မ င်း ညွှ န့် လှို င် - ဆိ တ် ငြိ မ် ရ ပ် ကွ က်

မ င်း ညွှ န့် လှို င်  - ဆိ တ် ငြိ မ် ရ ပ် ကွ က်
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆

တိတ်ဆိတ်မှု
ချစ်ခြင်းမှာလဲကျလုလု
အပျိုစင်ရဲ့
နှင်းဆီရောင်တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
အသည်းတအေးအေးလေညင်းလေးနဲ့
ငြိမ်သက်ဆည်းလည်းလေးမနမ်းခင်
ဂီတတမျှတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
ဝတ်မှုန်တံခါးအဖွင့်
အနှေးပြရိုက်ချက်နဲ့
အနက်ရောင်ကတ္တီပါတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
မှုခင်းဖြစ်ပွားရာ
နံရံတစ်ချပ်ရဲ့
မထွေးနိုင်မအန်နိုင်တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
မစဉ်းစားခြင်းသတ္တုနဲ့သွန်းလောင်းထား
ငှက်ဖျားမိနေတဲ့သေနတ်တစ်လက်
ကျည်မထိုးမီတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
လေးတွဲ့ယမ်းခါ
အဖြူရောင်ဦးခေါင်းတစ်လုံးရဲ့
ရက်စက်တဲ့တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
အသံကလွဲရင်အားလုံးယူ
ရန်သူ့အကျဉ်းစခန်းထဲ
သေကောင်ပေါင်းလဲတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
ဓားမိုးထားတဲ့ကမ္ဘာရဲ့
သုညခေတ်တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
ချစ်တာပဓာနဝါဒီ
ချစ်ဆိပ်တက်လျှာတစ်ချောင်းရဲ့
နားဝေတိမ်တောင်တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
အသံအားလုံးမျိုချ
မူလအသံမေ့သွားခဲ့
အသံအိုးတစ်လုံးရဲ့
လောဘတကြီးတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
မပြောကြားခြင်းနည်းနဲ့
အလုံးစုံကိုပြောပြပြီ
အသံမဲ့ဇုန်တိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
အသံကိုယ်တိုင်ဆွံ့အသွား
အသံတကာထက်
အကျယ်လောင်ဆုံးတိတ်ဆိတ်မှု ။

တိတ်ဆိတ်မှု
အသံသစ်ကိုငတ်မွတ်ဆဲ
တိတ်ဆိတ်မှုကိုစစ်ကြောဆဲ
ကဗျာဆရာရဲ့တိတ်ဆိတ်မှု ။       ။
 
မင်းညွန့်လှိုင်