ထင်အောင် - ကျွန်တော်နှင့် ကျန်းမာရေး
စာရေးသူနဲ့ မိုးမခက စာအုပ်များ ပြန်တွေ့ကြစဉ်
ထင်အောင် - ကျွန်တော်နှင့် ကျန်းမာရေး
(မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၆
ကျွန်တော်ဟာ ငယ်ငယ်က ကျန်းမာရေးမှာ အလွန်ချူချာတယ်လို့ အမေကပြောဘူးပါတယ်။ ကျွန်တော်ကို ရန်ကုန်အရှေ့ပိုင်း သော်မဆင် လမ်းမှာ ရှိတဲ့ သော်မဆင်ဆေးရုံမှာ မွေးခဲ့ပါတယ်။ မွေးကာစက အလွန်ဝဖြိုးပြီး ဖြူဖြူတုတ်တုတ်ကြီးဖြစ်နေတာကြောင့်အဖိုးဖြစ်သူက ဖိုးတုတ်ဖြူကြီး လို့ ချစ်စနိုးခေါ်ရာကနေ ဖိုးတုတ်- တုတ်တုတ် စသဖြင့် အမျိုးတွေက အဆင်ပြေသလို ခေါ်လာကြပါတယ်။ ဒီဝဝတုတ်တုတ် ကောင်ကလေးဟာ ဘယ်အရွယ်ကစ ဆရာဝန်ပြရသလဲဆိုတာကို အမေကို မမေးထားလိုက်မိလို့  အတိအကျ မသိရပါ။ မှတ်မိတဲ့အရွယ် မှာတော့ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်က ဒေါက်တာမောင်ကြီးဆေးခန်းကို သွားသွားပြရတာကို သတိရမိပါတယ်။ ဆေးခန်းက ဆေးခန်းအမည် ဆိုင်းဘုတ် မရှိသလို ဒေါက်တာဘယ်သူ ဘာဘွဲ့  ရထားသည် ဆိုတဲ့ ဆိုင်းဘုတ်တောင် မရှိပါဘူး။ သူအိမ်မှာ လာပြတဲ့သူတွေကို ကုပေးတာပါ။ ဆိုက်ကားသမားကို ဒေါက်တာမောင်ကြီးလို့ ပြောလိုက်ရင် ဆိုက်ကားဆရာက ဆေးခန်းထဲအထိ တွဲပို့ ပေးတဲ့ ခေတ်ကာလပါ။ ကျွန်တော်တို့ အိမ်မှာတော့ အဘိုးဘိုက်နာလဲ ဒေါက်တာမောင်ကြီးဆီ သွားသလို အဘွားချောင်းဆိုးလဲ ဒီဆေးခန်းကိုပဲ ပြေးကြပါတယ်။
ဆေးခန်းစမ်းသပ်ခက ဈေးကြီးလို့ လား၊ လူရင်းတွေသာ လာကြလို့ လား မသိပါဘူး။ လူတော်တော်နဲတဲ့ ဆေးခန်းဖြစ်ပါတယ်။ လူသာနဲတယ်၊ ဒေါက်တာမောင်ကြီး ထွက်အလာကို စောင့်ရတာက အင်မတန်ကြာပါတယ်။ ဆေးခန်းထဲဝင်သွားတာနဲ့ သူနာပြုဆရာမက အဖျား တိုင်းပါတော့တယ်။ ပြီးမှ ဆရာဝန်ကြီးက နားကြပ်အေးစက်စက်ကြီးနဲ့  ဘိုက်ကို လျှောက်ထောက်ပါတော့တယ်။ ထိုအချိန်မှာ သူနာပြုဆရာမက လေးထောင့်စတီးအိုးထဲမှာ ထဲ့ပြုတ်ထားတဲ့ ဆေးထိုးအပ်ရယ်၊ ဆေးထိုးပြွန်ရယ်ကိုယူကာ ဆေးပုလင်းထဲကို မိုးရေထိုးသွင်းပြီး ထိုးဆေး ဖေါ်ပါတော့တယ်။ ဒေါက်တာမောင်ကြီးက လူနာတင်ပါးကို ဆေးထိုးပေးပါတယ်။ ဆေးထိုးထားတဲ့နေရာကို လက်နဲ့ ဆေးကြေအောင် အကြာ ကြီး ချေပေးရပါတယ်။ မချေရင် ဆေးထိုးတဲ့နေရာမှာ အဖုကြီး ဖြစ်လာတတ်ပါတယ်။ အဖုကို ထပ်ခွဲစိပ်ရတဲ့အလုပ်က ပိုလာပြန်ပါတယ်။ ဒါကြောင့် ဆေးထိုးခံပြီးရင် တင်ပါးကို လက်ဖမိုးလေးနှင့် အားရပါးရချေရမယ်ဆိုတာကို လူနာတိုင်းက သိနေကြပါပြီ။ ထိုးဆေးက ပင်နယ်စလင်ထိုးဆေးပါ။ အဲဒီခေတ်က အစွမ်းဆုံးဆေးဖြစ်ပါတယ်။ ဂျာနယ်ကျော်ဦးချစ်မောင်သာ ပင်နယ်စလင်ဆေးနဲ့ ကုသခွင့်ရခဲ့ရင် အသက်ဆုံးရှုံး မှာ မဟုတ်ဘူးလို့ လူကြီးတွေ ပြောတာကို ကြားခဲ့မိပါတယ်။ ဆေးထိုးပြီးတဲ့လူနာကို သောက်ဆေးပေးပါတယ်။ ကလေးဆေးကတော့ အရည် ပေးတာများပါတယ်။ အခုခေတ်အခေါ်ဆိုရင် စပ်ဆေးတွေနဲ့  အလားတူပါတယ်။ ဆေးက အရည်ဆိုရင် ပုလင်းလေးတွေနဲ့  ထဲ့ပေးပါတယ်။ လူကြီးတွေအတွက် ဆေးလုံးတွေကိုတော့ စက္ကူအိတ်ကလေးမှာ ထဲ့ပေးပါတယ်။ ဆေးကို ဆေးခန်းနောက်က ဆေးစပ်ခန်းမှာ ဆေးစပ်သမား (ကွန်ပေါင်ဓာ) က ထုတ်ပေးပါတယ်။ တနေ့ ဘယ်နှစ်ကြိမ်သောက် လက်ဖက်ရည်ဇွန်းနဲ့ ဘယ်နှစ်ဇွန်းသောက် ဆိုတာကို သေသေချာချာ လိုက် မှတ်ထားရပါတယ်။ ဆေးမှားသောက်မိရင် သေတတ်တယ်လို့  အသိက ရှိနေကြပါတယ်။ အဘိုးဘိုက်နာတာရော ၊ အဘွားချောင်းဆိုး တာရော၊ ဘာရောဂါဖြစ်ဖြစ် ပင်နယ်စနင်ကတော့ ထိုးရပါတယ်။ ဆရာဝန်က ရောဂါမြန်မြန်ပျောက်အောင် ဆေးထိုးပေးသလို လူနာတွေက လဲ ဆေးထိုးလိုက်တော့မှ ရောဂါသက်သာသွားတယ်လို့ ထင်နေကြပါတယ်။ တခါတလေတော့လဲ ဒီဇူဇာဆေးဆိုင်က ဆေးကို ဝယ်သောက်ခိုင်း တတ်ပါတယ်။
