ုန်း ဖြစ်ပါလိမ့်မယ်။ အဲဒီတော့ လူထုရဲ့ မျက်ချေးဖတ်ကျတော့ မြင်တယ်၊ သူတို့ တကိုယ်လုံး မစင်ဖတ်တွေပေနေတာ မမြင်ကြဘူး။ ပိုပြီး အမြင်ကတ်ခံကြရတာပေါ့။ မီဒီယာလွတ်လပ်ခွင့်လဲ အသင့်အတင့် ရလာပြီဆိုတော့ ဒီနေ့ပြောတာကို နောက်နေ့ဆို မီဒီယာမျိုးစုံမှာပါလာရော။ ဟိုလူတွေကလဲ သူတို့ မင်းမူခဲ့ရာ ကာလတလျှောက်မှာ ငါ့စကားနွားရ၊ ပြောချင်ရာ ပြောခဲ့တာဆိုတော့ မျှမျှတတ ချင့်ချင့်ချိန်ချိန်ပြောဖို့ မစဉ်းစားနိုင်ကြဘူး။ အဲဒီတော့ သူတို့ မဲဆွယ်တာ NLDအတွက် ဖြစ်သွားတယ်။ NLDရဲ့ ကျေးဇူးတင်ထိုက်သူစားရင်းမှာ ကြံ့ခိုင်ရေးက (မဲမဆွယ်ပဲ) မဲခါနေသူတွေကိုလဲ ထည့်ရမလို ဖြစ်နေတယ်။’
‘ဦးသိန်းစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာလဲ ပြောစမှတ်တွင် လောက်အောင် ဗလွတ်ရွှတ်တပြောခဲ့သူတွေ ပေါ်,ပေါ်လာတယ်။ ‘ဘူးလက်’လွှတ်လိုက်မယ်တို့ …။ ‘ထမင်းတစ်နပ်ပဲစား’တို့ …။ ‘နယ်လှည့်ပါးရိုက်လာတာ’တို့ …။ ‘၃-သိန်း မကျော်ရင် လာဘ်စားမှု မမြောက်ဘူး …’တို့။ အဲဒါတွေဟာလဲ မဲဆွယ်ရာ မရောက်၊ မဲခါရာ ရောက်သွားတယ်လေ’
‘၂-ခါ ပါးနမ်းသွားတာ’ ဆိုတာလဲ ပါတယ်။ NLDကို လိုလားသူတွေက လင်မယားလို နမ်းတာမဟုတ်၊ မိတ်ဆွေလိုနှုတ်ဆက်တာ၊ ကမ္ဘာ့ထုံးစံပါလို့ မီဒီယာတွေမှာ ပြန်ရှင်းပြတော့ ပြောသူ အရှက်ကွဲတာပေါ့။
    သက်တော် ၈၀ ၀ါတော် ၆၀ ရှိ ဆရာတော်ကြီး တစ်ပါးကမူ အောက်ပါအတိုင်း မိန့်တော်မူပါသည်။
‘စကား ၆-ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတည်တဲ့။ ဗုဒ္ဓတရားတော်ထဲမှာ ပါတယ်။ မင်္ဂလသုတ်မှာလဲ သုဘာသိတာစယာဝါစ ဆိုပြီးပါတယ်။ စကားတစ်ခွန်းကြောင့် မြောင်းထဲရောက် သွားနိုင်သလို၊ စကားတစ်ခွန်းကြောင့်လဲ စင်ပေါ်ရောက်သွားတာ တွေ့နေရတယ်။ ၈၈-အရေးအခင်းကာလတုန်းက ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ရဲ့ ဝေစာတွေကြောင့် လူထုက တော်တော်အားကိုးခဲ့ကြတာ။ ဒါပေမဲ့ လူထုဟောပြောပွဲတစ်ခုမှာ လူထုအနေနဲ့က စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုပြီးလဲ ပြောလိုက်ရော၊ ‘ဟာ’ ဆိုပြီး အားလုံးနီးပါးက စိတ်ပျက်သွားရော။ စစ်တပ် လုံထိန်းက ပစ်လို့ သေသွားကြတာ မကြာသေးဘူး။ အကျဉ်းထောင်ပို့တဲ့ ကားထဲမှာ မွန်းကြပ်ပြီးသေတဲ့ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ ကိစ္စ မကြာသေးဘူး။ အဲဒီအချိန်မှာ တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုတော့ လူထုက သူ့ကို ချဉ်သွားရော။ နောက်ဟောပြောပွဲတစ်ခုမှာ ဦးအောင်ကြီးက ပြန်ပြောပါသေးတယ်။ စစ်တပ်ကလဲ လူထုကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့တဲ့။ ဒါပေမဲ့ ဘယ်သူကမှ စိတ်မပါတော့ဘူး။ စကားတစ်ခွန်ဟာ သိပ်အရးကြီးတယ်နော်။ လူထုကလဲ စစ်တပ်ကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့၊ စစ်တပ်ကလဲ လူထုကို စိတ်နဲ့တောင် မပြစ်မှားပါနဲ့ဆိုပြီး တဆက်ထဲပြောခဲ့ရင် အလွန်ထိရောက်ခဲ့မှာ …။’
‘အခုလဲ ဒေါ်စုက စကားတစ်ခွန်းကြောင့် စင်ပေါ်ရောက်သွားတာ။ ပြောင်းလဲနိုင်ဖို့ NLDကိုသာ မဲပေးကြပါဆိုတဲ့ သဘောမျိုးပြောသွားတာ။ ဦးသိန်းစိန်လက်ထက်မှာ ပြောင်းလဲခဲ့တာလဲ အမှန်တော့ မနည်းပါဘူး။ အကြီးမားဆုံးလို့ ဘုန်းကြီးထင်တာကတော့ မီဒီယာလွတ်လပ်ခွင့် ကို အသင့်အတင့်ပေးခဲ့တာ။ ဦးသန်းရွှေခေတ်နဲ့ ယှဉ်ကြည့်ရင် ဘယ်လောက်ကွာသလဲဆိုတာ တွေ့ရမယ်။ ဒါပေမဲ့ အချို့က ကြီးမားလွန်းတော့ မမြင်ကြဘူး။ ထူးဆန်းပြန်တာက ဧည့်စားရင်းဥပဒေကို ဖျက်သိမ်းဆို့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အထောက်အထား ခိုင်ခိုင်လုံလုံ၊ အကြောင်းအကျိုး ပြည့်ပြည့်စုံစုံနဲ့ တင်ပြခဲ့ပေမဲ့ ပြည်ထဲရေးဝန်ကြီးက လုံခြုံရေးအကြောင်းပြပြီး ပယ်ချခဲ့သတဲ့။ မလေးရှား၊ စင်္ကာပူရောက်မြန်မာအလုပ်သမားတွေတောင် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် Work Permit လိုဟာမျိုးရှိရုံနဲ့ ဘယ်မှာ အိပ်အိပ်ရနေတယ်။ ကမ္ဘာမှာ ဧည့်စာရင်းတိုင်ရတဲ့ နိုင်ငံလဲ ဘယ်နှနှိင်ငံရှိတော့လို့တုံး။ လုံခြုံရေးအကြောင်းပြရအောင် သူတို့ စစ်ဆေးချင်ရင် ဧည့်စာရင်းစစ်မှ မဟုတ်ဘူး။ အချိန်မရွေး၊ နေရာမရွေး စစ်ဆေးနေကြတာပဲ မဟုတ်လား။ ပြောချင်တာက မီဒီယာလွတ်လပ်ခွင့်တောင်ပေးပြီး၊ လွတ်လပ်စွာ တည်းခိုနေထိုင်ခွင့်တောင် မပေးဘူးဖြစ်နေတာ။ လူထုအများစုနဲ့ တိုက်ရိုက်ဆိုင်တဲ့ကိစ္စကို မပြင်ကြဘူး၊ ဟိုတုန်းကလို ခဏခဏ ဧည့်စာရင်းစစ်တာမျိုး မရှိတော့ပေမဲ့၊ ဧည့်စာရင်းတိုင်ရမယ်ဆိုတဲ့ ဥပဒေက ရှိနေသေးတော့ ဘာအပြစ်မှ မရှိတဲ့ နိုင်ငံသားစစ်စစ်တွေဟာ ဧည့်စာရင်းမတိုင်မိရင် အလိုလိုကြောက်နေကြရတာ။ နောက်ကြောမလုံဘူး။ ဒါ့အပြင် လယ်သိမ်းယာသိမ်းကိစ္စ၊ ကုန်ဈေးနှုန်းတက်တဲ့ကိစ္စ၊ ကျောင်းသားတွေ အဖမ်းခံရတဲ့ ကိစ္စ၊ ယဉ်ကြောပိတ်ဆို့တဲ့ကိစ္စ၊ တရားဥပဒေ မစိုးမိုးတဲ့ ကိစ္စ၊ ဒါတွေရှိနေတယ်။’
‘ဘုန်းကြီးကတော့ စင်္ကာပူခေါင်းဆောင် လီကွမ်ယူရဲ့ အယူအဆကို သဘောကျတယ်။ ကျောင်းသားတွေ ပညာသင်ကြားရေးကိုပဲ အဓိက ဆောင်ရွက်သင့်တယ်ု။ ပညာတတ်တွေများမှ တိုင်းပြည်ဖွံ့ဖြိုးမယ်။ ပညာသင်ရမဲ့ အချိန်မှာ နိုင်ငံရေးဝင်လုပ်ကြတော့ ပညာရေးတွေ ကမောက်ကမဖြစ်ကုန်ရော။ စစ်အစိုးရကလဲ နိုင်ငံရေးလုပ်တဲ့ကျောင်းသားတွေကို အပြစ်ဖို့ပြီး ခဏခဏကျောင်းပိတ်တယ်၊ ကူးချခွင့်ပြုပြီး ဖောဖောသီသီ ဘွဲ့ပေးတယ်၊ ကျောင်းတွေကို ကျောင်းအင်္ဂါရပ်နဲ့ မညီတဲ့ လယ်ကွင်းထဲ၊ ရွှံ့ဗွက်ထဲ အဝေးကို ပို့ပစ်တယ်။ ကျောင်းသားတွေက ပညာရေး ဧရိယာကို နိုင်ငံရေးကစားကွင်း လုပ်ပစ်ခဲ့တာတွေဟာလဲ မမှန်ဘူး။ စစ်အစိုးရက နိုင်ငံရေးကြောက်လို့ ပညာရေးကို သတ်တာလဲမှားတယ်။ လက်ခုတ် ၂-ဖက်တီးလို့ အသံမြည်တာပေါ့။ ပြောချင်တာက ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်သလောက်လုပ်ခဲ့ပေမဲ့ ပြည်သူလူထုနဲ့ တိုက်ရိုက်ပတ်သက်တဲ့ ကိစ္စတွေ မပြုပြင်နိုင်တော့ အဲဒါဟာ ဒေါ်စုအတွက် အကြောင်းပြချက် ကောင်းသွားတယ်။ ဘာတဲ့ ဆောင်ပုဒ်က။ ပြောင်းလဲချိန်တန်ပြီ - ဟုတ်လား။ အဲ့ဒါကို လူတွေက ခိုက်သွားတာ ကြိုက်သွားတာ။
