ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လောကပါလ - ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်း



လောကပါလ - ကျွန်တော်ကရော ဘာများ တတ်နိုင်ပါဦးမည်နည်း
(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၆

ကျွန်တော် ၇ တန်းတုံးက အတန်းပိုင်ဆရာမ၏အမည်မှာ ဒေါ်စောတင်ဖြစ်လေသည်။ ပထဝီသင်သည်။ ကရင်တိုင်းရင်းသူမို့ စကားပြောလျှင် အသံဝဲသော်လည်း ချိုသာသည်။ အပျိုကြီးပီပီ အိနြေ္ဒကြီးသည်။ တည်ငြိမ် အေးဆေးသည်။ အော်ဟစ်ဆူပူခြင်း မာန်မဲကြိမ်းမောင်းခြင်းကင်းသည်။ တတန်းလုံးကြားအောင် အသံမြှင့်၍ စာသင်သည့်အခါမှအပ စကားကျယ်ကျယ်ပြောလေ့မရှိ။ ရယ်လျှင်ပင် အသံမထွက်။ ကျောင်းသူ ကျောင်းသား အမည်ခေါ်လျှင် မောင် မ စသည်တပ်၍ ယဉ်ကျေးစွာခေါ်သည်။ ကိုယ့်တပည့်ဆိုပြီး နင်ပဲကဆ မပြော။ သို့သော် ဆုံးမစရာရှိလျှင် မျက်နှာထားတည်တည်တင်းတင်းနှင့် ပြောဆိုဆုံးမဘို့ရာဝန်မလေးချေ။ ကိုယ်အမူအယာ နှုတ်အမူအယာ ယဉ်ကျေးသိမ်မွေ့မှုကို အထူးအလေးထားပဲ့ပြင်လေ့ရှိသည်။

စကားပြောလျှင် ‘ပါ’ ထည့်ပြောဘို့ ဆရာမ အမြဲသွန်သင်ပြီး ကြပ်ကြပ်မတ်မတ်လိုက်နာစေ၏။ ရတယ်ဆိုလျှင် ရပါတယ်၊ သိတယ်ဆိုလျှင် သိပါတယ်၊ ပြန်ဦးမယ်ဆိုလျှင် ပြန်ပါဦးမယ် စသည်ဖြင့် ပြောဆိုရန်သင်ကြား၏။ သူနှင့်စကားပြောနေစဉ် ဟုတ်ကဲ့ဆရာမ ဟု အမှုမဲ့အမှတ်မဲ့ပြောမိလျှင် ဟုတ်ကဲ့ပါဆရာမဟု ချက်ချင်း ပြင်ကာ ပြောဆိုစေ၏။ ဆရာမကအရိုအသေခံချင်လွန်းသောကြောင့်မဟုတ်၊ ကျွန်တော်တို့ကို အရိုသေခံထိုက်သူတွေ ဖြစ်လာစေချင်သောကြောင့် ဟုလည်းရှင်းပြလေ့ရှိ၏။ ကျွန်တော်တို့ကလည်းလိုက်နာခဲ့ကြပါသည်။

တစ်နံနက် ဆရာမ သူ့စာပွဲမှာ အလုပ်များနေစဉ် ရှေ့ဆုံးဒေါင့် လေးယောက်တန်းခုံ၏ အစွန်ဘက်မှ ကျောင်းသား နှစ်ဦးတို့ ကြိတ်၍ စကားများနေကြသည်။ အကင်းပါးသောဆရာမက ကြားဖြစ်အောင်ကြားပြီး ဘာဖြစ်နေကြ သည်ကိုမေးမြန်းရာ ‘သူ ကျွန်တော့်စာအုပ်ကို ဖြဲပစ်လို့ပါ ဆရာမ’ ဟု တစ်ယောက်ကပြန်ဖြေသည်။ ပြုံးနေသော ဆရာမမျက်နှာ ချက်ချင်းတည်သွားသည်။ ဒါတွင်မက အသားဖြူသောဆရာမ၏မျက်နှာတစ်ပြင်လုံး နီမြန်းသွား သည်ကို အနီးဆုံးခုံတန်းမှာထိုင်သည့်ကျွန်တော် သတိပြုမိလိုက်သည်။ ဆရာမက ရုတ်ခြည်းဆိုသလို အိနြေ္ဒ ပြန်ဆည်လိုက်ပြီး ထပ်မေးလေသည်။

“မောင်သောင်း (ကျောင်းသား၏အမည်) ဆရာမကို ဘာပြောလိုက်တာလဲကွဲ့”

“ကျွန်တော့်စာအုပ်ကို သူ ဖြဲပစ်တယ်လို့ ပြောတာပါဆရာမ”

