မောင်ဥက္ကလာ - ပြည်သူများထံပေးစာ - နှုတ်ဆက်စကား (သရော်စာ)


မောင်ဥက္ကလာ - ပြည်သူများထံပေးစာ - နှုတ်ဆက်စကား (သရော်စာ)
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆
 
ကျနော် မကြာခင် နေပြည်တော် သမ္မတအိမ်တော်ကနေ ပြောင်းရွှေ့သွားတော့မှာကို  ကြားသိရလို့ ဝမ်းနည်းပူဆွေး ငိုမလို ရယ်မလိုဖြစ်နေကြတဲ့ မိဘပြည်သူအပေါင်းတို့ ခင်များ။  ၂၀၁၆ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်ဝကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဒီတကြိမ် ဘာကြောင့် ရုပ်မြင်သံကြားကနေ မိဘပြည်သူများကို နှုတ်ဆက်စကား မပြောဆို၊ အခုလို စာတတန် ပေတတန်နဲ့ ပြည်သူများထံပေးစာဆိုပြီး ရေးရတဲ့အကြောင်းက  သမ္မတအထက်မှာနေမယ့် ဒေါ်အောင်ဆန်းစုကြည်က ဟိုတချိန် သူကို နေအိမ်မှာ စာရေးစာဖတ်ဖို့ ထိန်းသိမ်းထားချိန် ဂျပန်နိုင်ငံထုတ် မီနီချီ ရှင်ဘန် (Mainichi Shinbun) သတင်းစာမှာ မြန်မာ ပြည်သို့ပေးစာ (Letters from Burma) ဆိုပြီး ရေးခဲ့သလို၊ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းကြီးမှာရေးနေတဲ့ ဇွန်မိုးရဲ့မြန်မာပြည်သို့ ပေးစာနဲ့ ကျနော်တို့အစိုးရကို ပုတ်ခတ်ဝေဖန်ရေးနေတာတွေကို အားကျတုံ့ပြန်ချင်လို့၊၊ ပြီးတော့ ကျနော့်စကားတွေလည်း သမိုင်းမှာ အက္ခရာတင်ထားခဲ့ချင်လိုပါ။ ဖြစ်နိုင်ရင် ရာဇကုမာရ်မင်းသားလို ကျောက်စာထိုးထားခဲ့ဖို့ စဉ်းစားမိပါတယ်။ အခု တော့ ကျနော်တို့ အဘတွေနောက် တကောက်ကောက်လိုက်၊ မိုးမခမှာ ဟိုရေးဒီရေး လျှောက်ရေးနေတဲ့ မောင်ဥက္ကလာတဆင့် မိဘပြည်သူများကို တင်ပြလိုက်တာပါ။

မိဘပြည်သူများခင်များ ... လူကိုယ်တိုင် ရုပ်မြင်သံကြားကနေပြောချင်တာတွေကို အချိန်ပေးပြောရရင် အသည်းနုတဲ့ အမေ ရိကန်သမ္မတကြီး Barack Obama လို အမေရိကန်နိုင်ငံမှာ လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကိစ္စ ပြော ဆိုပြီး၊ ပစ်ခတ်မှုကြောင့် သေကြေကြတဲ့ ကလေးတွေအကြောင်းပြောကာ စိတ်မထိန်းနိုင် ဝမ်းနည်းကြေကွဲ မျက်ရည်တွေ တဖြိုင်ဖြိုင်ကျသလိုမျိုး၊ မြန်မာပြည်သူတွေက မိမိတို့ အူလှိုက်သည်းလှိုက် ချစ်ခင်ကြည်ညိုလေးစားတဲ့ သမ္မတကြီး မျက်ရည် နှင့်မျက်ခွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျ ပြောဆိုနေတာကို ကြည့်ရက်မှာ မဟုတ်ဘူးဆိုတာ သိနေလို့ပါ။ အခုတောင် ပြောရင်း ဆိုရင်း မျက်ရည်လည်လာတယ်။

ကဲ ထားပါတော့။ မိဘပြည်သူများအားလုံး သိရှိကြတဲ့အတိုင်း မကြာခင် လပိုင်းရက်ပိုင်းအတွင်း အလွန်ကြီးကျယ်ခမ်းနားတဲ့  (လူသူကင်းမဲ့လှတဲ့) နေပြည်တော်ကနေ ကျနော့်ကိုယ်ပိုင် မဖြစ်စလောက် ဧကရာကျော်လောက်သာရှိတဲ့ လယ်တောအိမ် ကိုပြောင်းရွှေ့၊ အဲဒီမှာ အေးအေးလူလူ အနားယူနေထိုင်ပြီး၊ နိုင်ငံ့စီးပွားရေး (၉၀) ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ဦးပိုင်စီးပွား ရေးကရရှိမယ့်  ရှယ်ယာအမြတ်ငွေ၊ သမ္မတ ပင်စင်လစာ သိန်းတစ်ရာလောက်နှင့် ကျနော်တို့ မိသားစု အလွန်ရိုးရိုးစင်းစင်း နေထိုင်သွားကြပါမယ်။ ဒီအတွက် ကျနော့်ကို ချစ်ကြတဲ့ ပြည်သူပြည်သားတွေ စိတ်မကောင်း မဖြစ်ကြပါနဲ့။ အလုပ်ဝင်ငွေမရှိ မနေတတ်တဲ့ ဇနီးသည်ကတော့ အပိုဝင်ငွေလေးရအောင် မုန့်ဟင်းခါးအစား တခြားဗိုလ်ကတော်တွေလိုပဲ စိန်ရွှေကျောက် မျက် ရတနာဆိုင်တွေ ဖွင့်သွားမယ်လို့ စဉ်းစားထားပါတယ်။