ပြောင်းလဲဖို့ဆိုတာလဲ အစိုးရဖွဲ့ နိုင်လောက်အောင် အပြတ်အသတ်မဲပေးကြမှ ဖြစ်မယ်လို့ ဆက်စပ်ပြလိုက်တယ်။ ဒါပေမဲ့ ၂၀၀၈ ခြေ ဥရဲ့အတားအဆီးကြောင့် ဒေါ်စုလဲ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ အကန့်အသတ်ရှိပါတယ်။ မဲဆွယ်တုန်းက အပြောကောင်းခဲ့သလောက် အလုပ်ကောင်းဖို့ရာ မလွယ်ပါဘူး။ ဒါပေမဲ့ ပြောင်းလဲဖို့ လိုလားတဲ့ လူထုအဖို့တော့ စကားတစ်ခွန်းနဲ့ စင်ပေါ်ရောက်သွားတာပေါ့။’
နိုင်ငံရေးလေ့လာသုံးသပ်သူ ၈၈-ကျောင်းသားဟောင်းတစ်သီးက ပြည်နယ်များ၌ပင် တိုင်းရင်းသားပါတီများ ဘာ့ကြောင့်ထင်သလောက် မဲ မရကြသလဲဆိုသော ကိစ္စကို ပြောဆို ဆွေးနွေးပါသည်။
‘ဗမာတိုင်းရင်းသား အများစုနေထိုင်ကြတဲ့ တိုင်းဒေသကြီးတွေမှာတော့ NLD ကပဲ အများဆုံးနိုင်မယ်လို့ ကျနော်တို့ ခန့်မှန်းကြပါတယ်။ ပြည်နယ်တွေမှာတော့ အခြားတိုင်းရင်းသားလူမျိုးစုပါတီတွေက အဓိကနိုင်မယ်လို့ ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားပါတီငယ်တွေ တော်တော်များနေသလိုဖြစ်တော့ မဲပြန့်သွားတာလဲ ပါပါလိမ့်မယ်၊ ဥပမာ - ချင်းပြည်နယ်မှာ မြို့နယ် ၉-မြို့နယ်ပဲ ရှိပေမဲ့ ချင်းပါတီက ၆-ခု မကဘူး။ လူထုက ဘယ်သူ့ကို မဲပေးရမလဲလို့ေ၀၀ါးကုန်တယ်။ အဲဒီအခြေအနေမှာ ဒေါ်စုက မိုင်ပေါင်း ၆၀၀၀-ကျော်ခရီးနှင်ပြီး တိုင်းရင်းသားတွေရဲ့တန်းတူရေးကိစ္စ NLD ကပဲ ဆောင်ရွက်နိုင်မဲ့ သဘောမျိုး၊ ပြောင်းလဲရေးကို လုပ်နိုင်ဖို့ မဲအပြတ်အသတ်နိုင်မှ ဖြစ်မယ်ဆိုတဲ့ အကြောင်း ပြောလိုက်တော့ တိုင်းရင်းသားတွေက ဒေါ်စုဖက်ကို စိတ်လည်သွားတယ်။ ပြီးခဲ့တဲ့ သက်တမ်း၅-နှစ်မှာ လူမျိုးစုပါတီတွေ မဲ အတန်အသင့်ရခဲ့ကြပေမဲ့ စစ်တစ်ပိုင်းအရပ်သားအစိုးရကို ဘာမျှ ထိထိရောက်ရောက် မရင်ဆိုင်နိုင်ခဲ့ကြတာ ဒေသခံတွေအသိပဲ။ ဒေါ်စုက အာဏာရဖို့ ကံ ပါ မပါတော့ မသေချာဘူး။ မဲ ရဖို့ ကံ ကတော့ သေချာတယ်လို့ ပြောရမလိုဖြစ်နေတယ်။’
စာရေးဆရာတစ်ဦးက ဤသို့ သုံးသပ်ပါသည်။
