ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင်(တိုင်းတာရေး) - အဖွားနှင့် အတူ ဈေးသွားခြင်း

Photo - Yan Naung (Botahtaung) (moemaka)


ကျော်မောင်(တိုင်းတာရေး) - အဖွားနှင့် အတူ ဈေးသွားခြင်း
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၆

အဖွားဆိုတာက အမေရဲ့ အမေ ဖြစ်ပါတယ်။ အဖွားအကြောင်းကို “အဖွားပြောသော ပုံပြင်” ဆိုတဲ့ ဆောင်းပါးတစောင်မှာ တစွန်းတစ ထည့်ရေးခဲ့ဖူးပါတယ်။ အဖွားက ကျနော့်တို့ သိတတ်စအရွယ်လောက်မှာ အသက်ငါးဆယ်ကျော်ကျော်ဖြစ်နေပါပြီ။ အဖွားက သူ့နယ်မှာပဲ သူ့ရပ်ဆွေ ရပ်မျိုးတွေ၊ သားတွေ သမီးတွေ၊ မြေးတွေနဲ့ နေရတာ သဘောကျပုံပါ။ နီးစပ်ရာ ရွာနီးချုပ်စပ်တွေကိုလည်း စက်လှေနဲ့ အလည်အပတ်သွားဖို့ ၀န်မလေးတတ်ပါဘူး။ သာရေးနာရေး လက်မနှေးတတ်သူပါ။ သန်တုန်းမြန်တုန်းမှာ အဘနဲ့ အတူတူ သွားရင်သွား၊ သူတယောက်ထဲလည်း သွားရင် သွားတတ်သူပါ။ ပြန်လာရင် ထိုထိုရွာတွေက အမျိုးတွေ လက်ဆောင်ပေးတဲ့ ပစ္စည်းတွေနဲ့ တနင့်တပိုးပါပဲ။

အဖွားကို သူ့သားတွေ သမီးတွေဖြစ်တဲ့ ကျနော့် အမေ၊ အဒေါ်နဲ့ ဦးလေးတွေက အမလို့ ခေါ်ကြပါတယ်။ ဒါဆို ဘယ်သူ့ကို အမေလို့ ခေါ်တုန်းလို့ မေးကြည့်တဲ့အခါ အဖွားရဲ့ အမေ၊ သူတို့ အဖွားတော်သူကိုမှ အမေလို့ ခေါ်ကြပါသတဲ့။

အဖွားက သမီးကြီး မိသားစုရှိရာ ရန်ကုန်မြို့ကြီးကို လာလည်ခဲပါတယ်။ အဲ လာလည်ပြီဆိုရင်လည်း တလလောက်ပဲ နေတတ်ပြီး သူနေထိုင်ရာ တိုးမြစ်နားက နယ်မြို့လေးဆီကို ပြန်တော့တာပါပဲ။ အဲဒီအခါ ကျနော်တို့က နောက်တတ်ပါတယ်။ အဖွားက အဘကို စိတ်မချလို့ထင်တယ်လို့ ပြောတဲ့အခါ ဒီကလေးတွေလို့ အံကြိတ်ကြိမ်းမောင်းတတ်ပါတယ်။

အဖွားက ဟင်းချက်အတော်ကောင်းပါတယ်။ သူ့ချက်တဲ့လက်ရာကို အမေက အတော်မီိပါတယ်၊ အမေ့ထက် ဟင်းချက်ကောင်းသွားသူက ကျနော့်တ၀မ်းကွဲအမဖြစ်သူပါ။ သူတို့က အဖိုး အဖွားနဲ့ အတူ နယ်မြို့မှာပဲ အတူတူနေကြတဲ့အတွက် မြေးအဖွားနှစ်ယောက် မီးဖိုချောင်ကိစ္စမှာ အဖွားကို သူက ကူညီရပါတယ်။ ၀မ်းကွဲအမက ဟင်းချက်ပုံ ဟင်းချက်နည်း တော်တော်များများကို လုပ်ရင်းကိုင်ရင်း အဖွားဆီက ဆရာစားမချန် ရခဲ့သူဖြစ်ပါတယ်။ ငါးပြေမဟင်းကို ကန်စွန်းရွက်အုပ်ချက်ထားတဲ့ အဖွားရဲ့လက်ရာ လယ်သူမချက်ဆိုရင် ထမင်းနှစ်ပန်းကန် သုံးပန်းကန်ဆိုတာ ဗိုက်ထဲကို လျှောကနဲပါပဲ။

