ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံးနေ့ရက်များ (၄)

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်) - ဘဝ၏ အဆိုးဆုံးနေ့ရက်များ (၄)
(မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၆
အင်းစိန် GTI စစ်ကြောရေးစခန်းတွင် မိမိအား အများဆုံးစစ်မေးခံရသည်များမှာ ဦး ဂမ္ဘီရ ကိုသိလား။ ဂျောင်းဂျောင်းကိုသိလား၊ ဒေါက်တာဖြူဖြူသင်းကိုသိလား၊ NLD က ငွေလာပေးလား၊ အခြားဘယ်သူတွေကိုပေးတာကြားဘူးလဲ၊ မြင်ဘူးလဲ စသည် အချက်များက အဓိက ဖြစ်သည်။ ထိုမေးခွန်းများထဲမှ အရယ်ချင်ဆုံးမေးခွန်းမှာ ဒေါက်တာဖြူဖြူသင်းကိုသိလားဆိုသည့် မေးခွန်းဖြစ်သည်။ မဖြူမှာ HIV လူနာများကို ဆေးခန်းပို့ ဆေးဘိုးရှာပေးနေသူဖြစ်သည်။

တောင်ဒဂုံအိမ်နှင့် မိမိတို့မဂ္ဂင်ကျောင်းတွင် လူနာများထားကာ အလှူရှင်ရှာပြီး ဆေးကုပေးနေခြင်းဖြစ်သည်။ ဆရာဝန် မဟုတ်ပါ။ ဒါကို ထောက်လှမ်းရေးသမားများက ဒေါက်တာဟုခေါ်နေခြင်းကို ရယ်ချင်နေမိခြင်းဖြစ်သည်။ နောက်တစ်ခုက ဂျောင်းဂျောင်းကိုသိလားဆိုသည့်ကိစ္စဖြစ်သည်။ ဂျောင်းဂျောင်းမှာ မိမိကိုယ်တိုင်ဖြစ်နေပြီး၊ မကြားဘူးပါ၊ မသိပါ၊ ဘာလူမျိုး လည်းစသည်ဖြင့် ဖိန့်လုံးများသုံးနေရသောကြောင့်ဖြစ်ပါသည်။

မိမိမှာ ရေနံချောင်းဇာတိဖြစ်သဖြင့် မြို့ ကိုအစွဲပြုပြီး ဦးဇင်းဂျောင်းဟုခေါ်ရာမှ ဂျောင်းဂျောင်းဖြစ်လာရခြင်းဖြစ်သည်။ နိုင်ငံ  ရေး အင်အားစုတော်တော်များများ၏ဖုန်းများတွင် Joung Joung ဟုမှတ်ထားလေ့ရှိပြီးဖုန်း ပြောလျှင်လည်း ဂျောင်းဂျောင်း ဟုသာ ခေါ်ဝေါ်ပြောလေ့ရှိသည်။ အထူးသဖြင့် မဖြူဖြူသင်း၊ မစုစုနွေး၊ ကိုစိုးထွန်း၊ ကိုအောင်ကျော်ကျော်တို့ဖုန်းများမှာ ကြားဖြတ်နားထောင်ခြင်းခံထားရသဖြင့် ထိုဖုန်းများနှင့်အဆက်အသွယ်ရှိသောသူများကို အဓိက ထားလိုက်နေခြင်းဖြစ်ဟန် တူပါသည်။ ဦးဂမ္ဘီရကိုမူ မကြားဘူးပါ။ ရဟန်းပျိုသမဂ္ဂနှင့် လည်းမဆက်သွယ်ဘူးပါဟုသာ တွင်တွင်ငြင်းနေရပါသည်။

