ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သွန်းခ - ၆ဝ၊ ၆၄




သွန်းခ - ၆ဝ၊ ၆၄
( မိုးမခ) ဖေဖော်ဝါရီ ၁၊၂ဝ၁၆


ဟုတ်ပါတယ်။ (ကို)ခိုင်ထူး အသက် က၆ဝ၊ (ကို)ဂျေမောင်မောင့် အသက် ၆၄ နှစ် ကိုယ်စီ ရှိနေကြပြီဖြစ်တဲ့ နှစ်ယောက်တွဲ ဖျော်ဖြေပွဲ ကို ရန်ကုန်က ပြည်သူ့ရင်ပြင် မှာ ဇန်နဝါရီလ ၃ဝရက်နေ့ ည ၈ နာရီက စခဲ့တာပါ။

ပရိသတ်အသက်အရွယ်တွေဟာ အများစု ၄ဝ တန်း အနိမ့်ဆုံး ဖြစ်မယ် လို့ ခန့်မှန်းရပါတယ်။ လူငယ်ပိုင်းတွေ လာအားပေးတာတွေ့ရတော့လည်း ကြည်နူးရပါတယ်။ ပွဲထဲကို ၁ နာရီ လောက် နောက်ကျ မှ ရောက်ခဲ့တာမို့ ရှေ့ပိုင်း ၄၊ ၅ ပုဒ်လောက် လွတ်သွားပါသေးတယ်။

ပွဲကြည့် ပရိသတ် တွေ ပွဲရှိန်တက် နေတဲ့ အချိန် ရောက်သွားတယ်လို့ပြောရပါမယ်။ အဆိုတော် ၂ ယောက် လုံးဟာ တစ်ယောက်ဆိုနေလည်း နောက်တစ်ယောက်က ကူဆိုပေး၊ ကူတီးပေးနဲ့ အင်မတန် လက်ညီညီ၊ အဆို ညီညီ နဲ့ ဆိုသွားခဲ့ကြတာပါ။ Drum စိုင်းသာဌေး၊ Bass ကိုမြတ်မိုး တို့လည်း ဟာမိုနီ အားဖြည့် ပေးခဲ့ကြပါ တယ်။

ပွဲကို DM-4 Entertainment (Event Solution Myanmar Co.Ltd) ကစီစဉ်ခဲ့တဲ့ပွဲလို့သိရပြီး၊ Shwe Bank၊ Shwe FM၊ Sky Net ၊ mntv တို့က ပံ့ပိုးပေးထားတာ တွေ့ရပါတယ်။ စင်မြင့် အပြင်အဆင်၊ မီးသုံးတဲ့စနစ်၊ အသံပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေ နဲ့ နောက်ခံ ပြကွက်တွေ ကြောင့် သီချင်းတစ်ပုဒ်စီ ရဲ့ အဓိပ္ပါယ်ဖော်ဆောင်မှု အားကောင်းစေခဲ့တယ် လို့ခံစားရပါတယ်။

၎ တန်းကျောင်းသားလေး ဘုံးဘုံ ရဲ့ Drum တီးချက် ကိုတော့ ပရိသတ် လက်ခုပ်သံ တွေက ဆုံးဖြတ်အား ပေးခဲ့တာပါ။ လက်ခုပ်သံ ဆိုလို့ ဘုံးဘုံလေး ကို ကြိုဆိုပေးပါဦး ဆိုတဲ့ ဂျေမောင်မောင့် မိတ်ဆက်စကားတစ်ခါ သာကြားခဲ့ရပြီး လက်ခုပ်ကလေးချီးမြှင့်ပေးပါဦး ဆိုတဲ့ မေတ္တာရပ်ခံ၊ တောင်းခံတာတွေ တစ်ပွဲလုံး မကြားရပါ ဘူး။ ကောင်းရင် ကောင်းသလို လက်ခုပ်သံ ဆိုတာ မြည်လာတာပါပဲ။

အကယ်ဒမီ (ဦး) ခင်မောင်ကြီး ရဲ့မြေးကလေး၊ Lead ကိုအောင်သူ ရဲ့သားလေး ဟာ မျိုးနဲ့ရိုး နဲ့ပါဆိုတာပြလိုက် တဲ့ ပွဲ ပါပဲခင်ဗျာ။

နားထောင်လိုက်ရသလောက် သီချင်းတွေဟာ တစ်ခေတ်၊ တစ်ခါ က အနက် အဓိပ္ပါယ် အပြည့်နဲ့ ရေးခဲ့၊ ဆိုခဲ့ တာတွေကြောင့် သက်ကြီးပိုင်း တွေအားလုံးလောက်နီးနီး လိုက်ဆို၊ ခံစားဖြစ်ခဲ့ကြတာ သတိထားမိပါရဲ့။

မတရားမှုတွေ၊ အတ္တတွေ၊ နာကျည်းစရာတွေ၊ ခံပြင်းစရာတွေ၊ စစ်ပွဲ တွေ၊ ငြိမ်းချမ်းရေး တွေနဲ့ ပတ်သက်တာ တွေပါသလို အချစ် သန့်သန့် သီဖွဲ့ ထားခဲ့တဲ့ တေးရေးတွေရဲ့ အစွမ်းကို တစ်နေရာတည်းမှာ စုပြုံခံစားလိုက် ကြရတာပါ။