ပုဇွန်တောင် ပန်းခြံလမ်းမှာ ကလေးကုဆရာဝန် ရှိပါတယ်။ ဒေါက်တာဆူဗီးပါ။ ကလေးဆရာဝန်လို့ သာခေါ်ကြပါတယ်။ ကလေးဆေးခန်း ဆိုတော့ ကလေးတွေ တရုံးရုံးနဲ့ ပေါ့။ ဆေးခန်းဝမှာတော့ ကလေးတွေသဘောကျတဲ့ အရုပ်သည်တွေက တန်းစီနေပါတယ်။ လူနာက များလွန်းတာကြောင့် ရောက်ရောက်ချင်း အိန္ဒိယနွယ်ဘွားတယောက်ရှေ့က ချထားတဲ့ စာအုပ်ရှည်ကြီးထဲမှာ မှတ်ပုံတင်ရပါတယ်။ သူနာပြုဆရာမတယောက်က အဖျားလာတိုင်းပါတယ်။ ခဏလောက် ထိုင်စောင့်ရပါတယ်။ ကိုယ်နံမည်ခေါ်မှ ဆေးခန်းထဲကို ဝင်ရပါတယ်။ အခန်းထဲရောက်တာနဲ့ စမ်းသပ်တဲ့ ကုတင်ပေါ်ကို တက်အိပ်ခိုင်းပါတယ်။ ဆရာဝန်မျက်နှာတင်းနေတာကို တွေ့ လိုက်တာနဲ့  ချွေးတွေပြန် ကာ အဖျားတဝက်လောက် ပျောက်သွားလောက်ပါတယ်။ ထုံးစံအတိုင်း နားကြပ်နဲ့ ဟိုထောက် ဒီထောက် လုပ်တော့တာပါပဲ။ ပြီးတော့မှ ရောဂါအမည်ကို ပြောပြီး ဆေးထိုးပါတော့တယ်။ သူနာပြုဆရာမကလဲ စမ်းပြီးတာနဲ့ ဆေးထိုးတော့မယ် ဆိုတဲ့ ဖော်မျူလာကို သိနေပြီနဲ့  တူပါတယ်။ သူအဆင့်အတိုင်း သောက်ဆေးယူ ပိုက်ဆံရှင်း၊ အိမ်ပြန်ပေါ့။ နောက်တော့ ဘယ်လိုဖြစ်သွားသလဲ မသိပါဘူး၊ အိမ်မှာ အဖျားအင်မတန် ကြီးနေတဲ့ ကျွန်တော်ဟာ ဒေါက်တာဆူဗီးဆေးခန်းရောက်တာနဲ့ အဖျားမရှိသလို ဖြစ်နေပါတယ်။
ဒီနောက်ပိုင်းမှာတော့ ဆေးခန်းသွားလောက်အောင် ဖျားတာ နာတာတွေ မဖြစ်တော့ပါဘူး။ လူကလဲ မျောက်ရှုံးအောင် ဆော့တတ်လာပြီလေ။ သော်မဆင်လမ်းနဲ့  ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်မှာ ပုဇွန်တောင်မြို့ နယ် ဒေသန္တရကျန်းမာရေးဆေးပေးခန်း ရှိပါတယ်။ အခမဲ့ကုသပေးတဲ့ ဆေးခန်းပါ။ ကျွန်တော်က ဆေးခန်းရှေ့ မှာ သွားဆော့လေ့ ရှိပါတယ်။ ဆရာဝန်မကြီးက "မင်း ညီညီသား မဟုတ်လား၊ လာခဲ့စမ်း" ဆိုကာ ဆေးခန်းထဲ ခေါ်သွားပါတယ်။ အားဆေးတွေထိုး၊ စားဆေးတွေ ပေးပြီး ပြန်လွှတ်လိုက်ပါတယ်။ နောက်တပတ်တခါ ဆေးလာထိုးဘို့  မှာ လိုက်ပါသေးတယ်။ အိမ်ရောက်တော့မှ ဆရာဝန်မကြီးက ဆရာကြီးဒေါက်တာမောင်ဖြူး၏ ဇနီး ဒေါက်တာမာရီဖြူး ဖြစ်နေတာ သိရပါတယ်။ အဲဒီအရွယ်မှာ ကျွန်တော်က အတော်ပိန်ပါပြီ။ အဆော့မက်ပြီး အစားနဲ သွားတယ်ထင် ပါတယ်။ ဒါကြောင့်လဲ အားဆေးထိုးပေးချင်စိတ်ဖြစ် သွားတယ် ထင်ပါတယ်။ အပတ်စဉ် မိုရီရာမင် အားဆေး ထိုးပေးသလို၊ အားဆေးတွေလဲ တစ်ပတ်စာ ပေးပါတယ်။ ဆရာမကြီး ပြောင်းသွားတော့ ဒေါက်တာချိုနွယ်ဦးက မြို့ နယ်ဒေသန္တရဆေးပေးခန်းကို ပြောင်းလာပါတယ်။ ကျွန်တော်ကို အပတ်တိုင်း ဆေးဆက်ထိုးပေး နေပါတယ်။ ထိုအချိန်က ဒေသန္တရဆေးပေးခန်းတွေမှာ ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းအင်အား အပြည့်ရှိသလို ဆေးဝါးကလဲ အလုံအလောက် ရှိနေပါတယ်။ တော်ရုံ ပိုက်ဆံရှိသူများတောင် မလာကြပါ။ ဆိုရှယ်လစ်ခေတ်ဦးက ကျမ်းမာရေးအခြေအနေ ကောင်းမွန်သေးတာကို သတိထား မိလိုက်ပါတယ်။ နောက်ပိုင်းကျမှသာ ဆေးရုံတွေက ဆရာဝန် မလုံလောက်၊ ဆေးဝါး မပြည့်မစုံတွေ ဖြစ်လာတာပါ။