“စာအုပ်ကိုဆုတ်တယ်လို့ပြောရတယ် ပြန်ပြောစမ်းပါမောင်သောင်း”

ထို့နောက် တစ်တန်းလုံးကို ဆရာမက ‘ဖြဲ’ ဆိုသော ဝေါဟာရ၊ ‘ပြဲ’ ဆိုသောဝေါဟာရများသည် အဂါရဝ ဖြစ်စေနိုင်သဖြင့် မသုံးသင့်ကြောင်း၊ ‘ဖြဲ’ အစား ‘ဆုတ်' နှင့် ‘ပြဲ’ အစား ‘စုတ်' တို့ကိုသာသုံးစွဲသင့်ကြောင်း ရှည်လျှားစွာရှင်းပြ ခဲ့လေသည်။ ကျန်အတန်းသူအတန်းသားတွေတော့မသိ ထိုနေ့မှစ၍ စာအုပ်စာရွက်တွေကို ကျွန်တော် ‘ဆုတ်' ရုံ ‘ဆုတ်' ပြီး မဖြဲ ရဲသည်မှာ ယနေ့တိုင်ဖြစ်လေ၏။ ကိုယ်တိုင် မိဘဖြစ်လာသော အခါ၌လည်း သားသမီးတွေကိုသွန်သင်ရင်း အိမ်မှာဖြဲသံဆိတ်စေခဲ့၏။ ရံခါဆိုသလို သွားရင်းလာရင်း အပြင်မှာကြားရတတ် သည်ကိုမူ နားမခံနိုင်သည့်တိုင် ကိုယ်က သွားခဲ လာခဲသည်မို့ ကိစ္စမရှိဟု သင့်တင့်စွာနှလုံးသွင်းရသည်။ အကြောင်းအားလျော်စွာ ကျွန်တော်ကလည်း ရပ်ဝေးမြေခြားမိသားစုများထဲမှာ အပါအဝင်ဖြစ်ခဲ့ရသည်မို့ ကာလ အတန်ကြာ ထိုအတိုင်းနှလုံးသွင်းခွင့်ရခဲ့လေသည်။

တယ်လီဖုံးကဒ်တွေ ကျပ် ၁၅၀၀ နှင့်အပြိုင်အဆိုင် စတင်ရောင်းချသည့်ကာလတစ်ရက်သားမှာ တစ်ခုသော ကုမ္ပဏီအရောင်းဆိုင်သို့ ကဒ်ဝယ်ရန်ကျွန်တော်ရောက်ခဲ့၏။ လှပသစ်လွင်သော ဆိုင်ခန်းအတွင်း နုနုနယ်နယ် အရောင်းဝန်ထမ်း သမီးငယ်ကလေးများက အပြုံးကိုယ်စီနှင့် ကြိုဆိုနေကြသည်။ ကျွန်တော့်ကိုရောင်းချသော သူငယ်မလေးက ယ္ခုသို့ရှင်းပြသည်။ ‘ဒီကဒ်က ကွာ ...  ငွေတစ်ထောင်ကစပြီး အဘကြိုက်သလောက် တန်ဘိုးငွေ ဖြည့်လိုက်ရင်သုံးလို့ရပြီ’ ဟူ၏။

ကိုယ့်နားကိုယ်မယုံသလိုဖြစ်၍ အပြန်တွင် အမျိုးတစ်ယောက်အိမ် ဝင်လည်ရင်း ထိုအကြောင်းပြောပြတော့ အိမ်ရှင်မကရယ်နေသည်။ ထိုအခိုက်သူ့သမီးဆယ်တန်းကျောင်းသူ ကျူရှင်မှ ပြန်လာသဖြင့် ကျွန်တော့်ကို ထားရစ်ကာ သူ့သမီးထံသွားပြီး အိမ်ပြန်နောက်ကျရခြင်းအကြောင်းရင်းကို စူးစမ်း လေသည်။ သမီးဖြစ်သူပြန်ဖြေလိုက်သံကို ဧည့်ခန်းမှကျွန်တော် အတိုင်းသားကြားနေရ၏။ ‘အမေကလဲ ကွာ ...။ သမီးကို ဒါပဲ အမြဲမေးနေတာပဲ…..’။