ဂီတနဲ့ လည်းလူတွေရဲ့စိတ်တွေ၊ လုပ်ရပ် အလွဲတွေကို ထောက်ပြခဲ့တာတော့ အခုမှမဟုတ်ပါဘူး ဆိုတာ ပြန်လှည့်၊ ဖွင့်ပြလိုက်သလိုပါပဲ။ နောက်ခံ Screen မှာ သီချင်းတွေ အလိုက် ရုပ်ရှင်၊ ရုပ်ငြိမ်၊ နိမိတ်ပြ ပုံတွေ နဲ့ အင်မတန်လိုက်ဖက်အောင် တင်ဆက် ခဲ့တာပါ။

ဆက်ဆက်ဆုံမယ့်ဆောင်း (တေးရေးနဲ့ သံစဉ် တွေက ခိုင်ထူး၊ မိုးကျော်၊ ရာပြည့် တို့ ရေးခဲ့တာ လို့မှတ်မိ နေပါတယ်) သီချင်း ကို ဆိုနေရင်း ခိုင်ထူး မျက်ရည် ကျသွားခဲ့တာ ပရိသတ် က သိသွားကြပါတယ်။ သြော်… "နေရာဟောင်းလေးမှာ ပြန်လည်ဆုံဆည်းကြစို့ကွယ်….." လို့ဆိုသွားတာကိုး။

ခိုင်ထူး ကိုရော ဂျေမောင်မောင် ကိုရော မျှမျှတတ အားပေးခဲ့ကြတာ သူတို့သီချင်း တချို့ဟာ အပြန်အလှန် ရေးထားပေးခဲ့ကြတာကြောင့်လည်း ပါလိမ့်မယ် လို့ ထင်ပါတယ်။

ဂျေမောင်မောင် အသံ ကောင်းနေပါသေးတယ်။ ခိုင်ထူး၊ ထုံးစံ အတိုင်း လည်ပင်းကြောကြီးတွေထောင်ထ လာအောင် အော်ချင်ပေမယ့် တစ်ချက်၊ တစ်ချက် ပျောက်လုလု ဖြစ်ဖြစ် သွားလို့ သူ့ကိုယ်သူ အားမလိုအား မရနဲ့ပါ။

ဂျေမောင်မောင်တစ်ယောက် မဖြစ်မနေ ထုတ်သုံးသွားတဲ့ ဘာဂျာ လေးကို ပရိသတ် ကလည်း အားပေး ခဲ့ကြပါတယ်။ နံမည်ကျော် "အချစ်ရေ့" သီချင်း နဲ့ သူ့ သီချင်းတော်တော်များများ ဟာ ဘာဂျာ သံလေးပါမှပေ ကိုး။

"သမီးလေးရေ၊ ဖေကြီး ဆီ လာပါဦး" လို့ သီရိဂျေမောင်မောင် ကို လှမ်းခေါ်ပြီး ဆိုသွားခဲ့ကြတာ တေးရေးဆရာ သုခမိန်လှိုင် ရဲ့ လက်ရာ "တစ်စုံတစ်ရာ" ပါပဲ။

အသည်းကွဲမြို့တော်၊ သတိရနေတဲ့သီချင်း၊ ကြီးမှဝက်သက်ပေါက်ရင်၊ ဘယ်သူ့ကြောင့်လဲ၊ နေပါဦး၊ဆိုတဲ့သီချင်း တွေနဲ့ ဗဒင် ရေးပေးခဲ့တာလို့ မှတ်မှတ်ရရ ထုတ်ပြော ပြီးဆိုပြ သွားခဲ့တဲ့ "အသည်းစွဲ"၊ စီးကရက်ကိုကြိုက်တတ် ရင် လို့ စလိုက်တဲ့ " သိပ်ချစ်လွန်းတော့လည်း" တို့ဟာ ဂျေမောင်မောင် ကိုယ်တိုင်ဆိုတာမှ နားထောင်ကောင်း တဲ့သီချင်းတွေပါပဲ။

သီချင်း ခေါင်းစဉ် တွေနဲ့ စာမျက်နှာ ဖြည့်လိုက်ဖို့ မကောင်းတာမို့ မရိုးနိုင်တဲ့ ခိုင်ထူး သီချင်းကောင်းတွေ နားထောင် လိုက်ရပါတယ် လို့သာဝေမျှပါရစေ။

အဲဒီထဲကမှ မပြောမဖြစ် တစ်ပုဒ်ကို မှတ်မှတ်ထင်ထင်၊ နောက်ဆုံး နှုတ်ဆက်သီချင်း အဖြစ် ဆိုပြသွား ခဲ့ပါတယ်။ ဘွဲ့နှင်းသဘင် ခန်းမကြီး ကို နောက်ခံထားပြခဲ့ပါတယ်။ တစ်ချို့တွေ နေနိုင်လွန်းတယ် ဆိုတဲ့စာ သား လည်း ပါပါတယ်။

တေးရေး ကိုနေဝင်း ရဲ့ "နောက်ဆုံးအိပ်မက်" ပါပဲ။ စိမ်းမြနေတဲ့သစ်ရွက် တွေဘာလို့ကြွေကုန်တာလဲ၊ ရော်ရွက်ဝါ တွေမှ မဟုတ်တာလေ။ အဲဒါကြောင့် ဆက်ပြီးဆိုတဲ့အထဲမှာ တစ်ချို့တွေ နေနိုင်လွန်းတယ် ဆို တာ ပါနေတာကိုး။