၁၉၇၁ခုနှစ်မှာ အူရောင်ငန်းဖျားရောဂါ ဖြစ်ပါတယ်။ မန္တလေးဆေးရုံကြီးက ဖျားနာဆောင်မှာ တက် ကုသရပါတယ်။ တာဝန်ခံဆရာဝန်ကြီးက ဒေါက်တာထွန်းသင်ပါ။ ဆရာကြီးက ဆေးတံခဲကာ လူနာတွေကို လိုက်ကြည့်ပါတယ်။ သဘောလဲ အင်မတန်ကောင်း၊ ပညာလဲအင်မတန် တော်တဲ့ဆရာကြီးပါ။ တချိန်တည်းမှာ ကျွန်တော်အမကလဲ ဒီရောဂါနဲ့ ပဲ အမျိုးသမီးဆောင်မှာ တက်နေရပါတယ်။ ပေးတဲ့ဆေးတွေက အဲဒီ ခေတ်ကာလက အကောင်းဆုံးဆေးတွေပါ။ လူတန်းစား ခွဲခြားမှု လုံးဝမရှိပဲ တပြေးညီ ကုသပေးတဲ့ကာလပါ။ ဆိုရှယ်လစ် ဒီမိုကရေစီဆိုတဲ့ စ ကားသုံးတော့မဲ့ ဆိုရှယ်လစ် အခြေခံဥပဒေမူကြမ်း ရေးဆွဲနေတဲ့အချိန် ဖြစ်ပါတယ်။ ဆေးရုံတွေမှာ ခုံတန်းရှည်တွေပေါ်မှာ လူနာအိပ်ရတာ စ ဖြစ်လာပါပြီ။ ပြည်သူကျန်းမာရေးအတွက် အားထားစရာ တခုတည်းသော ဆေးရုံကြီးဖြစ်နေလို့လဲ လူနာတွေ များနေတာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ကျန်းမာလိုက်တာ ဒေါင်ဒေါင်ကို မြည် နေပါတယ်။ ဒါတောင် ရန်ကုန် တက္ကသိုလ်များဆေးရုံမှာ အားဆေးသွားတောင်းတာ လုပ်မိပါသေးတယ်။ ကျောင်းသားတယောက် ရထိုက်တဲ့အခွင့်အရေး ယူရမယ်ဆိုပြီး အပျော် သွားတောင်းကြတာပါ။
ကျွန်တော် ခန္ဓာကိုယ်မှာ မကောင်းတာက သွားလေးတွေပါ။ ဂရုတစိုက် သွားတိုက် ပလုတ်ကျင်းလုပ်ပေမဲ့ ခဏခဏပိုးစားပြီး နာတတ်ပါတယ်။ ငယ်ငယ်ထဲက ဆူးလေဘုရားလမ်းပေါ်က ဒေါက်တာကြီးမြင့် သွားဆေးခန်းကို မကြာခဏ သွားပြရပါတယ်။ ဗြိတိသျှတို့ ရဲ့ ဝန်ထမ်း ဖြစ်ခဲ့လို့လား မသိပါဘူး၊ ဟန်ပန် အလွန်များပါတယ်။ သွားနုတ်ကုလားထိုင်ပေါ်ထိုင်ပြီးတာတောင် ဆရာလက်ဆေးနေတာကို အကြာကြီး စောင့်ရပါသေးတယ်။ လူနာကတော့ ခုံပေါ်ရောက်ကထဲ ကြောက်သေး ပါချင်သလို ဖြစ်နေပါတယ်။ ဆရာက ရေဆေးထားတဲ့ လက်ကို ခြောက်အောင်သုတ်ရင်း အမေနဲ့ အလာပ သလာပ စကားပြောနေပါသေးတယ်။ အမျိုးတော်လို့ ဆွေမျိုးတွေအကြောင်း ပြောကြတာပါ။ ပြီးမှ ပါးစပ်ဟခိုင်းပြီး ကိရိယာအစုံနဲ့  ပါးစပ်ထဲ ဟိုနိုက် ဒီနိုက်လုပ်ပါတော့တယ်။ သောက်ဆေးပေးပြီး ဘယ်နေ့ ပြန်လာပြဆိုကာ ရက်ချိန်း ပေးပါတယ်။ ချိန်းတဲ့နေ့ ကျမှ သွားကိုနုတ်ပေးပါတယ်။ တခါတလေ သွားတချောင်းနုတ်ဘို့ အရေး လေးငါး ခေါက် သွားရပါတယ်။ တခေါက် တခါက်ကို ဈေးကလဲကြီးပါ့လို့ အမေညည်းသံ ကြားလိုက်မိပါတယ်။
ငယ်သွားတွေလဲတဲ့ အချိန်မှာတော့ ဆိုရှယ်လစ်စံနစ်အရ အခမဲ့သွားနုတ်ပေးတဲ့ ဒေသန္တရဆေးခန်းကို သွားပါတော့တယ်။ သိမ်ဖြူ တင်းနစ်အားကစားကွင်းရှေ့ က မင်္ဂလာတောင်ညွှန့် ဒေသန္တရဆေးပေးခန်းမှာ သွားဆရာဝန် ထိုင်ပါတယ်။ ဆေးခန်းတိုင်းမှာ သွားဆရာဝန်မရှိပါဘူး။ လူနာတော့ နဲနဲများပါတယ်။ များတယ်ဆိုပေမဲ့ ဆယ်ယောက် လောက်ပါ။ လူတွေက ဒေသန္တရဆေးခန်းတွေကို လာရမှာ ရှက်နေတယ် ထင်ပါတယ်။ မရှိဆင်းရဲသားတွေအတွက် ဖွင့်ပေးထားတဲ့ အခမဲ့ဆေးကုသရာနေရာလို့  ထင်နေကြပါတယ်။ သွားကုတဲ့သူတွေကို အထင်သေး သလို ကြည့်ကြပါသေးတယ်။ ဒီနောက်ပိုင်းမှာတော့ ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတဲ့ကာလလို့ ပြောနိုင်ပါတယ်။ ဘာရောဂါမှ မရှိသလောက်ပါပဲ။