မိဘပြည်သူများခင်များ ... ကျနော်အနေနဲ့ ပုဂ္ဂိုလ်တဦးတယောက်၏အကျိုးစီးပွားထက် ပိုမိုမြင့်မားတဲ့ နိုင်ငံတော်က (ကျ နော့်အထက်မှာ အမြဲရှိနေတဲ့ ဘဝရှင်မင်းတရားကြီးရဲ့ခိုင်းစေချက်၊ ကျနော့်ထက် သြဇာအာဏာ၊ လုပ်ပိုင်ခွင့်ရှိတဲ့ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ စီမံချက်) ပေးအပ်တဲ့ တာဝန်ဝတ္တရားများကို (၅) နှစ်သက်တမ်းအတွင်း ဉာဏ်စွမ်းဉာဏ်စ ရှိသလောက် ကာလကြာရှည်စွာ သံချေးတက်နေခဲ့တဲ့ အလေ့အကျင့်ဆိုးတွေကို ပယ်ဖျက်ပြီး၊ ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့ စိတ်မကောင်းဖြစ်မိတာက လယ်ယာမြေ၊ တောင်ယာမြေတွေကို ကျနော့်အစိုးရလက်ထက်မှာ နေ့ချင်းညချင်း တပ် မြေတွေ ဖြစ်ကုန်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို တုံ့ပြန်မဖြေရှင်းလိုပါဘူး။ အကြောင်းက ဒီကိစ္စကို တပ်မတော်က ဆုံး ဖြတ်လုပ်ကိုင်တာဖြစ်ပြီး၊ ကျနော့်အနေနဲ့ ကိုယ်မပိုင်မနိုင်တဲ့ကိစ္စ၊ လူကြီးတွေ ငြိုငြင်မယ့်ကိစ္စကို ပြောခွင့်ရှင်းခွင့် မရှိပါဘူး။ ပြောနိုင်တာကတော့ ဒီကိစ္စကို တရားဥပဒေစိုးမိုးရေး၊ တပ်နဲ့ကြည်ဖြူရေး ကြိုးစားလမ်းခင်းနေတဲ့ အစိုးရသစ်နှင့် တပ်မတော် တို့ ထိပ်တိုက်တိုး ဖြေရှင်းသွားပါလိမ့်မယ်။ ဒီလို ပွဲကြီးပွဲကောင်းမျိုးကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နာကျင်မှုတွေကို မေ့ဖျောက်ပြီး လယ်တောက စောင့်ကြည့်အားပေးသွားပါမယ်။

မိဘပြည်သူများခင်များ ... မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပွင့်လန်းရှင်သန်ရေးကို မျိုးစေ့ချ ရေလောင်းပေးခဲ့သူ အဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့တဲ့ ကျနော်အနေနဲ့ ဖင်လှည့်ခေါင်းလှည့် ကုန်သွားခဲ့တဲ့ (၅) နှစ်ကာလမှာ ဘာတွေလုပ်ဆောင်၊ ကြိုးပမ်းခဲ့သလဲ ဆိုတာကို မိဘပြည်သူများ သိချင်ကြမှာပါ။ ဒါကြောင့် ဒီစာနဲ့ ရှင်းလင်းတင်ပြခြင်း ဖြစ်ပါတယ်။ ဒီစာဖတ်ပြီး နောက် ကျနော့်လုပ်ရပ်တွေကို သဘောကျပြီး နောက်ထပ် (၅) နှစ်လောက် ဆက်လက်အုပ်ချုပ်ဖို့ ပြောဆိုလာခဲ့ရင် လက်ခံဖို့ စဉ်းစားပါမယ်။ ဒီအတွက် ကျနော့်လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်၊ ရှင်းလင်းချက်တွေကို အလေးပေးဖတ်ရှု လေ့လာမှတ် သားကြဖို့ တိုက်တွန်းလိုပါတယ်။