မိမိမှာနယ်ကရောက်သည်မှာ ရက်ပိုင်းမျှသာရှိ၍ အသိအကျွမ်းမရှိသေးပါ။ လူနာလာပို့ခြင်းဖြစ်၍ အခြားမေတ္တာပို့သည့် နေရာများကိုလည်းမလိုက်ပါ။ လူနာစောင့်နေရပါသည်ဟုသာ ဘယ်သူမေးမေး ဘယ်အဖွဲ့ကမေးမေး တထပ်တည်းကျ အောင်ဖြေနေရသည်။ အမှန်တကယ်လည်း မိမိတို့မြို့မှ လူနာပါခဲ့ပါသည်။ ထိုလူနာ၏အမည် နေရပ်တို့ကိုမေးပြီး ကျောင်း တွင် ကျန်ခဲ့သောလူနာစာရင်းနှင့်တိုက်ကြည့်ရာမှန်နေ၍ အရိုက်ခံရခြင်းမှ သက်သာရရပါသည်။ ပြဿနာက လူနာလာ ပို့သူက မဖြူဖြူသင်းကို မသိပြောမဖြစ်ချေ။ သိပါသည်ဟုသာ ဖြေရသည်။ အိမ်ရောက်ဘူးလား၊ သူအမနာမည်၊ အမေ နာမည်များမေးပြီး မဖြူ ဘယ်မှာပုန်းနေလဲက စပါတော့သည်။

ထိုစဉ်က လှည်းတန်းနှင့် တာမွေ ကုန်ဈေးနှုန်း ကျဆင်းရေးလမ်းလျှောက်ဆန္ဒပြမှုများ၏ အဓိကစီစဉ်သူမှာ မဖြူဖြူသင်း ဟုဆိုကာ အသဲအသန်လိုက်ရှာနေချိန်ဖြစ်သည်။ မဖြူကလည်း လုံခြုံသောနေရာတွင်ရှိနေပါသည်။ အမှန်တကယ် ဘယ်နေ ရာမှာရှိနေသည်ကို မသိပါ။ မေးလည်းမမေးဖြစ်ပါ။ မေးစရာလည်း မလိုပါ။ တော်လှန်ရေးသစ္စာလို့ပြောလျှင် ရမည်ထင် ပါသည်။ သိသည်တိုင်အောင် ပြောလိမ့်မည်မဟုတ်ပါ။ မဖြူနောက်တွင် သူ့အားမှီခိုနေရသော HIV လူနာတို့ မျက်နှာကိုလည်း ပြန်ကြည့်ရပါသေးသည်။

အသာတကြည်မေးမရတော့ အကြမ်းဖက်လာပါတော့သည်။ ခွေးခြေပေါ်သာမာန်ထိုင်ခိုင်းထားရာမှ လက်ထိပ်နောက်ပြန် ခတ်ပြီး ခွေးခြေပေါင်ငုတ်တုတ်ထိုင်ခိုင်းပါသည်။ ရှေ့စာပွဲမှမေးသမျှကိုပြန်ဖြေရပြီး ဖြေတာမကြိုက်လျှင် ဘေးနှစ်မှ မျက်နှာ ကိုလက်ဝါးနှင့်ရိုက်ပြီး နောက်ကလူက နားနှစ်ဘက် ကိုလက်ဝါးဖြင့်ပြိုင်ရိုက်ပါသည်။ ထိုချိန်မှစ၍ ညာဘက်နားမှာ ယနေ့ ထိကောင်းကောင်းမကြားရတော့ပါ။ ကြယ်တွေလတွေ တကယ်မြင်ရသည်ဟုပင် ထင်ပါသည်။ သေချာသည်ကတော့ မီးပွင့် သွားသလား အောက်မေ့ရပါသည်။ နာလွန်းမကနာလာတော့ သတ္တိတွေဘယ်ကရောက်လာသည် မသိချေ။ မသိလို့ မသိဘူး ပြောတာဘဲ သတ်ချင်သတ်ကွာလို့ ပြန်စိန်ခေါ်လိုက်မိသည်။