၁၉၇၇ ခုနှစ် မှာ အဖေရဲ့ရင်ဘတ်မှာ အဖုလေးတခု စမ်းမိပါတယ်။ အရိုးကဖြစ်တာ ထင်တာကြောင့် ကြည်ြ့မင်တိုင်အရိုးကုဆေးရုံက ဒေါက်တာခင်မောင်တူးကို သွားပြရပါတယ်။ ဆရာကစိတ်ချရအောင် ဘိုင်အော့ပစီ လုပ်ချင်တယ်ပြောပါတယ်။ အဖေကို နေ့လည်မှာ ဆေးရုံတင်ရပါတယ်။ လူနာစောင့်က ကျွန်တော်ပါ။ လူနာခုတင်တွေကြားမှာ ထိုင်ခုံရှည်လေးတခု ချထားပေးပါတယ်။ ညနေကစ အဖေကို ဘာမှ မစားခိုင်း တော့ပါဘူး။ ရေတောင် သောက်ခွင့် မရတော့ပါ။ မနက်ကို ခွဲစိပ်ခန်းဝင်ရန် ကြိုတင်ပြင်ဆင်ထားတာပါ။ ဆိုရှယ်လစ်ခေတ်လယ် ကျန်းမာရေးအခြေအနေကို ဆေးရုံပေါ်ရောက်မှ သိရပါတော့တယ်။ လူနာအားလုံးကို လူနာကုတင် မပေးနိုင်တော့ ခုံရှည်ပေါ် လှဲနေသူတွေ၊ ကြမ်းပြင် ပေါ်မှာ ဖျာခင်းပြီး ဝေဒနာဒဏ်ခံနေရသူတွေ အများကြီးတွေ့ ခဲ့ရပါတယ်။ သောက်ဆေးကလည်း တချို့ သာ ဆေးရုံကပေးပြီး ကျန် လိုအပ်တဲ့ဆေးတွေကို ပြည်သူဆေးဆိုင်တို့ စိန်ဂျွန်းဈေးတို့ မှာ ရှာဝယ်ပြီး သောက်ရပါတယ်။ စရိတ်မျှပေး ကျမ်းမာရေးစံနစ်ကို မသိမသာပြောင်းနေပြီဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်နောက်ပိုင်းမှာလည်း ကျန်းမာရေး အထူးကောင်းနေပါတယ်။ လမ်းမှန်မှန် လျှောက်ဖြစ်သလို၊ အချိန်မရရင် စက်ဘီးစီးဖြစ်ပါတယ်။ တခါတလေ ကျောင်းသားတွေနဲ့ ဘောလုံးကန်ပါသေးတယ်။ အားကစား ပုံမှန်လုပ်နေလို့ လားမသိဘူး၊ ကျန်းမာရေး ကောင်းနေပါတယ်။ ဒါပေမဲ့ မျက်စိ အားနည်းလာပါတယ်။ အစက အညာမှာ အပူရှိန်ပြင်းလို့  မျက်လုံးတွေ ဝါးလာတယ် ထင်မိပါတယ်။ သူငယ်ချင်းတွေ မေးကြည့်မှ တယောက်ထဲ ဝါးနေဖြစ်နေပါတယ်။ ချက်ခြင်း မျက်စိဆရာဝန်ဆီ သွားပြရပါတယ်။ မျက်မှန်တပ်လိုက်တော့မှ အဆင်ပြေသွားပါတယ်။ အဲဒီ အချိန်ကစ ပါဝါတွေ တက်တက်လာပြီး မျက်မှန်က ထူထူ လာပါတယ်။ အခုတော့ မျက်မှန်မပါရင် ဝါးတဲ့အဆင့် ဖြစ်နေပါပြီ။ အသက်ကြီးလာရင် ပါဝါလျော့သွားတတ်တယ် ကြားဘူးတယ်။ ကျွန်တော်တော့ မလျော့သေးပါဘူး။
၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ချူချာလာပါတယ်။ ညောင်းတတ်လာတယ်။ ဒီကြားထဲ သက်ကြီးဆေးစစ်ပေးတဲ့နေရာမှာ အပျော်သဘောနဲ့  အီးစီဂျီ ဝင်ဆွဲကြည့်လိုက်တာ သွေးကြောတခု ကျဉ်းနေတယ်ဆိုတဲ့ အဖြေထွက်လာပါတယ်။ ဆရာဝန်တွေကလဲ နှလုံးနဲ့ ပတ်သက် တဲ့ ဆေးတွေ ပေးပါတော့တယ်။ ဆေးခန်းက ပြန်လာတော့မှ လမ်းလျှောက်ရင် မောသလို ခံစားမိပါတော့တယ်။ သွေးကလဲ တိုးလာတာကြောင့် ဆေးသောက်၊ အစားအစာဆင်ခြင်ရတဲ့ အဆင့် ရောက်သွားပါတယ်။ ဒါတောင် ဆီးချိုရောဂါမရှိဘူးဆိုလို့  ဝမ်းသာ ရပါသေးတယ်။ ဒီအရွယ်မှာ သွေးက ပျစ်ချွဲတတ်လာတတ်ကြောင့် သွေးကျဲေဆး သောက်ခိုင်းပါတယ်။
၂၀၁၀ ခုနှစ် နွေရာသီ အင်မတန်ပူပြင်းတဲ့ နေ့တနေ့ မှာ အပြင်သွားရင်း နေရတာ မအီမသာ ဖြစ်လာပါတယ်။ ဒါကြောင့် ကားငှားပြီး အိမ်ကိုပြန်ခဲ့ပါတယ်။ အိမ်ထဲအဝင်မှာ အန်ချင်သလိုဖြစ်တာနဲ့  ရေချိုးခန်းကိုအသွား လမ်းမှာ လဲကျသွားပါတယ်။ သွေးခုန်နှုန်းက သုညဖြစ်နေပါတယ်။ အမဆရာဝန်က ချက်ချင်း ဆေးသွင်းပေး ပါတယ်။ ထုံးစံအတိုင်း ရင်ဘတ်အောင့်လား၊ ဘယ်နားက နာတာလဲ မေးပါတော့တယ်။ နှလုံးရောဂါ အထူးကု ဆရာဝန်ဆီ ချက်ချင်း သွားရပါတယ်။ ဆရာဝန်စစ်တော့လဲ ဘာမှ မတွေ့ ရပါဘူး။ ကိုလက်စထရော နဲနဲများနေတာကို သာ သိရပါတယ်။ ဒါပေမဲ့ သွေးစစ်ချက်ရလဒ်ကတော့ ခန္ဓာထဲမှာရှိရမဲ့ ဓာတ်တွေက အားလုံး နဲနေတာ တွေ့ ရတယ်။ ချက်ချင်း ဆေးသွင်း၊ ဆေးသောက် လုပ်လိုက်တော့မှ နှစ်ပတ်အကြာမှာ ထူထောင်လာပါ တယ်။ ချွေးထွက်တာနဲ့ ခန္ဓာထဲက ဓာတ်တွေ မလျော့သွားအောင် သကြားလုံးကို ငုံစား၊ အချိုရည်လေးသောက်၊ အချိုရည် မရရင် ရေသောက် ရတဲ့ ဆေးကုနည်းလေး တတ်လာပါတယ်။
