ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်စွမ်းရည် - ရန်ဖြစ်ဖက် သူငယ်ချင်း ဇော်ဇော်အောင်

မောင်စွမ်းရည် - ရန်ဖြစ်ဖက် သူငယ်ချင်း ဇော်ဇော်အောင်
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၆


ဇော်ဇော်အောင်နဲ့ မောင်စွမ်းရည်တို့ဟာ ရန်ဖြစ်ဖက်တွေလို့ပဲ လူသိများခဲ့ကြပါတယ်။ လည်ပင်းဖက်နေခဲ့ကြတဲ့ သူငယ်ချင်းတွေရယ်လို့ လူသိနည်းပါတယ်။ ၁၉၅၆-၅၇ လောက်က မန်းတက္ကသိုလ်မှာ ဇော်ဇော်အောင်၊ မောင်မိုးသူ၊ မောင်စွမ်းရည်တို့ဟာ လည်ပင်းဖက်ပြီး အိပ်ရာတခုထဲမှာ အတူအိပ်ခဲ့ကြဖူးပါတယ်။ မန်းတက္ကသိုလ်အနီး၊ ဗောဓိကုန်းရပ်ကွက်ထဲက နုကြည်ရိပ်သာ၊ ကဗျာဆရာ ကသာဝင်းကြွယ်ရဲ့ အခန်းမှာ။

ဇော်မြင့်သက် ခေါ် ဇော်ဇော်အောင်က ၁၉၅၃ မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ၁၀တန်းအောင်ပြီး တက္ကသိုလ်ရောက်ခဲ့သတဲ့။ ကသာဝင်းကြွယ်၊ မောင်မိုးသူ၊ ကြည်အောင်၊ မောင်စွမ်းရည်တို့က ၁၉၅၆ ကျမှ တက္ကသိုလ်ကို အတူရောက်လာကြတာ။ ဇော်ဇော်အောင်က တက္ကသိုလ်ရောက်တာ စောပေမယ့် မွေးသက္ကရာဇ်ကတော့ အားလုံးနဲ့ အတူတူ - ၁၉၃၇။

မောင်မိုးသူက သူငယ်ချင်းတွေထဲမှာ အစောဆုံး အိမ်ထောင်ကျတယ်။ မောင်မိုးသူရဲ့အိမ်ကိုပဲ ဇော်ဇော်အောင်နဲ့ မောင်စွမ်းရည်တို့က သမီးရည်းစား ချိန်းတွေ့စရာ စခန်းသာအဖြစ် အသုံးပြုခဲ့ပြီး သူတို့လည်း အသီးသီး အိမ်ထောင်ကျသွားခဲ့ပါတယ်။ သူတို့အိမ်ထောင်ဖက်များက ကျောင်းဆရာမတွေဆိုတော့ သူငယ်ချင်းနှစ်ယောက် ကံတူအကျိုးပေးပါပဲ။ အိမ်ထောင်သည်ဘ၀မှာ ငြိမ်ဝပ်ပိပြားသွားခဲ့ပါတယ်။

မောင်စွမ်းရည်ရဲ့ရွာက မြင်းခြံမြို့နယ်က အလံနီသူပုန်များရဲ့ ရွာ ဖြစ်ခဲ့ဖူးပါတယ်။ ဇော်ဇော်အောင်ကလည်း မုံရွာ အလံနီအုပ်စုက ဆိုပဲ။ ဒါကြောင့် မန်းတက္ကသိုလ်ရဲ့ အလံနီအုပ်စု ခေါင်းဆောင် ဇော်ဇော်အောင်က မြင်းခြံ အလံနီနယ်က လာတဲ့ မောင်စွမ်းရည်ကို ချည်းကပ်တယ်။ စာပေ၀ါသနာပါတဲ့ မောင်စွမ်းရည်မှာ တက္ကသိုလ်ရောက်စအခါက စာပေသူငယ်ချင်း မရှိပါ။ ကျောင်းသားကြီး ဇော်ဇော်အောင်လုပ်တဲ့ စာပေပြိုင်ပွဲကို ၀င်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို တက္ကသိုလ်မြန်မာအသင်းကြီးက ဦးစီးကျင်းပပါသတဲ့။ ဥက္ကဋ္ဌလား အတွင်းရေးမှူးလား မသိခဲ့ရတဲ့ ကိုဇော်မြင့် ခေါ် ဇော်ဇော်အောင်က ဦးစီးကျင်းပတာပါ။ ပ - ဒု - တ သုံးဆု ပေးဖို့ စီစဉ်ထားတဲ့ ကဗျာပြိုင်ပွဲမှာ ၄ ယောက် ၀င်ပြိုင်တာဆိုတော့ နောက်ဆုံးလူကို စတုတ္ထ ပေးလိုက်ရပါတယ်။ မောင်ဝင်းဖေ(မြင်းခြံ) အမည်နဲ့ ကလောင်သွေးနေတဲ့ မောင်စွမ်းရည်ပေါ့။ အစီအစဉ်မရှိဘဲ ပေးတဲ့ဆုကို ဥက္ကဋ္ဌ ဦးဇော်မြင့်က သူ့လွယ်အိတ်ထဲမှာ အသင့်ပါလာတဲ့ မြန်မာစာပေသမိုင်း (ဦးဖေမောင်တင်) စာအုပ်နဲ့ ခြီးမြှင့်လိုက်ပါတယ်။ စာအုပ်မှာ ဘာမှရေးမထားလို့ မောင်စွမ်းရည်ကပဲ မောသ်ဝင်းဖေ၊ ကဗျာ စတုတ္ထဆု လို့ သူ့ဖာသာ ရေးထိုးထားလိုက်ခဲ့ပါတယ်။

ဇော်ဇော်အောင် ရန်ကုန်ပြောင်းသွားတော့ မောင်စွမ်းရည်က မောင်သာနိုးတို့နဲ့ ပေါင်းနေပါပြီ။ မောင်သိန်းနိုင်တို့ တင်မိုးတို့ကလည်း မြန်မာစာ နောက်လူတွေနဲ့ ရောက်လာလို့စာပေအဖွဲ့ ကောင်းနေပါပြီ။ မောင်သာနိုးတို့အဖွဲ့ကို ဇော်ဇော်အောင်က မကြည်ပါ။ ဘာဖြစ်လို့ မကြည်ကြတာလဲဆိုတာ မောင်စွမ်းရည်ကလည်း အစက မသိခဲ့ပါ။ မောင်မိုးသူရဲ့အိမ်က စာပေသဘောတရား စာအုပ်တွေကို အင်္ဂလိပ်လို ဖတ်ပြီး လက်ယားလာတဲ့ မောင်စွမ်းရည်က ကဗျာဆရာကြီး ဒေါင်းနွယ်ဆွေကို ဝေဖန်လိုက်ပါတယ်။ ဒါကြောင့် ဒေါင်းနွယ်ဆွေအခြေစိုက်တဲ့ ရှုမ၀မဂ္ဂဇင်းမှာ ဂိုဏ်းဖွဲ့ပြီး မောင်စွမ်းရည်ကို တိုက်ပါတော့တယ်။ 'ဇော် - ဖော် - မောင် - သင်း" လေးဦးဂိုဏ်း၊ ဇော်ဇော်အောင်၊ မောင်စံဖော်၊ မင်းမော်၊ အောင်သင်း။

ကျနော် ရန်ကုန်ပြောင်းလာပြီး အတန်ကြာတော့ ငြိမ်းကျော်၊ မင်းကျော်၊ နတ်နွယ်၊ မြသန်းတင့် စတဲ့ ပုဂ္ဂိုလ်တွေ ကွယ်လွန်ကုန်ကြပြီး တင်မိုးကလည်း ပြည်ပထွက်သွားပြီဆိုတော့ ကိုအောင်သင်းမှာ စာပေဟောပြောဖော် မဲ့သွားရှာတယ်။ သူ့မှာ တန်းတူရည်တူ ခရီးဖော် မရှိတော့လို့ ဆိုပြီး မောင်စွမ်းရည်ကို လာခေါ်တယ်။ စစ်ပြေငြိမ်းကြစို့ တဲ့။ စာပေဟောပြောပွဲ ခရီးစဉ်တခုမှာ ကျနော်က ကျနော်နဲ့ ဇော်ဇော်အောင်တို့ တအိပ်ရာတည်း အတူအိပ်ကြပုံ၊ ကျနော့်ရွာကိုလည်း သူရောက်အောင် လာခဲ့ပုံ၊ အလံနီရွာသားချင်း ဆိုတဲ့ သွေးပြောလို့ ခင်မင်နေကြရာက အလံနီမဟုတ်တော့ဘူး ဆိုတော့ အခင်အမင် လျော့သွားပုံတွေကို ပြောပြတယ်။ သူ အံ့သြနေတယ်။ တက္ကသိုလ်မှာ နိုင်ငံရေးပါတီတွေကြောင့် သူငယ်ချင်းချင်း ဆက်ဆံရေး ပျက်ရသလားတဲ့။ ကျနော်က ခင်ဗျားတို့ မန္တလေးကလူတွေကို တုန့်ပြန်နေတာက ရိုးရိုးပါ။ ဒါပေမယ့် သူ့နောက်က တွန်းနေတဲ့ အဓိပ္ပါယ်ကို သဘောမပေါက်ခဲ့ဘူး။ ကျုပ်ကလည်း မြှောက်ပေးရင် 'ချွေးထွက်အောင်" က တတ်တာကိုးလို့ ရယ်ရယ်မောမောနဲ့ နောက်ကြောင်းပြန်ခဲ့ကြဖူးပါတယ်။ ကျနော်ကလည်း သူ့လို နိုင်ငံရေးသဘောတရားနဲ့ လာတဲံလူက စစ်ထောက်လှမ်းရေးကို ဇာတ်လိုက်လုပ်ပြီး ကွန်မြူနစ်တွေကို လိုက်လံ တိုက်ခိုက်နေတဲ့ အပစ်အခတ် အညှစ်အသတ် အထစ်အဖြတ် ၀တ္ထုမျိုးတွေကို ရှုတ်ချ ဝေဖန်ရေးသားခဲ့ပါတယ်။ လူချင်းကတော့ အချစ် မပျက်ပါဘူး။ အရေးရယ် အကြောင်းရယ်ဆိုရင် ကိုမိုးသူနဲ့ ကျနော်က သူ့ကို သတိရတတ်ပါတယ်။ မန္တလေးစာပေသမားတစုက စနေစာပေ၀ိုင်း ဆိုပြီး ဘီအိုစီကောလိပ် လဖက်ရည်ဆိုင်မှာ ဆုံလေ့ရှိကြတယ်။ နောက်တော့ တောင်ငူဆောင်၊ မြန်မာစာဌာနရှေ့က တောင်ပိန္နဲပင်အောက် ရွှေ့လာခဲ့တယ်။ အသိုင်းအ၀ိုင်း မတူလို့ ဇော်ဇော်အောင်က ကျနော်တို့ ၀ိုင်းကို မလာပါ။ ကျနော့်အိမ်ကိုလည်း လာလေ့ မရှိပါ။ ကျနော်ကတော့ သူ့အိမ်ကို ရောက်တတ်ပါတယ်။ သူ့စာတွေကိုလည်း မလွတ်တမ်း ဆိုသလောက် ရှာဖတ်ခဲ့တယ်လို့ ထင်မှတ်ခဲ့ပေမယ့် သူကွယ်လွန်လို့ သူစာစုစာရင်းကို ကြည့်တော့ ကျနော် မဖတ်ဖူးတာတွေ အများကြီးပါပဲ။ ဖတ်အား ရေးအား အလွန်ကောင်းပါတယ်။ သူ့လောက် ထူတဲ့စာအုပ်ကြီးတွေ ကျနော် မရေးဘူး၊ မထုတ်ဘူးပါ။