ထို့နောက် မိမိအား မှောင်နေသောအခန်းတစ်ခုထဲထည့်ပြီးပိတ်ထားလိုက်ကြသည်။ ညောင်းလွန်းသဖြင့် တုံးလုံးလှဲနေရ သည်မှာ အလွန်ပင်တန်ဘိုးရှိလှသည်။ မိမိအားရိုက်နှက်နေသည်များကိုမေ့ပျောက်ပြီး ယခုလို အနားပေးသည်ကိုပင်ကျေးဇူးတင်လှပါပြီ။ အိပ်ပျော်သွားသည်လား သတိရ တစ်ချက်မရတစ်ချက်ဖြစ်နေသည်လား မသဲကွဲပါ။ မျက်နှာပေါ် အလင်းတန်း ကြီးကျလာမှ မျက်လုံးဖွင့်ကြည့်ဖြစ်သည်။ မျက်နှာကိုလက်နှိပ်ဓါတ်မီး ၃ လက်ပြိုင်ထိုးထားခြင်းဖြစ်သည်။ မဖြူနေရာကို မ ဖော်မချင်း ဒီအခန်းထဲမှာ အပြီးစစ်မည်ဟုပြောပါသည်။ အကယ်၍မဖော်ပါက ကိုယ့်ထိုက်နဲ့ကိုယ့်ကံ သေလည်းသေတဲ့ အ ကြောင်း သတင်းပို့လိုက်ရုံသာရှိသည်။ သူတို့ကတော့ ဘာမှမဖြစ် ရာထူးတောင်တိုးလိမ့်ဦးမည်ဟု ခြိမ်းခြောက်ပါသည်။ နောက်တစ်ယောက်ကလည်း ဖော်လိုက်ပါကွာ၊ မင်းအတွက် အကျိုးမမဲ့စေရဘူး၊ တာဝန်ယူတယ်။ လွှတ်လည်းပေးဦးမယ်၊ နောက် ဘာဘာညာညာဆုတွေ တစ်ပုံကြီးလာဦးမယ်၊ သတင်းစာရှင်းလင်းပွဲမှာ သက်သေအဖြစ်ထွက်ပေးပါလျှင် မြေ ကွက်သေချာတယ် စသည်ဖြင့် ချော့လုံးများဖြင့်လည်းပြောပါသည်။ မိမိမှာအမှန်တ ကယ်လည်းမသိသလို၊ လူနားများမျက်နှာကိုထောက်ပြီးဖော်မည်မဟုတ်ပါချေ။ မဖြူက ဖုန်းတစ်လုံးနှင့် အားလုံးအားချိတ်ဆက်ပေးနိုင်သူလည်းဖြစ်သည်။ လိုအပ် သူများနှင့် ဆက်သွယ်ပေးနိုင်သူလည်းဖြစ်သည်။ ထို့အတွက်သူနေသည့်နေရာသိသော်လည်း လုံးဝဖော်စရာအကြောင်း မရှိ ပါချေ။ ချော့မရ ခြောက်မရသည့်အဆုံး ပလပ်စတစ်အိပ် ကြီးတစ်လုံးနှင့် ခေါင်းအားစွပ်လိုက်ကြပါတော့သည်။ ထို့နောက် လည်ပင်းတွင် ခပ်တင်း တင်းလေးကြိုးဖြင့်ချည်လိုက်ကြသည်။ မင်းထိုက်နှင့်မင်းကံ သေပေါ့ကွာဟုလည်း ပြောကြသေးသည်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ မှောင်မဲနေသည်။ ပလပ်စတစ်နံ့လည်း ရသေးသည်။ အသက်လည်း ပုံမှန်ရှူရနေသည်။ တဖြည်းဖြည်း လေကုန်သွားသလိုထင်မိသည်။ အသက်ရှူလိုက်တိုင်း နှာခေါင်းဝကို ပလပ်စတစ်က လာလာပိတ်နေသည်။ ထို့ကြောင့် ပါးစပ်ဖြင့်ပြောင်းရှူကြည့်သည်။ မှောင်မဲနေရာမှ အနီရောင်ကိုသာမြင်နေရသည်။ နားမှာကိုက်လာပြီး အသံများ ကြားနေရပါသည်။ အသက်ရှူရတာလည်း မဝတော့ပါ။ တဖြေးဖြေး မောဟိုက်လာပါသည်။ အနီရောင်တွေမြင်နေရသည်မှာပိုပြီးအားကောင်းလာကာ ရဲချိတ်နေပါသည်။ ပါးစပ်ဟပြီးရှိုက်သော်လည်း လေပါမလာပါ။ နီရဲနေရာမှ မှောင်မဲလာကာ မိုက် ကနဲ့ဖြစ်ပြီး လဲကျသွားတာကို သိလိုက်သည်။ နောက်ဘာမှမသိတော့ပါ။

(ဆက်ရန်)

ဦးဇင်းဂျောင်းဂျောင်း (ရွှေဝါရောင်)