ကျွန်တော်ဟာ မနက်စောစောအိပ်ရာမှ ထတတ်သူဖြစ်ပါတယ်။ မနက်၅နာရီဆို နိုးလာကာ သန့် ရှင်းရေးလုပ်ပြီး ဘုရားရှိခိုး၊ တရားထိုင်လေ့ ရှိပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ မှာတော့ အိပ်ယာက မထချင်ဘဲ အိပ်ချင်စိတ်သာ ဖြစ်နေမိပါတယ်။ စားချင်စိတ်လဲ မရှိပါ။ သမီးဖြစ်သူက ဟိုတခါလို ဖြစ်မှာစိုးလို့ နိုးပြီး ဓာတ်ဆားရည်တွေ သောက်ခိုင်းပါတယ်။ ပါရမီဆေးရုံ ရောက်ကာ ဒေါက်တာဌေးမြင့်ရှေ့ ကို ရောက်ချိန်မှာတော့ အကောင်းပကတိ ဖြစ်နေပါတော့တယ်။ သွေးစစ်ဘို့ သွေးအဖောက်ခံအပြီး၊ ဆီးစစ်ရန် ဆီးရဘို့ လုပ်နေတုံး လဲ ကျ သွားပါတယ်။ ဒါကြောင့် ဆေးရုံတက်လိုက်ရပါတယ်။ ထုံးစံအတိုင်း ဆေးတွေသွင်းရပါတယ်။ စားချင်စိတ်ကတော့ လုံးဝပျောက်နေတုံး ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အဓိကဖြစ်နေတဲ့ ရောဂါကို ရှာမတွေ့ ပါဘူး။ ဆေးစစ်ချက်တွေအရ သွေးဖြူဥတွေ များနေတာကို သိရပါတယ်။သွေး နီဥတွေ ဘာကြောင့် လျော့သွားသလဲဆိုတာ ပုစ္ဆာဖြစ်နေပါတယ်။ တကယ်က ကျွန်တော် ဝမ်းသွားရင် သွေးပါနေပါတယ်။ ကျွန်တော်က ပိုး သတ်ဆေးတွေ သောက်ရတာကြောင့် ဝမ်းအရောင်မဲနေတယ်လို့  ထင်မိနေပါတယ်။ ဘယ်သူကိုမှ မပြောမိပါဘူး။ နေ့လည်လောက်မှ သမီး ကိုပြောမိပါတယ်။ ပြောနေတုံး အန်ချင်စိတ်ဖြစ်လာကာ အန်ချလိုက်ပါတယ်။ အန်တဲ့အထဲ သွေးပါလာတာကို တွေ့ လိုက်ရပါတယ်။ ဒါကြောင့် ဆရာဝန်က သွေးနဲ့ ဝမ်း ပြန်စစ်မယ်ပြောပါတယ်။ သွေးကတော့ ချက်ချင်းလာဖေါက်တော့ ကိစ္စပြတ်သွားပါတယ်။ ဝမ်းကတော့ အစာ ကလဲ မစားထားတော့ ရဘို့  ခက်နေပါတယ်။ ညနေမှာ အစာနဲနဲစားပြီး ဝမ်းသွားချင်သလို ဖြစ်လာပါတယ်။ ဝမ်းသွားပြီး အပြင်ပြန်ရောက်ချိန် သတိလစ်ကာ လဲကျသွားပါတော့တယ်။ ကျွန်တော်ကတော့ အိပ်ပျော်သွားတယ် ထင်နေပါတယ်။ နိုးလာချိန်မှာ ကျွန်တော်ကို ဆေးရုံပြောင်းဘို့  ပြင်ဆင်နေပါပြီ။
 သမီးက တပ်မတော်တွင် အမှုထမ်းနေသော သူငယ်ချင်း၏ဇနီးကို ကူညီပါရန် အကူအညီတောင်းမိတာကြောင့် မင်္ဂလာ ဒုံ တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံသို့ တင်ရန် သူနာပြုကား လွှတ်ပေးလိုက်ပါတယ်။ ဆေးရုံကဓာတ်လှေကားက ပျက်နေသဖြင့် အခက်အခဲ များစွာကြားမှ သူနာပြုကားပေါ် ရောက်ခဲ့ရပါတယ်။ ကားပေါ်မှာကထဲက အောက်ဆီဂျင်ရှု၍ လိုက်ခဲ့ပါတယ်။ ဆေးရုံခွဲစိပ်ဆောင်(၁)ကို ရောက်တာနဲ့  ခွဲစိပ်မည့် ဆရာဝန်နှင့်အဖွဲ့ က အဆင်သင့် စောင့်နေပါတယ်။ အခန်းတခန်းတွင် ခဏနားရင်း လိုအပ်သည်များကို ဖြည့်စွက်ပြီး ခွဲစိပ်ခန်းထဲကို ခေါ်သွင်းခဲ့ပါတယ်။ အချိန်က ည ၁၂:၃၀ ရှိပါပြီ။ အခန်းတွင် ကုတင်ပေါ်တွင် ဘယ်ဘက်စောင်းအိပ်ခိုင်းကာ ပါးစပ်ထဲကို ထုံ ဆေး ဖျန်းထဲ့လိုက်ပါတယ်။ တံထွေးထွက်ရင် မြိုချပါလို့ ဆရာဝန်က မှာပါတယ်။