အဖွားက ရန်ကုန်ကို လာလည်တဲ့အခါမှာလည်း ဟင်းချက်တာကို တာဝန်ယူသူပါ။ အမပဲချက်ပါမယ်၊ ညဉ်းလည်း တောက်လျှောက်ချက်ပြုတ်နေတာ၊ အေးအေးနေပါအေ လို့ အမေ့ကို နားနားနေနေနေခိုင်းပြီး သူပဲ ချက်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်သူဟာ ဟင်းစားကိုလည်း ကိုယ်တိုင် သွားဝယ်ရတာကိုပဲ နှစ်သက်လေ့ရှိပါတယ်။ အဲဒါကြောင့် အဖွားက နီးရာဈေးကို လှုပ်တုပ် လှုပ်တုပ်နဲ့ သွားပါတယ်။ လှုပ်တုပ် လှုပ်တုပ်လို့ ပြောရတာက အဖွားက အသက်နည်းနည်းရလာတဲ့အခါ ဒူးနာပါတယ်၊ ညောင်းတာ ညာတာ ရှိပါတယ်။ အဖွားကို နင်းပေး နှိပ်ပေး အပူထုတ်ပေးဖူးပါတယ်။ အဖွားဆီက မုန့်ဖိုးရချင်တာလည်း ပါပါတယ်။ အမေတို့ အမလို့ ခေါ်တဲ့ အဖွား ဈေးသွားတဲ့အခါ လိုက်ပါပြီး ဈေးဝယ်ခြင်းဆွဲရသူကလည်း ကျနော် ကျော်မောင်ပေါ့ခင်ဗျာ။

စစခြင်း တရက်မှာ၊ အဲဒီ တရက်ဆိုတာက အဖွား သဘောင်္နဲ့ ရန်ကုန်ရောက်လာပြီး နောက်တနေ့မနက်မှာ၊ အဖွားက စောစောစီးစီး ရေမိုးချိုးပြီး အ၀တ်အစားတွေ သပ်သပ်ရပ်ရပ် ၀တ်ပြီးတဲ့အခါ ဈေးခြင်းဆွဲပြီး ဈေးသွားမယ် ပြင်ပါလေရော။ သားကျော်ရေ အဖွားနဲ့ လိုက်သွားလိုက်လို့ အမေက ပြောတဲ့အခါ ဟုတ်ကဲ့ဆိုပြီး အဖွားကို လက်တွဲပြီး ဈေးကို လမ်းလျှောက်ကြပါတယ်။ ဈေးနဲ့ အိမ်နဲ့က ကျနော်တို့ ကလေးနှုန်းနဲ့ဆို ကြာလှ ဆယ်မိနစ်ပေါ့။ အဖွားနဲ့သွားတဲ့အခါ နှစ်ဆမက ကြာပါတယ်။ ဒါက ဈေးအ၀ အရောက်ကိုပဲ ပြောတာပါ။

အဖွားမှာ ဈေးဝယ်တဲ့စနစ်တခုရှိတာ အဖွား ဈေးဝယ်တဲ့အခါ နောက်လိုက်ခြင်းဆွဲလုပ်ရင်းနဲ့ သတိပြုမိပါတယ်။ အဲဒါက ဘာလည်းဆိုတော့ သူက ဈေးတန်း စတွေ့တာနဲ့ စ၀ယ်တာပါပဲ။ သားငါးဈေးတန်းက ဈေးကြီးရဲ့ အဆုံးဖက်နားလောက်မှာ ရှိပါတယ်။ ကျနော့်အတွေးက သားငါးက အဓိက၊ ဈေးအဆုံးမှာလည်း ရှိတယ်၊ အဲဒီကို အရင်သွား၊အဆုံးကနေမှ တဖြည်းဖြည်းဈေးအ၀င်ဖက် ထွက်လာတာမှာ ၀ယ်ချင်တာတွေ အဲဒီကျမှ ၀ယ်။ အဖွားနဲ့ ဈေးစလိုက်တဲ့နေ့မှာပဲ မြေးအဖွားနှစ်ယောက် နောင်ဂျိန်ပါပဲ။ အဖွားနောက်မှဝယ်၊ ပြန်လာမှဝယ်မယ်ဆိုရင်၊ ဒီကလေး မသိဘဲနဲ့၊ ပြန်လာရင် ဒီဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ တို့စရာတွေက ကုန်သွားလောက်ပြီ၊ မကောင်းတာတွေပဲ ကျန်ခဲ့မယ်တဲ့။

အဲဒီတော့ ဈေးကို စ၀င်ကတည်းက ဟိုဆိုင်တွေ့ ဒါလည်း လတ်လိုက်တာ၊ သမီးစားဖို့ ၀ယ်သွားမှ၊ ဒီဆိုင်တွေ့ ဒါလေးဆို ကောင်လေးကြိုက်မှာပဲ၊ အဲ ပြောရဦးမယ်၊ ကောင်လေးဆိုတာ ကျနော့်အဖေကို ခေါ်တာ၊ ဒါတွေက ငါ့မြေးတွေ စားဖို့နဲ့ ၊ ဈေးတန်းကလည်း ဘယ်ဖက် ညာဖက်မှာ ဗန်းလေးတွေ အခင်းလေးတွေနဲ့ ချရောင်းနေတဲ့ခေတ်ဖြစ်တဲ့အတွက် အဖွားက ဆိုင်တဆိုင်ရှေ့ရောက်ရင် မြေးရေ ခဏဆိုပြီး ဆောင့်ကြောင့်ထိုင်၊ သူ့စိတ်ကြိုက် ရွေးချယ်ကာ ဈေးဆစ် ငွေချေ၊ ပြီးတာနဲ့ အိမ်ကယူလာတဲ့ ဈေးဝယ်ခြင်းထဲ ထည့်ပါတယ်။ ကဲ မြေးရေ ဆွဲ ဆိုတာနဲ့ မြေးကျော်မောင်လည်း ဆွဲရပါတယ်။ ဆောင့်ကြောင့်ထိုင်ရာမှ ထဖို့ပြင်တဲ့ အဖွားကိုလည်း လက်တဖက်နဲ့ ထူရပါသေးတယ်။