အိမ်ပြန်ရောက်တော့ လမ်းလျှောက်တတ်စမြေးဦးကလေးက ကျွန်တော့်ကိုအပြေးကြိုသည်။ ဧည့်သည်နေ ဧည့်သည်စားမျှသာ ကျွန်တော်နေဖြစ်သောသည်အိမ်မှာ သင်းကလေးကို တစ်အိမ်လုံးသည်းသည်းလှုပ်မို့ အိမ်ရှိ လူကုန်ထွက်လာကြပြီး သူ့လှုပ်ရှားမှုမှန်သမျှကို တစ်ယောက်တစ်ပေါက် ပြောဆိုရယ်မောကြလေ၏။ တူမ အပျိုပေါက်တစ်ဦးက ကလေးကိုလာဆွဲရင်း ‘သားသား သတင်းစာတွေဖြဲပစ်တာ ဖိုးဖိုးကိုတိုင်လိုက်ရမလား’ ဟု စ နေသည်။ ခဏအကြာတွင် အိမ်အတွင်းဘက်ဆီမှ ခယ်မအပျိုကြီးထွက်လာ၏။ သူ့လက်တွင်းမှာ အစိတ်စိတ် အမြွှာမြွှာဖြစ်နေသော သတင်းစာတစ်စောင်။ ရုံးပိတ်ရက်မို့ ထုံးဆံအတိုင်း ကလေးနားမှာ အပျိုကြီး တစ်နေကုန် နေတော့မည်။

“ဒီမှာကြည့်ပါဦး ဒီနေ့သတင်းစာ အစ်ကို့မြေး စိန်ပြေနပြေထိုင်ဖြဲသွားတာ၊ ချော့တောင်းလို့လဲမရ ငိုမှာစိုးလို့ အတင်းလဲ မယူရဲဘူး”

သူတို့တစ်တွေအာရုံက ကလေးပေါ်မှာစုနေကြသည်မို့ ကျွန်တော့်ဘက်ကိုသတိထားကြည့်မိကြမည်မထင်။ ကြည့်ခဲ့လျှင်လည်း ဆရာမလိုအသားမဖြူသည့် ကျွန်တော့်မျက်နှာထူအမ်းအမ်းကြီး နီမြန်းသွားသည့်တိုင် သူတို့ မြင်နိုင်ကြမည်မဟုတ်။ စိတ်ထဲတွင် သမီးသာပါလာခဲ့လျှင် မိသားစုထဲမှာ ထိုအသုံးအနှုံးမျိုး တင်းကျပ်စွာ တားမြစ်လေ့ရှိသည့်ကျွန်တော့်ကို ‘ဘယ့်နှယ်ရှိစ ဖေဖေ’ ဆိုကာ မေးငေါ့မည်လား မသိဟု တွေးမိရင်း ပြုံးချင်လာ သောကြောင့် ကိုယ်ရှိန်သတ်ပြီး သူတို့အနီးမှကျွန်တော်ထွက်လာခဲ့၏။ ထို ‘ဖြဲ’ ဋီကာက သည်မှာမရပ်သေး။ နောက်တစ်နေ့ ယေက္ခမကြီးဖွင့်ထားသောတီဗီထဲမှာ ဆရာတော်ကြီးတစ်ပါး၏ တရားတစ်ပုဒ် လာနေသဖြင့် မယောင်မလည်သွားနာမိရာ ထို ‘ဖြဲ’ ကိုပင် ဆရာတော်က နှစ်နေရာသုံးနေရာလောက်မှာ သုံးနှုံးဟောပြော သွားသည်ကို ကြားရလေသည်။ ပညတ်တွေမှလွန်မြောက်ဘို့ ကျင့်ကြံအားထုတ်ဟောပြောနေသူ၏နှုတ်ထွက်မို့ နားမရှက်ဝံ့သည့်တိုင် ကိုယ့် အတ္တနောမတိ ကတော့ နှိပ်စက်ကလူပြုဆဲ။

စဉ်းစားကြည့်တော့ အဖေအရွယ်ကို ‘ကွာ’၊ အမေကို ‘ကွာ’ ကြပြီးသကာလ အပျိုလေးက ‘ဖြဲ’၊ အပျိုကြီးက ‘ဖြဲ’၊ ဘုန်းဘုန်းကပါ ‘ဖြဲ’ နေကြသောဒွန်နယာကြီးထဲမှာ ကျွန်တော့်ကိုယ်ကျွန်တော် “ကိုင်း ဘယ့်နှယ်ရှိစကိုယ့်လူ” ဟု ပြန်မေးရမလိုဖြစ်နေချေသည်။ ကရင်တိုင်းရင်းသူ ဆရာမဒေါ်စောတင်သာ ရှိနေသေးလျှင် (ရှိချင်ရှိနိုင်သည်) ကျွန်တော့်ဒုက္ခကိုကျွန်တော် ကျောင်းတုံးကလို မတ်တပ်ရပ် လက်ပိုက်လျှက် ‘ပြောခွင့်ပေးပါ ဆရာမ’ ