တူမောင်ညို - ဒီဇင်ဘာ ၂ ရက် တွေ့ဆုံကြမယ်ဆိုတာနဲ့ ပတ်သက်လို့

တူမောင်ညို - ဒီဇင်ဘာ ၂ ရက် တွေ့ဆုံကြမယ်ဆိုတာနဲ့ ပတ်သက်လို့
 (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅

ဒီချုပ်ပါတီဥက္ကဋ္ဌက တွေ့ဆုံဆွေးနွေးရန် တောင်းဆိုသဖြင့် သမ္မတနဲ့ကာချုပ်တို့က ဒီဇင်ဘာ ၂ ရက်နေ့တွင် သီးခြားစီ တွေ့ဆုံ ဆွေးနွေးရန်စီစဉ်ထားကြောင်း  ဒီဇင်ဘာ ၁ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာများမှာ  ဖော်ပြထားပါတယ်။ သတင်းမှာ ဖော်ပြထားတဲ့ အသုံးအနှုန်းတွေက “နိုင်ငံရေးဆွေးနွေးပွဲ” ပုံစံမပေါ်အောင် အတတ်နိုင်ဆုံး ဂရုစိုက်ပြီးရေးသားထားတာဖြစ်ပါတယ်။

သမ္မတ၊ ကာချုပ်တို့နဲ့ ပါတီဥက္ကဋ္ဌတို့ ပုဂ္ဂိုလ်ရေးဆန်ဆန်တွေ့ဆုံကြတဲ့သဘောမျိုးပေါ်လွင်အောင်ရေးထားတယ်။ “တွေ့ဆုံခွင့် တောင်းလို့တွေ့ရတယ်” ဆိုတဲ့သဘောပေါ်လွင်အောင်လည်း ရေးထားတယ်။

ပထမတုန်းကသမ္မတနဲ့ကာချုပ်တို့က “ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြီးစီးတဲ့အခါမှ” တွေ့ဆုံနိုင်မယ်လို့ ဆိုနေရာ ကနေ ဒီဇင်ဘာလထဲဖြစ်မယ်။ အဲဒီကနေတဆင့် ဒီဇင်ဘာ ၂ ရက်နေ့မှာ (သီးခြားစီ) တွေ့မယ် ဆိုတဲ့ကြေညာချက်ထုတ်လာတဲ့ ထူးခြားမှုကို သတိပြုမိပါတယ်။ “ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်တွေပြီးမှတွေ့မယ်”လို့ ပြောနေရာကနေ အခုလိုဗြုန်းစား ကြီး တွေ့မယ်လို့ဖြစ်လာရတဲ့ ထူးခြားမှုမှာ  ပြည်တွင်းပြည်ပဖိအားပါလိမ့်မယ်လို့ ယူဆပါတယ်။

နောက်ကွယ်ကနေ “မိဘသဖွယ် အာဏာကိုင်ထားတဲ့သူ”  ရဲ့ညွန်ကြားချက်ကအဓိကတွန်းအား ဖြစ်လိမ့်မယ်လို့ ယူဆပါ တယ်။ လက်ရှိမှာရှေ့ထွက်ပြီး အာဏာကိုင်နေသူတွေကို ထိထိရောက်ရောက် သြဇာညောင်းနေတာ နောက်ကွယ်က “မိဘ သဖွယ် အာဏာကိုင်ထားသူ” ပဲရှိတာပါ။ သူတွန်းရင် သူတို့ရွေ့ကြရပါတယ်။ ရွှေ့ကြရပါတယ်။ ဗိုလ်ရွှေမန်း ကြံ့ဖွံ့ပါတီပူးတွဲ ဥက္ကဋ္ဌကနေ ဖယ်ရှားခံရတယ်။

 သူတို့တတွေဟာ မိဘသဖွယ်အာဏာကိုင်ထားသူရဲ့ စစ်တုရင်ခုံပေါ်က ဘုရင်ရုပ်၊ စစ်ကဲရုပ် စတဲ့ စစ်တုရင် အရုပ်ကလေး တွေမျှသာဖြစ်ပါတယ်။ တခြားဝေးဝေးမကြည့်ပါနဲ့ “မြေးစေတမန်” ကို လွှတ်လိုက်တော့လည်း အနိုင်ရပါတီဥက္ကဋ္ဌခမျာ (အပွိုင့်မင့်တွေ ဘယ်လောက်များများ/ ကိုယ့်ဒီမိုကရေစီလုပ်ဖော်ကိုင်ဖက်တွေနဲ့တွေ့ဖို့ အချိန်မပေးနိုင်ပေမယ့်) အချိန်ပေး အလေးထားပြီး လက်ခံတွေ့ရတယ်မဟုတ်လား။ ဘာကြောင့်အချိန်ပေးရတယ်ဆိုတာကို ဒီလိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင်ပို ပေါ် လွင်ပါတယ်။ စစ်အာဏာရှင် အဘိုးချင်းတူပေမယ့်  “အေးနေဝင်းနဲ့နေရွှေသွေး”တို့ အပေါ်ထားတဲ့ သဘောထားခြင်းလည်း မတူနိုင်ပါဘူး။ “နေရွှေသွေး” က အာဏာသက်ရှိ နံပါတ်ဝမ်းရဲ့မြေးဖြစ်တယ်။ “အေးနေဝင်း” တို့က အာဏာလက်မဲ့ကွယ်လွန် သူနံပါတ်ဝမ်းရဲ့မြေးတွေသာဖြစ်တယ်။