မိဘပြည်သူများ ခင်များ …  မြန်မာပြည်သူတွေ အသည်းတုန်အူတုန် ဟတ်ထိသွားတဲ့ ကျနော့်ရဲ့ဗွေဆော်ဦး အောင်မြင်မှု၊ လုပ်ဆောင်ချက်က မြစ်ဆုံဆည်စီမံကိန်း ဖြေရှင်းမှုပါ။ ဒါက ဒီလိုပါ ကျနော့် စီးပွားရေးအကြံပေးတွေရဲ့(ဥာဏ်နီဥာဏ်နက်) အကြံပြုချက်တွေကိုလိုက်နာပြီး တရုတ်ကုမ္ပဏီတွေကို ကချင်ပြည်နယ် (ကျောက်စိမ်းကြိုက်သလောက် တူးခွင့်) နဲ့ နိုင်ငံတ ဝှမ်းမှာ စီးပွားရေးလုပ်ပိုင်ခွင့်တွေပေးပြီး၊ ကျနော့်သမ္မတသက်တမ်းမှာ ဒီဆည်စီမံကိန်းကို မဆောက်လုပ်ဖို့ နားလည်မှု ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ငွေကြေးအများကြီး မြှုပ်နှံထားပြီး၊ အကျိုးစီးပွားကြည့်တဲ့ တရုတ်ကုမ္ပဏီအနေနဲ့ ကျနော် ထွက်ခွာ တာနဲ့ ဒီလုပ်ငန်းကို ပြန်လည်လုပ်ကိုင်မှာမို့၊ နောက်အစိုးရမှာ တာဝန်များစွာရှိပြီး၊ ပြည်သူတွေအနေနဲ့ ကျနော်တို့အစိုးရကို အပြင်းအထန် ဆန့်ကျင်ဆန္ဒပြကြသလို၊ အစိုးရသစ်အနေနဲ့ တရုတ်တွေရဲ့ ချယ်လှယ်နယ်ချဲ့မှုကို မတားမြစ် မကိုင်တွယ်နိုင် ပါက၊ ဆန္ဒပြဆိုကြဖို့ အခုကတည်းက သီချင်းတွေ၊ ကဗျာတွေ၊ တောင်းဆိုမှုတွေ ပြန်လည်လေ့ကျင့် ပြင်ဆင်ထားကြဖို့ သတိပေးလိုပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ ဆည်၊ တာတမံတွေအကြောင်းပြောလို့ ကျနော့်အစိုးရအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းစောင့်ရှောက်ရေးကို အထူးလုပ်ဆောင်ခဲ့ပါတယ်။ နိုင်ငံတကာ သစ်တောစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ထုတ်ပြန်ချက်က တော့  ကျနော့်အစိုးရလက်ထက်မှာ မြန်မာပြည်ရဲ့သစ်တောဧက (၇၀) ရာခိုင်နှုန်းကျော် ပျက်စီးပြုန်းတီးခဲ့တယ်ဆိုတာ သစ် ခုတ်ခွင့်ရရှိထားတဲ့ ဦးပိုင်၊ တရုတ်နဲ့ ထိုင်းကုမ္ပဏီတွေရဲ့လက်ချက်ကြောင့် ဖြစ်ပါတယ်။ ကျနော်တို့ကိုယ်တိုင် တိုင်းပြည် အတွက် ခုတ်ယူခဲ့တာ မရှိပါဘူး။ ဒီလိုမျိုး စည်းမဲ့ကမ်းမဲ့လုပ်ရပ်တွေ ထပ်မဖြစ်အောင်လိုတော့ နောက်အစိုးရအနေနဲ့ လေး လေးနက်နက် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။ ကျနော့်အစိုးရအနေနဲ့တော့ ကိုယ်လုပ်နိုင်တာကို စွမ်းဆောင်ခဲ့ပါတယ် - နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက်ကြောင့်၊ မလွန်ဆန်နိုင်နဲ့ အကြောင်းတွေရှိလို့ သစ်ဝင်ခိုးခုတ်လို့ ဖမ်းဆီးထောင်ချခံရတဲ့ တရုတ်သစ်ခိုးသမားတွေကို ရက်ပိုင်းအတွင်း ကျနော့်အမိန့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့  လွှတ်ပေးခဲ့ပါတယ်။ 

ပြီးတော့ ပညာရှင်ဆိုသူတွေ မီးခွက်ထွန်း အမှုရှာပြောကြတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ နောက်စွပ်စွဲချက်တခုက အုပ်ချုပ် အစိုးရ ညံ့ဖျင်းလို့ သစ်တောတွေ တဟုန်းထိုး ပျက်စီးပြုန်းတီးပြီး ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ - မိုးကြီး၊ ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ရတာလို့ အခြေအမြစ်မရှိ ပြောဆိုကြတယ်။ တကယ်တော့ အထက်အညာဒေသတွေမှာ ရေဘေးသင့်တာ မိုးရာသီမှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့်ဖြစ်ပြီး၊ အဲဒီဒေသမှာနေကြတဲ့  လယ်သမားတွေက မြန်မာစကားပုံအတိုင်း မိုးရွာတုန်းရေမခံ၊ မြစ်ရေချောင်းရေတွေကို ရှေးကထက် သုံးစွဲမှုနည်းလာကြ၊ ရေပုံမှန်မချိုးကြလို့ ဖြစ်တယ်။ ကျနော်တို့ အစိုးရအနေနဲ့  တောင်တွေမြေတွေ မပြိုကျအောင် တရုတ်ကုမ္ပဏီတွေကို တောင်တွေ အလုံးလိုက် ရောင်းချထား၊ ဖြိုဖျက် ခိုင်းထားတာ မိဘပြည်သူများ အသိပါ။