ကျနော် သူနဲ့ စသိတုန်းက သူက ကဗျာဆရာပါ။ ကဗျာတွေပဲ ရေးပါတယ်။ ဇော်သလ္လာ တဲ့။ သူနဲ့အတူ မုံရွာသား အလံနီလေးတယောက်က မိုးသလ္လာ တဲ့။ သလ္လာ ဆိုတာ တချို့က ဘာမှန်း မသိကြ။ သလ္လာဝတီ - ချင်းတွင်းရဲ့ ရာဇ၀င်ထဲက နာမည်ပါ။ နံရံကပ်စာစောင်မှာ သူရေးတိုင်း စောင့်ဖတ်ပါတယ်။ အားကျလို့ပါ။ 'အဘိဓမ္မာရဲ့ သစ်ရွက်တရွက်" ဆိုတာမျိုး၊ အထူးအဆန်းတွေကို ဒေါင်းနွယ်ဆွေ ရေးသလို ရေးလေ့ရှိပါတယ်။ သူတို့မှာ အလံနီကျောင်းသားတွေရဲ့ နံရံကပ်စာစောင် သီးခြား ရှိပါတယ်။ အယ်ဒီတာကတော့ "ဥသျှာ" ခေါ် ခင်မောင် ဖြစ်ပါတယ်။ စာစောင်မည်ကို အတိအကျ မမှတ်မိတော့ပါ။ 'အရုဏ်' ဆိုသလိုလိုပါပဲ။ ကျနော်က ရှုမ၀မဂ္ဂဇင်းမှာ တပုဒ်စ၊ နှစ်ပုဒ်စ ပါဖူးပါတယ်။ မောင်ဌေးဦး ကလောင်နာမည်နဲ့ ကဗျာရေးနေတဲ့ ရွှေဘိုသား ကိုခင်မောင်ဌေး ခေါ် ပန်းချီ အိပ်ခ်ျလွင်နဲ့ အတူကလောင်စမ်းနေတော့ မောင်စွမ်းရည် မဟုတ်သေးပါဘူး။ သူကလည်း ဇော်ဇော်အောင် မဟုတ်သေးပါဘူး။ ဇော်သလ္လာ ခေါ် သလ္လာမောင်သင်းရည် ပဲ ရှိပါသေးတယ်။