သားငါးတန်း မရောက်ခင်မှာပဲ ဈေးခြင်းက အတော်စုံနေပြီ ဖြစ်ပါတယ်။ ခြင်းဆွဲကလည်း ဘယ်ညောင်းရင် ညာဖက်နဲ့ဆွဲ၊ ညာညောင်းရင် ဘယ် တလှည့်စီ မနိုင်မနင်းဆွဲလို့။ သားငါးတန်းကထွက်၊ ပန်းသည်တွေဆီရောက်တဲ့အခါ ဘုရားကပ်ဖို့ ပန်းတွေ ၀ယ်ပါတယ်။ အဲဒီ ပန်းစည်းတွေကို အဖွားက သယ်ပါတယ်။ ဈေးကနေ ပြန်ထွက်တဲ့အခါမှာလည်း သူ့စိတ်ထဲ ၀ယ်ချင်တာတွေ့ရင် မြေးရေ ပန်းတွေက အပွင့်တွေ လက်နဲ့ မထိစေနဲ့ ရော့ကိုင်ထားလို့ လှမ်းပေးရင်း ဈေးဝယ်ပြန်ပါတယ်။

အိမ်ပေါ်ရောက်တဲ့အခါ ခြင်းဆွဲကျော်မောင်လည်း လက်မောင်းတွေ အတော်ညောင်းနေပြီ ဖြစ်ပါတယ်။ နောက်နေ့မနက် အဖွားဈေးသွားမယ် ဆိုတော့လည်း ကျော်မောင်ဆိုတဲ့ မြေးက မညည်းမညူ ဈေးခြင်းလိုက်ပါဆွဲပေးလေ့ရှိပါတယ်။

ဘာကြောင့်လည်းဆိုတော့ အဖွားက ရိုးရိုး အဖွားမဟုတ်ပါ၊ ခေတ်အတော်များများကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်တဲ့အတွက် ဆယ်ကျော်သက်ဝင်စ မြေးကို လွယ်လွယ်လေးပဲ မက်လုံးလေးပေးပြီး စည်းရုံးနိုင်ခဲ့သူပါ။

အဲဒါက ဈေးကနေ ပြန်အထွက်မှာ ပြောင်းဖူးပြုတ်တို့၊ ပြောင်းဖူးမီးဖုတ်တို့၊ မုန့်ဆီကြော်တို့၊ ဖီးကြမ်းငှက်ပျောသီးတို့ အစရှိတဲ့ မုန့်ပဲသရေစာ အရောင်းဆိုင်တွေကနေ မြေးကျော်မောင် ကြိုက်ရာ သရေစာတခုထက်မကကို ၀ယ်စားခွင့်ပေးထားတာပါပဲ။

မြေးကျော်မောင်ကလည်း အိမ်ရောက်တာနဲ့ ဘယ်အိမ်သားကိုမှ ပေးမကျွေးပါဘူး။ စားချင်ရင် အဖွားနောက်က ဈေးခြင်းလိုက်ဆွဲကြလေလို့ ခပ်တင်းတင်း ပြောရင်း ၀ယ်လာတဲ့ မုန့်ကို မြိန်ရည်ရှက်ရည် တဖြဲနှစ်ဖြဲဆွဲပါတော့တယ်။

အဲဒီလိုနဲ့ အဖွား ရန်ကုန်ကနေ နယ်မြို့ကို မပြန်မချင်း ဈေးခြင်းဆွဲတာဝန်ကို ရွပ်ရွပ်ချွံချွံထမ်းဆောင်ခဲ့သောသူဖြစ်ပါကြောင်း ရှေးဟောင်းနှောင်းဖြစ် သတိရစရာအနေနဲ့ ရေးသားလိုက်ရပါတယ်။

အဖွားရဲ့ မြေးရေ ဘာစားဦးမလည်းလို့ မုန့်ဆိုင်ရှေ့ရောက်တိုင်း မေးတဲ့ အသံလေးကို အခုထိ ကြားယောင်နေမိပါကြောင်း။ ။

ကျော်မောင်(တိုင်းတာရေး) (ခ) မြေးကျော်မောင်

စာကြွင်း ။ ။ ရသစာပေနွယ်သော ကိုယ်တွေ့ဆောင်းပါးလည်းဖြစ်၊ အဖွားအတွက် အမှတ်တရလည်းဖြစ်တဲ့ ဆောင်းပါးမျိုး ရေးသားခြင်းဖြစ်ပါတယ်။