ဒါကြောင့် တကယ့်အာဏာကိုင်ထားသူက စေလွှတ်လိုက်ရင် ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌခမျာ “မြေး” ကိုတောင် မငြင်း ဆန်နိုင်ဘဲ အချိန်ပေးလက်ခံတွေ့ရတယ်ဆိုတော့ သမ္မတတို့၊ ကာချုပ်တို့ဆိုတဲ့ သူ့စစ်တုရင်ခုံပေါ်က သူတပည့်သားမြေးတွေ အပေါ် သူ ဘယ်လောက်မီးသေမလဲ စဉ်းစားကြည့်နိုင်ပါတယ်။

တကယ်တော့ ကန့်လန့်ကာနောက်ကွယ်မှ စစ်အာဏာရှင် ကစေလွှတ်လိုက်တဲ့ ပုံစံမျိုးစုံဆက်သားတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံစကားပြောနေရတာဖြစ်တယ်လို့ ပြောရင်ရနိုင်ပါလိမ့်မယ်။

ဒီတခါရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံမှုကို ယခင်တွေ့ဆုံမှုဆိုသည်များထက် ပြည်တွင်းပြည်ပက ပိုပြီးစိတ်ဝင်စားကြပါလိမ့် မယ်။ ဒါပေမယ့် သိပ်အများကြီးတော့လည်း မျှော်လင့်လို့မဖြစ်နိုင်ပါ။ ဘာလို့လည်းဆိုတော့ “အာဏာ” ဆိုတာ သူတို့စိတ် ကြိုက် ရေးထားတဲ့ ဥပဒေဘောင်ထဲက ပေးသလောက်ပဲရမှာပါ။ “၂၀၀၈ အခြေခံဥပဒေ”နဲ့အညီပေါ်လာတဲ့ အစိုးရဆိုတာ ဆိုတာ  သူတို့ခွင့်ပြုပေးထားတဲ့အာဏာနဲ့ ၅ နှစ်တကြိမ် အစိုးရလုပ်ခွင့်ပေးထားခြင်းသာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်အတိုင်းအတာအထိ ညှိရမယ်ဆိုတဲ့သဘောထားနဲ့ ညွန်ကြားချက် နံပါတ်ဝမ်းက စောစောကတည်းက ကြို တင် ပေးထားပြီးပြီလို့ယူဆပါတယ်။ လက်တွေ့မှာ ဘာတွေပေးပြီး ဘာတွေယူကြမယ်ဆိုတာတွေကိုတော့ အသေးစိတ် ခန့်မှန်းပြောဆိုဖို့ ခက်ခဲပါလိမ့်မယ်။ နှစ်ဖက်စလုံး ဘယ်ဖက်ကမှ အသေးစိတ်ထုတ်ပြောလိမ့်မယ်မထင်ပါဘူး။

ယေဘုယျအလွန်ကျတဲ့ ခန့်မှန်းချက်တွေကိုတော့ ဝါရှင်တန်းပို့စ် သတင်းစာနဲ့အင်တာဗျူးမှာပြောခဲ့တာတွေကို အခြေခံပြီး ပြော မယ်ဆိုရင်တော့ရနိုင်ပါလိမ့်မယ်။ ဒီမှာ ကာချုပ်က “၂၀၀၈ အခြေခံဥပဒေနဲ့ အခြားတည်ဆဲ ဥပဒေနဲ့စည်းကမ်း” တွေကို အသေဆုပ်ကိုင် ပြီးပြောသွားတာတွေ့ရပါလိမ့်မယ်။ ဆိုလိုတာတော့ ဘယ်လိုညှိနှိုင်းမှုပဲဖြစ်ဖြစ် စစ်တပ်က သဘောတူမှလက်ခံမှဖြစ်မယ်ဆိုတာပါပဲ။ ဒီသဘောကို ဒေါ်အောင်ဆန်းစုကြည်လည်း ထုတ်ဖော်ပြောခဲ့ဖူးတာပါပဲ။ အစိုးရနဲ့လွှတ်တော်သက် တမ်းဆိုတာ စစ်တပ်က ခွင့်ပြု သလောက်ပဲ ရပ်တည်နိုင်မယ်/ရှင်သန်နိုင်မယ်ဆိုတဲ့အချက်ပါပဲ။
  