ဇော်သလ္လာ၊ မိုးသလ္လာ၊ နဲ့ မောင်ဝင်းဖေ (မြင်းခြံ) သုံးဦးသား တွဲခဲ့ကြတာကတော့ အလံနီ နယ်သားချင်း ဆိုတဲ့ သဘောပါခဲ့ပုံရပါတယ်။ ရေစကြိုက ပို့ပြီး အလံနီမူရင်းကျပါတယ်။ သခင်စိုးကြီးတို့ ရုံးစိုက်ခဲ့ဖူးတာ မဟုတ်လား။ ရေစကြိုက မောင်ဘဂျမ်း (တင်မိုး) ရောက်လာပြန်တော့ တင်မိုးနဲ့ ၀င်းဖေ (မောင်စွမ်းရည်) တို့ အလံနီနယ်သားတွေဆိုပြီး အလံနီအုပ်စုက ချည်းကပ်ခဲ့ပြန်ပါတယ်။ ကျနော်တို့ ၃ ဦး (မောင်သိန်းနိုင် အပါအ၀င်) က ကျနော်တို့ စာရေးဆရာတွေ အထူးသဖြင့် ကဗျာဆရာတွေက တသီးပုဂ္ဂလသမားတွေ၊ (အင်ဒီဗီဂျူယယ်လစ်တွေ) နိုင်ငံရေးပါတီဆိုတာ ဗဟိုဦးစီး ချုပ်ကိုင်မှု ရှိတယ်။ ပုဂ္ဂလိကသမားတွေကို ချုပ်ကိုင်ရင် ပါတီ နာမည်ပျက်တယ်။ ပါတီဝင်မဟုတ်ဘဲ (ကိုယ်စိတ်ပါတဲ့အခါ) ထောက်ခံအားပေး ကူညီပါ့မယ် လို့ ပြောင်ပြီး ဘယ်ပါတီမှ မ၀င်ဘဲ 'ကြားနေ' လုပ်ခဲ့ပါတယ်။ ကြားနေကို အဲဒီအခါက အင်္ဂလိပ်လို နူထရယ်စတင်း (Neutral stand) လို ခေါ်ခဲ့ကြပါတယ်။ ကျနော်တို့က စာပေသမား ကိုသာနိုး၊ တက္ကသိုလ်ဝင်း တို့နဲ့ အတွဲများလို့ ဇော်ဇော်အောင်က ကျနော်တို့ ကြားနေ ဆိုတာကို မယုံတော့ပါ။ သူ ရန်ကုန်ပြောင်းသွားတော့ ကျနော်တို့ကို တွယ်တော့တာပါပဲ။ လူချင်းတွေ့ရင်တော့ လှိုက်လှိုက်လှဲလှဲ ရှိခဲ့ကြပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံကြီးမှာတော့ သူနဲ့ ကျနော်နဲ့ စင်မြင့်တခုပေါ်မှာ ပြန်ဆုံကြတယ်။ စစ်အာဏာရှင် စနစ်ကို အားရပါးက 'ကလော်' ခဲ့ကြပါတယ်။ သူနဲ့ ကျနော် စင်ပေါ်ကနေ လည်ပင်းဖက်ပြီး ဆင်းလာခဲ့ကြပါတယ်။ 'ဒို့ နှစ်ယောက် ဘုံရန်သူကို တိုက်ဖို့ တဖွဲ့တည်း ပြန်လည် ပူးပေါင်းခဲ့ကြပြီ" လို့ ပြောဆိုကြွေးကြော်ပြီးနောက် သူနဲ့ ကျနော် ကြားမှာ ဘာ အခုအခံမျှ မကျန်တော့ပါ။ တနေ့တော့ ကိုစောထွန်းဆီက စာလာပါတယ်။ သူကလည်း မန်းတက္ကသိုလ်ထွက် စာရေးဆရာ 'စောလူ' ဖြစ်နေပါပြီ။ အမေရိကန်ပြည်ထောင်စု၊ မြောက်အီလီနွိုက် တက္ကသိုလ်မှာ မြန်မာစာ ပြနေပါတယ်။ သူက ကျနော်နဲ့ ဇော်ဇော်အောင် ၂ယောက် တယောက်ယောက် နယ်သာလန်နိုင်ငံကို စာပေညီလာခံတခု တက်ရောက်ဖို့ ဖိတ်စာ ပို့ပါတယ်။ ဇော်ဇော်အောင်က စာတမ်းရေးဖို့ရော၊ သွားဖတ်ဖို့ရော ငြင်းပါတယ်။ ကျနော်က ထောက်လှမ်းရေး (၆) က ခေါ်တာ ၂ ခါ ရှိပြီဆိုတော့ ပြည်ပကို ပြေးဖို့ ပြင်နေရတဲ့အတွက် ထွက်ပေါက် ရသွားပါတယ်။ ဒါကြောင့် ကျနော် ထွက်ခဲ့တဲ့အခါ သူတယောက်တည်းကိုပဲ နှုတ်ဆက် ထွက်ခွာခဲ့ရပါတယ်။ ၂၀၀၂ နိုဝင်ဘာ ဆိုတော့ ခုဆိုရင် ဒွဒသာဟိ တဆယ့်နှစ်နှစ် ကလာ ကျော်ခဲ့ပါပြီ။ ဒါကြောင့် ဗမာပြည်ကို အလည်ပြန်ခဲ့ပါတယ်။ ၂၀၁၅ နိုဝင်ဘာထဲမှာ ပြန်ခဲ့ပါတယ်။ ရောက်လျင် ရောက်ချင်း အကိုကြီး ကိုသာနိုးကို သွားရောက် ဂါရ၀ပြုပါတယ်။ ပြီးတော့ သူ့ဆီကို သွားပြီး အဦးဆုံး နှုတ်ဆက်ပါတယ်။ ဆရာဇော်ဇော်အောင် ရှိပါသလား ဆိုတော့ သွားမဲ့ ပါးပိန်နဲ့ တကယ့်ကို အဖိုးကြီးနဲ့ တူတဲ့ ဇော်ဇော်အောင် ထွက်လာပါတယ်။ ဒုတ်ကောက်ကြီး တဒေါက်ဒေါက်နဲ့ပါ။ 'ဘယ်သူလဲဟ' ဆိုပြီး မျက်မှောင် ကြုတ်ကြည့်ရင်း ၀င်းတံခါးဆီကို ထွက်လာပါတယ်။ ကျနော်မှန်းသိတော့ အိမ်ထဲကို ခေါ်သွားပါတယ်။ ဧည့်ခန်းမှာ သူ့ဇနီး ဆရာမကြီးက ကုလားထိုင်မှာ ကြံ့ကြုံ့လေး ဗမာထိုင် ထိုင်နေရာ ပြုံးနှုတ်ဆက်ပါတယ်။ မကျန်းမာလို့ ထနိုင်ဟန် မတူပါ။ 'လာနှုတ်ဆက်တာ၊ ပြီးမှ ဆုံကြရအောင်လို'့  ပြောပြီး မထိုင်ဘဲ ပြန်တော့မယ်ဆိုတော့ သူ့သမီးက ကျနော့်ကို သူ့အဖေ နောက်ဆုံးထုတ်တဲ့ စာအုပ်ထူကြီး 'ကျောင်းသားသမဂ္ဂအကြောင်း" ကို လက်ဆောင် ပေးလိုက်ပါတယ်။ ဆောင်းပါးပေါင်းချုပ်ကြီးပါ။