ရေဘေးသင့် ဒုက္ခသည်တွေကိုတော့ ကျနော်တို့အစိုးရ နှင့် တပ်မတော်တို့ အများကြီး ပံ့ပိုးကူညီခဲ့ပါတယ်။ ရေကြီးနေချိန်မှာ ရေလှောင်တမံဆည်ကြီးပေါ်မှာ ကျနော်သွားအိပ်ပြမယ်လို့ ပြန်ကြားရဲထွဋ်ကို ဖေ့ဘုတ်ကနေ ထုတ်ပြန်ခိုင်းလို့ မိဘပြည် သူများ စိတ်ပူကြတယ်လို့ ကြားမိပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းပိုင်းမှာ တပ်မတော်ရဟတ်ယာဉ်များနဲ့ ဝေဟင်ကနေ ထောက်ပံ့ကူညီရေးပစ္စည်းတွေကို ရေထဲကို ပစ်ချပေးခဲ့တယ်။ နောက် နိုင်ငံတကာက ပေးပို့လိုက်တဲ့ အထောက်အပံ့တွေကို ကျနော့်နာမည်၊ ဗိုလ်ချုပ်ကြီးများအမည်နဲ့ ဌာနဆိုင်ရာတံဆိပ်တွေကိုကပ်ပြီး ဒုက္ခသည်တွေကို ပေးလှူခဲ့ပါတယ်။ ဒီလိုလုပ် ရပ်အတွက် ယူနီယံဓမ္မတက္ကသိုလ်မှ မြစ်ချောင်းတွေကို စက်သီးနဲ့ ကူးပြ၊ ချောင်းထဲရေကူးပြတဲ့ ရုပ်ရှင်မင်းသား ဝေဠုကျော် ကို လူမှုရေးစွမ်းဆောင်ရှင် ဒေါက်တာဘွဲ့ချီးမြှင့်ခဲ့သလို၊  ကျနော်ကိုလည်း ချီးမြောက်သင့်ပါတယ်။ ရချင်လို့ ပြောတာမဟုတ်ပါ ဘူး။ ကျနော့် တောင်ယာအိမ်မှာ ချိတ်ထားချင်လို့ပါ။ ပြီးတော့ ဒေါက်တာသမ္မတကြီးပေါ့။

အခုတော့ ရေဘေးသင့်လူတွေအကြောင်း သတင်းမကြားရ၊ မပြောဆိုကြတာ အခြေအနေကောင်းသွားလို့တော့ မထင်လိုက် ပါနဲ့၊ သို့လောသို့လော ရွေးကောက်ပွဲ နှင့် အစိုးရသစ် အပြောင်းအလဲတွေကြောင့်ပါ။ ရေဘေးသင့်ဒုက္ခသည်တွေ နဲ့ ဦးပိုင် ဘူဒိုဇာ လက်ချက်နဲ့ နေစရာပျောက်ကုန်တဲ့ ကျူးကျော်တွေအနေနဲ့ လိုအပ်တာတွေ၊ မလိုအပ်တာတွေကို နောက်အစိုးရ တက်လာရင် ဆန္ဒထုတ်ဖော် တောင်းဆိုသွားကြဖို့ တိုက်တွန်းပါတယ်။ ကျနော်မနိုင်တဲ့တပ်ကို ဥပဒေအထက် ဘယ်သူမှမရှိ အောင်လုပ်ဆောင်ပြီး အုပ်ချုပ်သွားမယ့် ဒီမိုအစိုးရက ထိန်းကွပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ စောင့်ကြည့်ကြတာပေါ့။

မိဘပြည်သူများခင်များ … ဒီလို တိုင်းပြည်ကို ဘက်ပေါင်းစုံ တိုးတက်အောင် ကြိုးစားလုပ်ခဲ့တဲ့ကြားက သဘာဝဘေးဆိုးတွေ ကြုံတွေ့ရတာ၊ ကျိန်စာသင့် သယံဇာတ အရင်းအမြစ်တွေကို ဗုံးပေါလအော ရောင်းစားနေတာ အသိပညာ ဗဟုသုတ နည်း ပါးလို့၊ နိုင်ငံ့ပညာရေး နှိမ့်ကျလို့ဆိုပြီး အစိုးရကို မဆီမဆိုင် အပြစ်တင်ပုံချ စွပ်စွဲဝေဖန်ကြပြန်တယ်။ တကယ်ဆို ကျနော့် အစိုးရသက်တမ်းမှာ ပညာရေးကဏ္ဍကို အများကြီး မြှင့်တင်လုပ်ကိုင်ခဲ့တယ်။ ဆရာ၊ ဆရာမ၊ ကျောင်းအဆောက်အအုံ လုံလောက်မှု ရှိတာမရှိတာ တကဏ္ဍ၊  ကျောင်းတွေအများကြီး နိုင်ငံတဝှမ်းမှာ ဆိုင်းဘုတ်တင် ဆောက်လုပ်ပေးခဲ့တယ်။ အခုဆို မြန်မာနိုင်ငံသားတွေ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် ကျောင်းတွေမှာ ကလေးတွေကို နေ့စဉ်နွားနို့ တိုက်ကျွေးဖို့ မိန့်ကြားခဲ့ တဲ့စကားကို မိဘပြည်သူတွေ အလွန်နှစ်သက်ကြောင်း ကြားသိရလို့ အထူးဝမ်းမြောက်ပါတယ်။ အမြဲတမ်း အပြစ်တင်စကား ဆိုချင်သူတွေကတော့ သောက်ရေသန့်တောင် သောက်ဖို့မရှိတဲ့ ကျောင်းတွေမှာ ဘယ်လိုလုပ် နွားနို့သောက်နိုင်မလဲလို့ ပြောဆိုကြပြန်တယ်။ ဒီလိုပြောကြတာ သူတို့ လေးလေးနက်နက် မတွေးကြလို့၊ အမြင်မကျယ်လို့ဆိုပြီး ခွင့်လွှတ်ခဲ့ပါတယ်။

နွားနို့သောက်ဖို့ ပြောရတာက ဟိုသိုးဆောင်စကားလို့ “ငှက်နှစ်ကောင်ကို ကျောက်တုံးတစ်တုံးနဲ့ ထုလိုက်သလို” ပါ။ မိဘ ပြည်သူများသိတဲ့အတိုင်း ကျနော်တို့နိုင်ငံက ကျွဲနွားဆိတ်ပေါတဲ့ လယ်ယာစိုက်ပျိုးရေးနိုင်ငံမဟုတ်လား။ ဒီတော့ ကျောင်း တွေမှာ ကျွဲနွားဆိတ်တွေ တနိုင်တပိုင်မွေးပြီး ကလေးတွေကို နို့တိုက်ကျွေးနိုင်တာပေါ့။ ဟိုတုန်းက ကျောင်းတွေမှာ ကြက် ဆူပင်တွေ အောင်အောင်မြင်မြင် စိုက်ခဲ့သလိုပေါ့။ ကျောင်းမတတ်နိုင်တဲ့ကလေးတွေကိုလည်း ကျွဲနွားဆိတ်ကျောင်း အလုပ် ပေးနိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျနော့်စကား သမိုင်းတင်ကျန်ရစ်၊ မိဘပြည်သူတွေရဲ့နှုတ်ဖျား အသည်းနှလုံးထဲ စွဲကျန်ရစ်ခဲ့လို့ ဝမ်းမြောက်ဂုဏ်ယူပါတယ်။

ကောလိပ်တက္ကသိုလ် အဆင့်မြင့်ပညာရေးအတွက်လည်း နိုင်ငံခြားက ပြန်လာတဲ့ ပညာရှင်ကြီးတွေ အကြံပေးတဲ့အတိုင်း ပညာရေးပေါ်လစီ ဘာညာတွေကို ပြုပြင်ပြီး၊ ခေတ်မီပညာရေးစနစ်ကို တည်ဆောက်ဖို့ စဉ်းစားနေတုန်း ပညာကို ငြိမ်ဝပ် ပိပြားစွာ မသင်ကြားချင်ကြတဲ့ ဗကသ (ဗမာပြည်ကွန်မြူနစ် သောင်ကျန်းသူများ) ကျောင်းသားတွေက ဆူဆူပူပူ၊ ဆန္ဒပြ တောင်းဆိုကြလို့ သူတို့တွေကို အရေးယူရ (ရိုက်နှက်ဖမ်းဆီး ချုပ်နှောင်းရ၊ ထောင်ထဲမှာရှိတဲ့ သူခိုးဂျပိုး တေလေတွေကို သူတို့အစား လွှတ်ပေးရ) တရားစီရင်ဖို့နဲ့ အချိန်ကုန်ခဲ့တာမို့ ဒီကိစ္စကို ပြီးပြတ်အောင် မလုပ်ပေးနိုင်တော့ဘူးပေါ့။ မြစ်ဆုံ စီမံကိန်းလို ရပ်ဆိုင်းလိုက်ရတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကို နောက်အစိုးရ တာဝန်ယူလုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမဲ့ ကြားမိတာက ဆူဆူပူပူ လုပ်ကြတဲ့ ကလေးတွေနဲ့ နောက်အစိုးရခေါင်းဆောင်ကြီးတွေလည်း သိပ်အဆင်မပြေဘူးလို့ ဟိုစပ်စပ်ဒီစပ်စပ် ဝင်ပါတတ်တဲ့ ပြန်ကြားရဲထွဋ် ပြောတာကို ကြားမိတယ်။

ပညာရေးနဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးကဏ္ဍကတော့ ရှင်းပါတယ်။ အကောင်းဆုံးဖြစ်အောင် ဆေးရုံတွေ၊ ကျန်းမာရေး ဌာနတွေကို တပ်မတော်အရာရှိအရာခံ တော်တော်များများကို အကြီးအကဲရာထူးတွေပေး ခန့်အပ်ခဲ့ပါတယ်။ ဒါပေမဲ့ ထစ် ကနဲဆို ဆန္ဒပြ၊ ကန့်ကွက်ချင်သူတွေကြောင့် ပြည်သူ့စကားနာထောင်တဲ့ ကျနော်က ဒီကိစ္စကိုပယ်ချလိုက်ပြီး၊ မိုးကျရွှေ ကိုယ်ဆိုသူတွေလည်း ဆေးရုံ ကျန်းမာရေးဌာနတွေ မရောက်။ ကျန်းမာရေးကဏ္ဍလည်း သိသာတဲ့ ပြောင်းလဲမှုတွေ မရှိခဲ့ ဘူးပေါ့။ ဒါပေမဲ့ ဆေးဝါးတွေ လုံလုံလောက်လောက်၊ အလွယ်ဝယ်ယူသုံးစွဲနိုင်ဖို့ ခရိုနီစီးပွားသမားတွေက တရုတ်၊ အိန္ဒိယ၊ ယိုးဒယား နိုင်ငံက တန်းဖိုးနည်းဆေးတွေကို တင်သွင်းရောင်းချပေးလို့ အခုဆိုရင် လမ်းဘေး ကွမ်းယာဆိုင်၊ ဆိုက်ကားဂိတ်၊ ကျောင်းတွေမှာ ဝယ်ယူသုံးစွဲနိုင်ပါတယ် (တိုင်းပြည်အတွက် သက်စွန့်ကြိုးပမ်း ထမ်းဆောင်နေကြတဲ့ ကျနော်တို့ လူကြီးတွေ၊ မိသားစုတွေကတော့ စင်္ကာပူ၊ တရုတ်နိုင်ငံ နဲ့ အနောက်နိုင်ငံတွေမှာ သွားရောက်ကုသကြပါတယ်)။

မိဘပြည်သူများခင်များ … နိုင်ငံတော်ဘာသာ ဗုဒ္ဓသာသနာအတွက်လည်း အထူးဆောင်ရွက်ခဲ့ပါတယ်။ အမိမြန်မာပြည်ကြီး မှာ မြန်မာလူမျိုးတွေ အထွတ်အမြတ်ထားတဲ့ ဗုဒ္ဓသာသနာ ရှင်သန်ကြီးစိုးရေးအတွက် တခြားယုံကြည်ကိုးကွယ်မှုတွေကို ဟန့်တားချုပ်ထိန်းဖို့ သာသနာမျိုးချစ် ၉၆၉၊ မဘသ အုပ်စုတွေကို လုပ်ချင်ရာ လုပ်ပိုင်ခွင့်ပေးခဲ့တာ မိဘပြည်သူများ အသိပါ။ ဒီဘုန်းတော်ကြီးတွေကြောင့် တိုင်းပြည်အတွက် အလွန်လိုအပ်တဲ့ မျိုးစောင့်ဥပဒေကြီးကို ကျနော်ကိုယ်တိုင် လက်မှတ်ထိုးပြီး ပြဌာန်းခဲ့ပါတယ်။ တန်းတူအခွင့်အရေး ရချင်တဲ့ ဘာသာခြားတွေ ခေါင်းမထောင်နိုင်အောင် ကျနော်တို့ အစိုးရ အကူအညီနဲ့ ဘယ်လို တားမြစ်ခဲ့သလဲဆိုတာ ရခိုင်၊ မန္တလေး၊ မိတ္ထီလာ၊ ပဲခူးတို့ကို ပြည်သူတွေ အမှတ်ရကြမှာပါ။ ဒါကြောင့် ဘာသာ ခြားတွေ နေရာရလာမှာကို မစိုးရိမ်ကြပါနဲ့။ ပြီးတော့ ကိုယ်နဲ့မဆိုင် နိုင်ငံရေး၊ လယ်သမားအရေး ဝင်ရှုပ်ကြတဲ့ ဘုန်းကြီး တွေကိစ္စကို (မီးလောင်ဗုံးကျွေး) ဖြေရှင်းလိုက်တာကိုလည်း မိဘပြည်သူများ မှတ်မိကြမှာပါ။ နောက်အစိုးရလည်း ဘာသာ ခြားတွေကို အခုအချိန်အထိတော့ ပွဲမထုတ်၊ နေရာမပေးလို့ စိတ်အေးရပါတယ်။ နောက်အစိုးရ ဘယ်အချိန်၊ ဘယ်ကာလ အထိ အမျိုးဘာသာ စောင့်ရှောက်ရေးကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပေါ့။

နောက်ဆုံးပြောချင်တဲ့အကြောင်းက ကျနော့်အစိုးရရဲ့အကြီးမားဆုံး အောင်မြင်မှု (milestone) လို့ နိုင်ငံတကာ ချီးမွမ်းပြော ဆိုကြတဲ့၊ ဒီအောင်မြင်မှုအတွက်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုတောင် ရသင့်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းလုပ်ဆောင်မှုပါ။ အခုဆိုရင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နဲ့ အညာဒေသတွေမှာ သေနတ်သံတွေ တိတ်ဆိတ်သွားခဲ့ပြီ မဟုတ်လား။ တတိုင်းပြည်လုံး အပစ်ရပ်စဲရေးကိုတော့ ကျနော့်အစိုးရ လက်အောက်မှာ အလုပ်လုပ်ချင်ကြတဲ့ နိုင်ငံတကာ နှင့် နယ်စပ် ဒေသကနေ ပြန်လည်ရောက်ရှိလာကြတဲ့ တောခိုကျောင်းသား ပညာရှင်ဆိုသူတွေနဲ့ အပြောကောင်းတဲ့ ဗိုလ်အောင်မင်းတို့ တွဲချိတ်ပြီး နိုင်ငံတကာထောက်ပံ့ငွေကြေးတွေနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာ တည်ထောင်ပြီး၊ တပ်မတော်လူကြီးမင်းတွေ ချပေးတဲ့ လမ်းပြမြေပုံအတိုင်း ပေးတာယူ၊ နာခံကြတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး (လူကြားကောင်း အောင်လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ်) ကို လက်မှတ်ထိုး လုပ်ဆောင်နိုင်ခဲ့တယ်။ ပေးတာမယူ၊ လက်မှတ်မထိုး၊ ခေါင်းမာနေသေးတဲ့ အုပ်စုတွေကိုတော့ ကျနော်တို့ ဗမာ့တပ်မတော်က နည်းလမ်းရှာ (lesson) ဖြေရှင်း နေပါတယ်။ မိဘပြည်သူများခင်များ ... နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် စိတ်ပူပန် မစိုးရိမ်ကြပါနဲ့။ ကျနော့်အနေနဲ့ နောက်ဆုံးနေ့ရက်အထိ ငြိမ်းချမ်းရေးကို ရေရှည်အကျိုးစီးပွားအတွက် မဖြစ်မနေ၊ အနုနည်းအကြမ်းနည်းနဲ့ တည်ဆောက် သွားပါမယ်။

အနည်းငယ် ထပ်ဖြည့်ပြောလိုတာက မိဘပြည်သူများ သိမြင်ကြားခဲ့တဲ့အတိုင်း လွန်ခဲ့တဲ့အပတ်က ကျနော်ကိုယ်တိုင် တက် ရောက်ပြီး အဖွင့်မိန့်ခွန်း ပြောကြားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကြီးမှာ နောက်အစိုးရသစ်ရဲ့သမ္မတအထက်မှာရှိမယ့် ပါတီဥက္ကဋ္ဌကြီးကိုလည်း ဖိတ်ကြား၊ စကားပြောခွင့် ပြုခဲ့ပါတယ်။ သမ္မတအထက် ခေါင်းဆောင်ကြီးအနေနဲ့ လိုငွေ အမြဲပြနေတဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာနဲ့ ဆက်လက်တွဲဖက်ပြီး ကျန်ရှိနေသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ် ထိုးနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်ဖို့ တိုးတိုးတိတ်တိတ် တိုက်တွန်းခဲ့ပါတယ်။ ကျနော့်အစိုးရရဲ့စွမ်းဆောင်ချက်ကြောင့် တိုင်းပြည် ဘယ်လောက် ငြိမ်းချမ်းသာယာဝပြော၊ ဖွံ့ဖြိုးတိုးတက်ခဲ့တယ်ဆိုတာကို ထပ်မပြောလိုတော့ပါဘူး။ တတိုင်းပြည်လုံးမှာ ကျန်ရှိနေသေးတဲ့ သေနတ်သံတွေ တိတ်ဆိတ်သွားဖို့ကတော့ နောင်အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်။

ကျနော်တို့ အစိုးရကတော့ ကျန်ရှိနေတဲ့ အချိန်တိုအတွင်းမှာ ပြီးပြတ်အောင် လုပ်ဆောင်ရမယ့် ကျောက်စိမ်းတူးဖော်ရေးလို စီမံကိန်းမျိုးတွေကို၊ နောက်အစိုးရကိုလည်း အလုပ်မရှုပ်စေလိုလို့ တရုတ်ကုမ္ပဏီတွေ နဲ့ မြန်မာ့ဦးပိုင် လုပ်ငန်းရှင်တွေကို ဖုတ်ပူမီးတိုက် ရှင်းလင်းဖို့ တိုက်တွန်းခဲ့တာကြောင့် နေ့ညမရပ် အင်တိုက်အားတိုက် စက်အားလူအားနဲ့ အကုန်သိမ်း ကျုံးလုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ ဖေဘုတ်နဲ့ သတင်းတွေမှာ ကတုန်းကတိုက် ဟိုပြောဒီပြော အထင်လွှဲစရာ ပြောဆိုနေကြ တာကို  မိဘပြည်သူများ နားမယောင် အထင်မလွဲကြဖို့ မေတ္တာရပ်ခံပါတယ်။