ဒါကြောင့် ရွေးကောက်ပွဲကြွေးကြော်သံ ဒီချုပ်ပါတီကတင်ခဲ့သလို “အမှန်တကယ်ပြောင်းလဲဖို့” ဆိုတာ ၂၀၀၈ အခြေခံ ဥပဒေဘောင်ထဲမှာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ “၂၀၀၈ အခြေခံဥပဒေဘောင်” ထဲက “ပြောင်းလဲမှု” ဆိုတာ စစ်တပ်အလိုကျ အပြောင်းအလဲက လွဲပြီးအခြားဘာမှ မဖြစ်နိုင်ပါဘူး။

“အမှန်တကယ်ပြောင်းလဲ (ဝါ) အာဏာရှင်စနစ်ကနေ တာဝန်ယူမှုစနစ်ကိုပြောင်းလဲဖို့” ဆိုတာကို  ၂၀၀၈ အခြေခံဥပဒေက ခွင့်ပြုမထားပါဘူး။ ၂၀၀၈ အခြေခံဥပဒေအနှစ်သာရက စစ်အာဏာရှင်စနစ်ကို “အခြေခံဥပဒေ” နဲ့ အကာအကွယ်ပေးထား တာပါ။ ဒါကြောင့် ဒီချုပ်ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၀၈ အခြေခံဥပဒေထဲကနေ ပထမဦးစားပေး ပြင်ဆင် ပြောင်းလဲလိုတဲ့ အချက်တွေ/ဒီအချက်တွေပြောင်းလဲဖို့ စစ်တပ်နဲ့ဘယ်လိုညှိနှိုင်းချင်တယ်ဆိုတာတွေကို တိုင်းပြည်နဲ့လူထုသိအောင်အတိအလင်း ထုတ်ဖော်ပြော ဆိုသင့်ပါတယ်။

ဝါရှင်တန်ပို့စ်နဲ့အင်တာဗျူးမှာတော့ ကာချုပ်က လူထုဆန္ဒဆိုတိုင်းလက်ခံလို့မရဘူးဆိုတာကို အခုလို အတိအလင်းပြောသွား တာရှိပါတယ်။ “အကြောင်းအရာတစ်ခုတည်းကိုသွားပြီးတော့မှဒါပြည်သူရဲ့ဆန္ဒ၊ ဒါပြည်သူရဲ့ဆန္ဒဆိုပြီးတော့ သွားလုပ်လို့ တော့မရဘူး။ ပြည်သူရဲ့ဆန္ဒဆိုပေမယ့်လည်း တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း အများ ကြီး စကားပြောပါတယ်” တဲ့။

ပြည်သူ့ဆန္ဒဆိုတာ စစ်တပ်ကလက်ခံမှဖြစ်မယ်လို့ပြောတာပါပဲ။ ဒီသဘောထားမျိုးနဲ့ (ဗိုလ်) ဦးရွှေမန်းလွှတ်တော်ကနေ ၄၃၆ ပြင်ဆင်ရေးဆန္ဒလက်မှတ် ၅ သန်းနီးပါးကို ပယ်ချခဲ့ဖူးတာပဲမဟုတ်ပါလား။
  
ဒါကြောင့် ရွေးကောက်ပွဲလွန်ကာလ (ယခုအကြိမ်တွေ့ဆုံမှု/တွေ့ဆုံမှုတွေရှိနိုင်သေးတယ်) တွေ့ဆုံမှုနဲ့ပတ်သက်ပြီး  တွေ့ဆုံ ကြ တဲ့ ပုဂ္ဂိုလ်များရဲ့ လက်ရှိအနေအထားအပေါ်မူတည်ပြီး ယခုလို ခွဲပြီးပြောပါရစေ ။

● သမ္မတ (ဗိုလ်) ဦးသိန်းစိန်နဲ့တွေ့ဆုံမှု
အာဏာကိုင်အစိုးရသမ္မတနဲ့ မကြာခင်အာဏာရလာနိုင်တော့မယ့် ရွေးကောက်ပွဲအနိုင်ရပါတီဥက္ကဋ္ဌ တွေ့ဆုံပွဲလို့ ပြောရင် ပို၍ ဆီလျော်ပါလိမ့်မယ်။

● ကာချုပ်ဗိုလ်မင်းအောင်လှိုင်နဲ့တွေ့ဆုံမှု
မကြာခင်သက်ပြည့်အငြိမ်းစားယူရတော့မယ့်ကာချုပ်နဲ့ မကြာခင်အာဏာရလာနိုင်တော့မယ့် ရွေးကောက်ပွဲအနိုင်ရပါတီ ဥက္ကဋ္ဌ တွေ့ဆုံပွဲလို့ရပါလိမ့်မယ်။