ရိုဟင်ဂျာ ကိုတိုင်းရင်းသားဟုပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချ




ရိုဟင်ဂျာကို တိုင်းရင်းသားဟု ပြက္ခဒိန်ထုတ်ဝေသူများကို ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချ
ဟန်သစ်နိုင်၊ မိုးမခ၊ ၂၀၁၅ နိုဝင်ဘာ ၂၃


မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးများတွင် ရိုဟင်ဂျာလူမျိုးပါဝင်သည်ဟု ပြက္ခဒိန်ပုံနှိပ် ထုတ်ဝေမှုနှင့်ပတ်သက်ပြီး တရားခံငါးဦးအား  နိုဝင်ဘာ ၂၃ရက် ညနေ၄နာရီက ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ဒဏ်ငွေကျပ် ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။

          အဆိုပါပြက္ခဒိန်ထုတ်ဝေမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းမှ ရဲမှူးဦးခင်မောင်လတ်က တရားလိုပြုလုပ်ကာ ပုံနှိပ်ထုတ်ဝေသူ ဦးဟုတ်ရွှေ(ခေါ်) ဦးကျော်ကျော်အပါအဝင် လူငါးဦးအား ပုဇွန်တောင်မြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ခဲ့သည့်အတွက် နိုဝင်ဘာ ၂၃ရက်နေ့တွင် ၄င်းလူငါးဦးအား တရားသူကြီးမှ အပြစ်ရှိမရှိစတင်စစ်ဆေးရာတွင် ငါးဦးလုံးမှအပြစ်ရှိကြောင်း ချက်ချင်းဝန်ခံခဲ့သည်။

          ရိုဟင်ဂျာနာမည်ပါပြက္ခဒိန်ထုတ်ဝေမှုသည် တိုင်းရင်းသားလူမျိုးအချင်းချင်း အငြင်းပွားဖွယ်ရာ ဖြစ်သည့် အတွက် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၂၀အရ ပုဇွန်တောင်မြို့နယ် တရားသူကြီး ဦးနေအောင်မြင်က ဒဏ်ငွေ ၁၀သိန်းစီအမိန့်ချမှတ်ခဲ့သည်။

          “ဒီအမှုသည် ရဲမှတရားလိုပြုလုပ်ခဲ့ပေမယ့် ရဲအရေးမပိုင်တဲ့အမှုဖြစ်တဲ့အတွက် တရားရုံးကစွဲ ရတာပါ” ဟု တရားသူကြီး ဦးနေအောင်မြင်က ပြောသည်။