တံထွေးကိုမြိုချတာနဲ့ တပြိုင်ထဲ ပါးစပ်ထဲသွင်ထားတဲ့ အစာအိမ်လမ်းကြောင်းကြည့်ပြွန်ချောင်းဟာ အလိုအလျှောက်ပါ သွားပါတော့တယ်။ ဘေးနားက ရုပ်မြင်စက်ကလေးကနေ မိမိရဲ့ အစာအိမ်ကို တွေ့ နေရပါတယ်။ တပြိုင်နက်ထဲ အခန်းအပြင်က သမီးကလဲ စက်တလုံးနဲ့ တွေ့  နေရပါတယ်။ အစာအိမ်မှာ အနာ တွေ့ ရပါတယ်။ ဒီအနာကနေ သွေးတွေ ယိုစီးထွက်ကျနေတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သွေးက ခဲ ပြီး အနာကို သွေးမထွက်တော့အောင် ပိတ်ထားသလို ဖြစ်နေပါတယ်။ အစာအိမ်အောက်ခြေမှာလဲ ပွန်းရာလေးတွေ ရှိနေတယ်လို့ သိရပါ တယ်။ အစာအိမ်လမ်းကြောင်းကြည့်တဲ့ ပြွန်ကလေးကို အသာအယာပြန်ထုတ်လိုက်ပြီး ဆေးတလုံး ထိုးပေးပါတယ်။ မူလကုတင်ပေါ်ပြန် ရောက်တော့မှ သွေးနှစ်ပုလင်းနဲ့  အားဆေး ငါးပုလင်းကို ဆက်တိုက် သွင်းပါတော့တယ်။ သားငယ်က ညစောင့် အိပ်ပေးပါတယ်။ နောက်ည တိုင်း သမီးနဲ့ သားငယ်က တလှည့်စီ စောင့် ပြုစုပေးပါတယ်။ သမီးနဲ့ သား ပင်ပန်းလွန်းတာကြောင့် သူငယ်ချင်း စိန်မြအောင်ကို ညစောင့်ပေးပါ ရန် အကူအညီတောင်းရပါတယ်။ သူကလဲ လိုလိုလားလားနဲ့  အလုပ်တွေမအားတဲ့ကြားက ည လာစောင့် ပြုစုပေးပါတယ်။
မနက်မိုးလင်းတာနဲ့ ဆေးရုံက မှတ်ပုံတင်မှူးရယ်။ အိုင်စီယူ ဌာနမှူး ဗိုလ်မှူးကြီးအောင်ရွှေစော ရယ် လာကြည့်ပါတယ်။ ချက်ချင်းပဲ အိုင်စီယူက အခန်းအမှတ် ၆ ကို ပြောင်းပေးပါတယ်။ အိုင်စီယူက အထူးကြပ်မတ်အဆောင် ဆိုတော့ လူနာတွေကို အင်မတန် ဂရုတစိုက်ပြုစုကုသပေးတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် စည်းကမ်းကလဲ အင်မတန်ကြီး ပါတယ်။ လူနာပစ္စည်း ဘာမှ ယူမထားရပါဘူး။ လူနာ လာသတင်းမေးရင် တကြိမ်ကို နှစ်ယောက်သာ ကြည့်ရပါတယ်။ လူနာအစောင့်ရော သတင်းမေးလာသူတွေရော သတ်မှတ်ထားတဲ့ဝတ်စုံကို ဝတ်ကာ ဆေးဖြန်းခံ ရပါသေးတယ်။ ကျွန်တော်လက်ထိပ်မှာ ကလစ်ကလေးလို ခလုတ်တခု တပ်ထားရပါတယ်။ ဘေးက စက်ပေါ်မှာ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ဦးဏှောက်အတွင်းရှိ အောက်ဆီဂျင် ပမာဏတွေကို ပြသနေပါတယ်။ ဘယ်လက်ကတော့ တောက်လျှောက် ဆေးသွင်းနေရပါတယ်။ အစာ လုံးဝ မစားရတော့ အဟာရဖြစ်အောင် သွင်းနေရတာဖြစ်ပါတယ်။ ခဏကြာမှာ ခွဲစိပ်ကုသမှု ပါရဂူ ဗိုလ်မှူးကြီးခင်အောင်ထွန်းနှင့် အဖွဲ့ ကလာ စမ်းသပ်ပါတော့တယ်။ အစာအိမ်တွင်းမှ အနာကျက်ရန် အစာမစားဘို့ လိုအပ်ကြောင်း ပြောကြားရင်း အသေးစိတ် စစ်ဆေးမှုတွေလုပ်ပါ တယ်။ နေ့ လည်မှာတော့ ဆေးရုံတပ်မှူးကြီး ဗိုလ်မှူးချုပ် စိုးနွယ် ဦးဆောင်တဲ့အဖွဲ့ က လာကြည့်ကာ နှလုံးသွေးကြောကျဉ်းဘူးသောအချက်ကြောင့် နှလုံးပါရဂူကို လာစစ်ပေးပါရန် ပြောပါတယ်။ စိတ်ချရရန် လည်ပင်းကြီးရောဂါ ရှိ မရှိ စစ်ဆေးပေးရန်လဲ မှာကြားပါတယ်။ ကျွန်တော် က ထိပ်ခတ်နာဖြစ်ဘူးကြောင်း ပြောပြမိ၍ နားနှာခေါင်းလည်ချောင်းဌာနကိုလဲ လာစစ်ရန် ပြောကြားပါတယ်။
ဆေးကုသရေးဌာနမှ လာစစ်ဆေးသောအခါ ကျွန်တော်အိပ်လျှင် ဟောက်ဟောက်နေခြင်းမှာ ဦးဏှောက်ထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်များနေသောကြောင့် ဖြစ်နိုင်သည်ဆိုကာ အောက်ဆီဂျင် ရှုခိုင်းပါတယ်။ လူတယောက်၏ ဦးဏှောက်မှာ အောက်ဆီဂျင်ပမာဏ ၉၈% ရှိ ရမည်ဖြစ်ပြီး ၉၅%ထက် မနည်းသင့်ကြောင်း သိရှိ ပညာရလိုက်ပါတယ်။ အောက်ဆီဂျင်ပိုက် တန်းလမ်းနှင့်နေရသောညမှာ ကောင်းစွာအိပ်၍ ရသွားပါတယ်။ ဟောက်သံကလဲ ပုံမှန် ဟောက်သံဖြစ်သွားပါတယ်။ ဆေးရုံမရောက်ခင်က နေ့ခင်းဘက်မှာ ငိုက်သလိုဖြစ်သွားတတ်ကာ ဟောက်သံက အရင်ထွက်လာပါတယ်။ ဟောက်သံကြောင့် ငိုက်နေရာကနေ လန့် နိုးသွားပါတယ်။ ဆေးရုံရောက်စက ပုံမှန်မဟုတ်တဲ့ ဟောက်သံ ထွက်လာပါသေးတယ်။ အောက်ဆီဂျင်ကျေးဇူးကြောင့် ပုံမှန်ပြန်ဖြစ်သွားပါတယ်။