မိဘပြည်သူများ အထင်မမှား၊ နားလည်ဖို့က ဒီလိုအရေးပေါ် ရှင်းလင်းလုပ်ကိုင်နေတာက နောင်တက်လာမယ့် အစိုးရ ရဲ့မရေရာ မသေချာ ဘာမှချပြမထားသေးတဲ့  စီးပွားရေးနှင့် နိုင်ငံခြားပေါ်လစီတွေကို အထောက်အကူ ပြုပါလိမ့်မယ်။ အထူးသဖြင့် ပိုင်ဆိုင်မှုတွေ တစာစာတောင်းယူနေတဲ့ ဒေသခံတိုင်းရင်းသားတွေနဲ့ ဝေစုခွဲရေး ပြဿနာမျိုးတွေ မကြုံရ လေအောင် ရှင်းလင်းလုပ်ကိုင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ စဉ်းစားကြည့်နိုင်ပါတယ် ... တိုင်းရင်းသားဒေသတွေမှာ သယံဇာတ တွေ ဘာမှမကျန်တော့ရင် နောင်အစိုးရအဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ပိုအဆင်ပြေပါလိမ့်မယ်။ ပြီးတော့ ဘာမှမရှိတော့တဲ့ နိုင်ငံကို အိမ်နီးနားချင်းနိုင်ငံက၊ ဝိသမလောဘ စီးပွားရေးသမားတွေ တံခါးမရှိ ဓားမရှိ ဝင်လာတော့မှ မဟုတ်ပါဘူး။ နောက်အစိုးရအကျိုး တတ်နိုင်သလောက် ဖြေရှင်းပေးခဲ့တာပါ။ စေတနာအရင်းခံနဲ့ပါ။

မိဘပြည်သူများခင်များ ... ပြောစရာတွေ၊ ပြောချင်တာတွေ အများကြီးပါ။ ကျနော့်အစိုးရရဲ့နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး လုပ်ဆောင်ခဲ့တာတွေကို ပြောရမယ်ဆိုရင် တစ်ထောင်တစ်ည ပုံပြင်အလား ပြောမကုန်ပါ။ ဒါပေမဲ့ "ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်" အပြောခံရမှာစိုးလို့ မပြောတော့ပါဘူး။ ပြီးတော့ စာလည်းရှည်သွားပြီမို့ နောက်မှ "လယ်တောကနေ ပေးစာ" ဆိုပြီး ဥက္ကဋ္ဌရွှေမန်း၊ ပြန်ကြားရဲထွဋ်၊ ဘူးလတ်တို့ဆီက ဖေဘုတ်သုံးနည်းသင်ပြီး၊ စိတ်ထဲရှိတာ ပြောချင်တာတွေ ပြောပြ တော့မယ်။ အခုက မောင်ဥက္ကလာကို ယုံစားပြီး နိုင်ငံတကာစာဖတ်ပရိသတ်တွေ အလုအယက်ဖတ်တဲ့ မိုးမခ မဂ္ဂဇင်းကြီးမှာ တင်ခိုင်းလိုက်တာ။ အယ်ဒီတာတွေ ဖြတ်တောက်ဆင်ဆာလုပ်မယ်လို့တော့ မမျှော်လင့်ပါဘူး။

ဒီစာနဲ့အတူ မိဘပြည်သူများ နဲ့ မိုးမခစာဖတ်ပရိသတ်ကို "နှုတ်ဆက်ခဲ့ပါတယ်။ ကျနော် သွားတော့မယ်။ တပ်ရဲ့ခေါ်ဆောင်ရာ ဟိုအဝေးကို … ကံကြုံရင် ပြန်ဆုံကြဦးမယ် … ကျနော်သွားတော့မယ်။ အားလုံးကို ခွဲထားရစ်ခဲ့ပြီ၊ အရာရာကို စွန့်လွှတ်ထားခဲ့ပြီ ..." အဲဒီလို သီဆိုပြီး မိဘပြည်သူအပေါင်းကို နှုတ်ဆက်ခဲ့ပါတယ်။ မိဘပြည်သူတို့ ရင်ထဲစိတ်ထဲမှာ အစိုးရ၊ အုပ်ချုပ်သူ တွေအပေါ် မကျေနပ်၊ ဝေဖန်ပြောဆိုချင်တယ်ဆိုရင် နောက်တက်လာမယ့် အစိုးရလက်ထက်မှာ မညှာမတာ၊ ပြတ်ပြတ် သားသား၊ ပြောင်ပြောင်တင်းတင်း ပြောဆိုရေးသား တင်ပြသွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။ မိဘပြည်သူများ နောက်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းသာယာ စားနိုင် သောက်နိုင် နေနိုင်ကြပါစေ။

* ကွင်းစကွင်းပိတ်ထဲက စာတွေက မောင်ဥက္ကလာ ဖြည့်စွက်ထားတာပါ။ သမ္မတကြီးရဲ့မူရင်းစကားများ မဟုတ်ပါ။

သရုပ်ဖော်ကာတွန်း ဘီရုမာ ဖြစ်သည်။