‘ဦးနု၊ ဦးနေ၀င်း၊ ဦးသန်းရွှေ … သူတို့ကို ပုဂ္ဂိုလ်ရေးကိုးကွယ်မှုလုပ်ခဲ့ကြတယ်။ ခုလဲ ဒေါ်စုကို ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုသဘောမျိုးနဲ့ မဲတွေစုပြုံထည်.ကြလို့ အပြတ်အသတ် နိုင်သွားတာလို့ ထင်ပါတယ်။ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုဟာ အန္တရာယ်ရှိပါတယ်။ မရင့်ကျက်တဲ့ သက်သေသာဓကလဲ ဖြစ်နေတယ်။ ၉၀-ပြည့် ရွေးကောက်ပွဲတုန်းက ဦးနုတို့၊ ၀ိဓူရသခင်ချစ်မောင်တို့ အရွေးမခံ ကြရတာ တိုင်းပြည်အတွက် နစ်နာတယ်။ ခု ၂၀၁၅-မှာ ဦးရွှေမန်းတို့၊ ဦးသိန်းညွန့်တို့၊ ဒေါက်တာ ညိုညိုသင်းတို့ ပြန်အရွေးမခံရတာလဲ တိုင်းပြည်အတွက် နစ်နာတယ်။ အစဉ်အလာရှိတဲ့ အတွေ့အကြုံရှိတဲ့ စိတ်ကောင်းရှိတဲ့သူတွေ ပါဝင်ဖို့လိုတယ်။ လက်ညှိုးထောင်ခေါင်းညိတ်မဲ့ အမတ်တွေကို ခိုင်းစေညွှန်ကြားတာက ဒ်ီမိုကရေစီရဲ့ အနှစ်သာရ မဟုတ်ဘူး။ ကြေကြေလည်လည် နှံ့နှံ့စပ်စပ် ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်ခြင်းကသာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။ လူကို မကြည့်ပါနဲ့၊ ပါတီကိုပဲကြည့်ပါဆိုတာလဲ သဘာဝ မကျပါဘူး။ ဒေါ်စု ဒီနေ့သေရင် နက်ဖြန် NLD ပျက်မယ်လို့ အချို့သူတွေက ဘာ့ကြောင့် ဝေဖန်ခဲ့ကြသလဲ။ အဲဒါလေးစဉ်းစားဖို့ လိုပါတယ်။’
“ဒါပေမဲ့ ဒေါ်စုက အားလုံးပါဝင်ရေးကို ဆောင်ရွက်နိုင်ရင်တော့ သာဓုခေါ်စရာ ဖြစ်ပါလိမ့်မယ်။ ပါတီတွင်း ပြိုင်ဆိုင်မှုမှာ နိုင်သွားတဲ့ အိုဘားမားက ရှုံးသွားသူ ဟီသာရီကလင်တန်ကို နိုင်ငံခြားရေးဝန်ကြီး ခန့်ပြီးတွဲလုပ်သွားတာမျိုးလေ။ ဒေါ်စုက ဒေါ်ညိုညိုသင်းကို ထိုက်ထိုက်တန်တန်ရာထူးတစ်ခုခု မပေးနိုင်ဘူးလားလို့ မေးချင်ပါတယ်။
၉၀-ပြည့်ရွေးကောက်ပွဲမှာ တစ်ခါ၊ ၂၀၁၂-ကြားဖြတ်ရွေးကောက်ပွဲမှာ တစ်ခါ NLDကို နိုင်ငံရေးတာဝန်အပ်နှင်းခဲ့ကြပါတယ်။ တာဝန်ကြေနိုင်ခဲ့သလားဆိုတာ စဉ်းစားသင့်ပါတယ်။ ခု ၂၀၁၅ မှာလဲ ထပ်ပြီး တာဝန်အပ်နှင်းခဲ့ပြန်ပါပြီ။ မဲနိုင်တမ်းကစားတတ်ရုံပဲဆိုတာမျိုးဆိုရင်တော့ မဟုတ်သေးဘူးပေါ့ဗျာ။’