နှလုံးဌာနမှ ဆရာဝန်များက ပထမ အီးစီဂျီ ဆွဲပါတယ်။ အားမရတဲ့ညမှာ အက်ကိုးစက်နဲ့ လာ စမ်းသပ်ပါတယ်။ ရလဒ်က ကျွန်တော်နှလုံးက အကောင်းဖြစ်နေပါတယ်။ သွေးကြောကျဉ်းတာ မရှိပါဘူးတဲ့။ ဝမ်းသာစရာစကားလေး ကြားလိုက်ရတာပါ။ သွေးကြောကျဉ်းတာကြောင့် သွေးကျဲ ဆေးသောက်ရပါတယ်။ ဒီဆေးကြောင့် အစာအိမ်မှာ အနာဖြစ်နိုင်ချေရှိတယ်လို့ အားလုံးက မှတ်ချက်ပေပါတယ်။ လူနာတယောက် ဟာ အိုင်စီယူမှာ ကြာကြာနေရန် မသင့်တော်ဘူးလို့  သိရပါတယ်။ ဒါကြောင့် ကျွန်တော်ကို အသေးစိတ် စစ်ဆေးမှုတွေပြီးပါက ခွဲစိပ်ဆောင် ၁ ကို ပြန်ရန် ပြင်ဆင်ရပါတယ်။သို့သော် ဓာတ်မှန်တခုရိုက်ရန် ကျန်နေသဖြင့် ဓာတ်မှန်ဌာနအထိ ဝှီးချဲမှာ ထိုင်ကာ သွားရိုက်ခဲ့ပါတယ်။ ရိုက် ပြီး အပြန်မှာ အခန်းထဲကို အရာရှိတယောက် အထုပ်တထုပ်ကို ပိုက်ကာ အပြေးအလွှားဝင်လာပါတယ်။ "နားအူနေတဲ့လူနာကို လာစမ်းသပ်တာပါ ခင်ဗျ"လို့ ပြောပါတယ်။ ကျွန်တော်က နားမအူပါဘူး ပြောပေမဲ့၊ တာဝန်ဝတ္တရားအရ စစ်ဆေးပါတော့တယ်။ ပြီးတော့ သောက်စရာ ဆေးတွေလဲပေးပါသေးတယ်။ ဌာနအားလုံးက စစ်ဆေးပြီးပြီဆိုတော့ ခွဲစိပ်ခန်း ၁ ကို ပြောင်းရပါတယ်။
ကင်ဆာရောဂါမဟုတ်ကြောင်း ရိုးရိုးအနာသာဖြစ်ကြောင်း အဖြေထွက်လာတော့ ပါရဂူတွေရော၊ လူနာပါ ဝမ်းသာစရာဖြစ်နေပါတယ်။ အနာကို သောက်ဆေးနဲ့ အချိန်ယူကုမှာဖြစ်တဲ့အတွက် ဆေးရုံက ဆင်းခွင့်ပေးလိုက်ပါတယ်။ သောက်ရမဲ့ဆေးတွေလဲ ပေးပါတယ်။ စားသင့်တဲ့ အစာတွေကိုလဲ ပြောပြပါတယ်။ နူးညံ့တဲ့အစာကိုသာ စားရမှာဖြစ်ပါတယ်။ ဆန်ပြုတ် (ငရုတ်ကောင်း မပါရပါ) သောက်ရပါမယ်။ ဒါပေမဲ့ ပူနေ ရင် မသောက်ရပါဘူး။ အေးမှ သောက်မှာဖြစ်ပါတယ်။ ကော်ဖီ၊ လက်ဘက်ရည်နွားနို့ တွေကို သောက်ခွင့် မရတော့ပါ။ ဓာတ်ငွေ့ ပါသော အအေးဘူးတွေကိုလဲ ခွင့်မပြုပါ။ အသုတ် အပူ အစပ် စားရင် အန္တရာယ်များကြောင်း ရှင်းပြပါတယ်။ နောက်ဆုံးတော့ ဆန်ပြုတ်အေးအေး၊ ပဲနို့ ၊ ပေါင်မုန့် ၊ ငါး ၊ ကြက်သား အချိုချက်တွေကိုသာ စားရပါတော့မယ်။ အစာအိမ်အတွင်းက အနာကို မထိခိုက်ရန် ဂျယ်လီလို ဆေးကိုလဲ တနေ့ သုံး ကြိမ် သောက်ရပါတယ် ။ နှလုံးက ကောင်းနေတဲ့အတွက် နှလုံးနဲ့ ပတ်သက်တဲ့ ဆေးတွေကို ရပ်လိုက်ရပါတယ်။ သွေးတိုးအတွက်ရယ်၊ အစာ အိမ်က အနာကျက်ရန်အတွက်သာ ဆေးသောက် ရပါတော့တယ်။
တလအကြာမှာ ဆေးပြန်စစ်တဲ့အချိန်မှာတော့ သွေးက နဲနဲတိုးနေပါတယ် ။နှလုံးဌာနက စစ်ဆေးချက်အရ အဆုတ်က အခန်းတခန်း ယောင်နေတယ်လို့ ပြောပါတယ်။ သောက်ရမဲ့ဆေးတွေကို ပြောင်းပေးပြန်ပါတယ်။ နောက်တလ အကြာမှာ စစ်ဆေး ခံရပါအုံးမယ်။ ကိုယ်တိုင် မကျန်းမာမှ ကျန်းမာရေး အဖိုးတန်တာ ပိုသတိပြုမိပါတော့တယ်။ ဇရာအရွယ်ရောက်နေတဲ့ လူတယောက်ကို နောက်ဆုံးအဆင့် မရဏမရောက် သွားအောင် ဂရုစိုက် ကုသ စစ်ဆေးပေးတဲ့ သမီးနှင့် မိသားစုဝင်များ၊ ကုသခွင့်ရအောင် စီစဉ်ပေးသော သူငယ်ချင်း ကိုစိန်ဝင်းနှင့် ဇနီးမမြင့်၊  သူနာပြုကား ချက်ချင်းစီစဉ်ပေးသော တပ်မှူး ဗိုလ်မှူးချုပ်စိုးနိုင်၊ ဆေးရုံရောက်ရောက်ချင်း ခွဲစိပ်ခန်းဖွင့်ကာ အသင့်စောင့် ကုသပေးသော ဗိုလ်မှူးကျော်အောင်ဇံနှင့် အဖွဲ့ ၊ မနက်မိုးလင်းလင်းချင်း လာရောက်အားပေး စီစဉ်ပေးသော အိုင်စီယူဌာနမှူး မေ့ဆေးပါရဂူဗိုလ်မှူးကြီး အောင်ရွှေစော၊ ခွဲစိပ်ကုပါရဂူ ဗိုလ်မှူးကြီးခင်အောင်ထွန်းတို့ ကို အထူးကျေးဇူးတင်မိပါတယ်။တပ်မှူးကြီးက ကိုယ်တိုင် လာစစ်ဆေးပေးကာ ဌာနအားလုံးကို ဆေးစစ်ရန်ပြောကြားပေးတာကြောင့် မူလရှိနေတယ်လို့ ထင်နေသော ရောဂါများက မရှိပဲ၊ တကယ်ဖြစ်နေသောဝေဒနာများကို သိရှိရသဖြင့် အနာသိ ဆေးရှိကာ ပြန်လည် အသက်ရှင်ခွင့်ရခဲ့ပါတယ်။
ရောဂါဖြစ်ဖြစ်ချင်း သွေးဖေါက် ရောဂါရှာ ကုသပေးသော ပါရမီအထူးကုဆေးရုံကြီးမှ ပါရဂူဒေါက်တာဌေးမြင့်နှင့် ဆရာဝန်ဆရာမများ၊ ရောဂါအမှန်ကို သိရှိချိန်တွင် အသက်ရှင်သန်ခွင့်ရအောင် ကုသပေးသော ကုတင် (၁၀၀၀) အမှတ် (၁) မင်္ဂလာဒုံစစ်ဆေးရုံမှ တပ်မှူးကြီးနှင့် ပါရဂူများ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးရုံတက်နေစဉ် ညစဉ်လာစောင့်ရှောက်ပေးသော သမီးနှင့် သား ၊အချိန်ရရင် ရသလို လာအိပ်ပေးသော သူငယ်ချင်းစိန်မြအောင်၊ စားချင်စိတ်ဖြစ်လာအောင် စားစရာများစီစဉ်ပေးသော အောင်ဆန်းဦးနှင့် အေးအေးမော်ဇနီးမောင်နှံ၊ ဆေးရုံသတင်း လာမေးရင်း မေ့မျောသွားသော ကျွန်တော်ကို စစ်ဆေးရုံထိ လိုက်စောင့်ရှောက်သော ဒေါက်တာစောဝင်းမောင်နှင့်နောက်ဆုံး မြင်လိုက်ရတာလို့ ထင်လိုက်တဲ့ ကိုစိုးအောင်သူ အားလုံးကိုလဲ ကျေးဇူးတင်မိပါတယ်။ ဆေးရုံတက်ရကြောင်းသတင်းကို မိုးမခဝိုင်းတော် သားများ သိစေရန် သတင်းပေးပို့ သော ဒေါက်တာခင်မောင်ဝင်း၊ ဇနီးတက္ကသိုလ်ရွှေရီဝင်း၊ သမီးဂျူနီယာဝင်းတို့ကိုလဲ ကျေးဇူးတင်ရသလို၊ တကမ္ဘာလုံး နေရာအနှံအပြားမှာ ရှိနေသော မိုးမခဝိုင်းတော်သားများထံ သတင်းတင်ပေးသော ဆရာမောင်ရစ်နှင့် မေတ္တာပို့ ဆုတောင်းပေး ကြပါသော ဝိုင်းတော်သားအားလုံးကိုလဲ ကျေးဇူးတင်မိပါတယ်။ ကျွန်တော်နဲ့  ကျန်းမာရေးဆိုသော ခေါင်းစီးလေးကိုရေးသားနေစဉ် မိမိ ကိုယ်တိုင် ကျန်းမာရေးချို့ ယွင်းရပါသောကြောင့် ဆောင်းပါးပေးပို့ ရန် ရက်နောက်ကျသွားပါတယ်။ သေရွာကပြန်လာပြီး ပထမဆုံးရေးသောစာမူကို ဖတ်ရှုကျသော မိုးမခစာပေပရိသတ်အပေါင်း ကျန်းကျန်းမာမာနှင့် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နေနိုင်ကြပါစေဟု ဆုတောင်း မေတ္တာပို့ အပ် လိုက်ပါတယ်။
ထင်အောင်
၂၆/၁/၂၀၁၆
(အယ်ဒီတာ့မှတ်ချက် - မီချီဂန်ရောက် ကဗျာဆရာ အောင်ဝေး ကိုယ်တိုင်လည်း ၂၀၁၅ နှစ်ဆန်းပိုင်းတုန်းက အစာအိမ်နာ၊ သွေးထွက်ပြီး၊ မူးလဲ၊ နှလုံးထိခိုက်ပြီး အလုပ်ကနေ ဆေးရုံကို ညတွင်းချင်း ရောက်ခဲ့ရပါတယ်။ ဆရာ ထင်အောင်ကဲ့သို့ အစာအိမ်သွေးယို ၀မ်းမည်းတွေသွားတာ မသိမိလိုက်လို့ပါပဲ။ ဆေးရုံမှာ ရက်အနည်းငယ် သတိလစ် မြောနေပြီးမှ ပြန်လည် ကျန်းမာခဲ့တာ ဖြစ်ပါတယ်။ အဲသည်တုန်းကလည်း ဆေးရုံအတွေ့အကြုံကြားထဲကနေ ကဗျာတပုဒ် သူလည်း ရေးခဲ့ပါသေးတယ်။ သူ့ကဗျာကတော့ - ဆေးရုံည တွင် ချီတက်ခြင်း ဖြစ်ပါတယ်။ 
(မောင်ရစ်))