သူငယ်ချင်း မောင်သိန်းနိုင်က သူငယ်ချင်းတွေ ဆုံရအောင်ဆိုပြီး ထမင်းစားပွဲတခု စီစဉ်ပါတယ်။ ဇော်ဇော်အောင်၊ မောင်မိုးသူ၊ ကသာဝင်းကြွယ်၊ မောင်သိန်းနိုင်၊ ပန်းချီ ၀င်းဖေ၊ မောင်စွမ်းရည်တို့ မန်းတက္ကသိလု ငယ်သူငယ်ချင်းတွေ တွေ့ဆုံ စုစည်းမိကြပါတယ်။ ကျနော် စပြီး ပြောမိတဲ့စကားက 'ချစ်တယ် ဆိုတာ မုန်းလို့ မရပါလားနော်၊ ကိုထွန်းစိန် ...' ဆိုတဲ့ စကားပါ။ မန်းတက္ကသိုလ်နားက ပုဂ္ဂလိက ဘော်ဒါဆောင်မှာ ခင်မောင်ဝင်း (၀င်းကြွယ်) တခန်း၊ ကျနော် တခန်း နေကြတော့၊ မောင်မိုးသူနဲ့ ဇော်ဇော်အောင်တို့ လာတတ်တယ်။ ၀င်းကြွယ်ရဲ့ အခန်းတခါးရွက်မှာ အဲဒီစာတန်း ရေးထားတာ ကျနော် မှတ်မိနေပါတယ်။ မူလက 'ချစ်တယ်ဆိုတာ မုန်းလို့ မရပါလား နော်' ဆိုတဲ့ စာတန်းလေးပဲ ရှိတယ်။ 'ကိုထွန်းစိန်' ဆိုပြီး ဖြည့်သွားတာက ဇော်ဇော်အောင် လို့ပဲ ကျနော် မှတ်မိနေလို့ပါ။ ကိုထွန်းစိန် ဆိုတာ ၀င်းကြွယ်ရဲ့ အဖေ ဦးထွန်းစိန်ပါ။ သူ့အဖေလာတော့ သူ့သားကို တွေ့မသွားရဖူး ထင်ပါတယ်။ အဲဒါကြောင့် ဇော်ဇော်အောင်က ဖြည့်ခဲ့တာ ဖြစ်မယ် ထင်ပါတယ်။ (မောင်မိုးသူက ဒါမျိုး မနောက်တတ်ရှာပါ)။ ဘယ်သူရေးတာလဲ၊ ဖိုးဇော်မြင့် မဟုတ်လားဆိုတော့ ရယ်လို့ပဲ နေပါတယ်။ ခက်တာက သူ့ခမျာ နားလေးနေရှာပါတယ်။ မကြားရတော့ ရယ်လို့ပဲ နေပါတယ်။ ကျနော့်မှာ ဒေါ်လာ တထောင့်ရှစ်ရာတန် နားကျပ် အသစ်ကြီးနဲ့ ဆိုတော့ ကြားရပါတယ်။ ထမင်းဝိုင်းမှာ သူနဲ့ ကျနော် ၀ိုင်တခွက် ကိုင်ပြီး (ချီးယားစ်) လုပ်ကြပါတယ်။ တကယ်တော့ သူ မသောက်တော့ပါလို့ သိထားပါတယ်။ (ကျနော်က အိမ်ရှင်ကို အားနာလို့ သုံးခွက်တောင် ခြီးမြှင့်လိုက်ပါတယ်) အဲဒီပွဲမှာ အသွားအပြန် ကားတစီးနဲ့ အတူသွားဖို့ ပြန်ဖို့ သူငယ်ချင်း မောင်သိန်းနိုင်က စီစဉ်ပေးပါတယ်။ အလွမ်းဖြေကြ၊ ပျော်ကြရပါတယ်။

မောင်စွမ်းရည်နဲ့ မိတ်ဆွေများ စာပေစကားဝိုင်း ဆိုတာကို နိုဝင်ဘာ ၁၇ ရက် အင်္ဂါနေ့မှာ မိုးမခ နဲ့ HOME မီဒီယာတို့ ပူးတွဲ စီစဉ်ပါတယ်။ ဒိုင်ခံဆွေးနွေးကြမယ့် ပုဂ္ဂိုလ်တွေထဲမှာ ယဘက်အစွန်က ထိုင်နေသူ အသားညိုညိုနဲ့ ပုဂ္ဂိုလ်ဟာ ဆရာဇော်ဇော်အောင်ပါ။ သူ့ဝဲဘက်က စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး၊ အလည်မှာ မောင်စွမ်းရည်၊ နောက် မောင်မိုးသူ၊ မောင်သိန်းနိုင်၊ ပန်းချီ ၀င်းဖေ - မန္တလေးတက္ကသိုလ်ကချည်းပါပဲ။ တက္ကသိုလ်မှာ အစောဆုံးနဲ့ အသက်အကြီးဆုံး ဒေါ်ခင်ဆွေဦးပါပဲ။ င်္ပြီးတော့ ၁၉၅၃ မှာ တက္ကသိုလ်ရောက်တဲ့ ဇော်ဇော်အောင်နဲ့ ပန်းချီ ၀င်းဖေပါ။ ဆွေးနွေးပွဲမှာ မြန်မာစာသင်ကြားရေးအကြောင်းက စပြီး မေးတာဆိုတော့ တက္ကသိုလ်က မြန်မာစာဆရာလဲဖြစ်၊ မြန်မာစာ မဟာဝိဇ္ဇာလည်း ဖြစ်တဲ့ ဆရာဇော်ဇော်အောင်နဲ့ ဆယ်တန်း မြန်မာစာဂုဏ်ထူး၊ မန္တလေး စိုက်ပျိုးရေးတက္ကသိုလ် မြန်မာစာဆရာဟောင်း၊ မြန်မာစာ ကျုရှင်လောကဘုရင်၊ ဂုဏ်ထူး သိန်းနိုင်တို့က အဓိက ဖြေပါတယ်။ မောင်စွမ်းရည်ကတော့ ဒေါ်အမာ ရာပြည့်ပွဲအကြောင်း မေးလာတာကို ဖြေပါတယ်။ သတင်းစာဆရာနဲ့ စာပေအနုပညာရှင်၊ မြန်မာ့ယဉ်ကျေးမှုများကို မော်ကွန်းထိုးသူ၊ သုတေသီပညာရှင်အဖြစ် ပြောကြားခဲ့ပါတယ်။

ဒီပွဲဟာ ဆရာဇော်ဇော်အောင်အနေနဲ့ သူရဲ့ သူငယ်ချင်း ကျောင်းနေဘက်များ၊ စာရေးဘော်များနဲ့ နောက်ဆုံး တွေ့ဆုံ နှုတ်ဆက်တဲ့ပွဲ။ ပရိသတ်ကိုလည်း နောက်ဆုံး နှုတ်ဆက်တဲ့ပွဲ ဆိုတာ သူကိုယ်တိုင်လည်း မသိလိုက်၊ သူ့အပေါင်းအသင်းများလည်း မသိလိုက်ကြပါ။ ဒီဇင်ဘာတလခြားပြီး ဇန်န၀ါရီ ၂၆ မှာ မမျော်လင့်ဘဲ အမှည့်ကြွေလို ကြွေသွားခဲ့ရှာပါတယ်။ နောက်နေ့မှာတော့ ၀ါရှင်တန်က မေငြိမ်းက ဇော်ဇော်အောင် ရက်လည် စာစောင်လေးထုတ်ဖို့ စာ တမျက်နှာလောက် ပေးပါဆိုလွှို ရေးပေးလိုက်ရတော့ မျက်ရည် မဆည်နိုင်ပါ။

မနက်ခင်း ထုံးစံအတိုင်း ဘုရားဆွမ်းကပ်၊ ပန်း၊ ရေချမ်း ကပ်ရင်း သူငယ်ချင်းအတွက် လှိုက်လှိုက်လှဲလှဲ ကုသိုလ်အမျှ ပေးလိုက်ပါတယ်။ သူငယ်ချင်းရေ ... အမျှ အမျှ အမျှ လို့။

သြော် ဘုရားသော်မှ ရှောင်လွှဲလို့ မရနိုင်တဲ့ ဒီခရီးကို နောက်ဆုံးတော့ အားလုံး သွားကြရမှာပါပဲ ကလား။ သူငယ်ချင်းရေ သွားနှင့်ပေတော့။

သူငယ်ချင်း

မောင်စွမ်းရည်

၂၀၁၆ ဇန်န၀ါရီ ၂၇၊ ဗုဒ္ဓဟူး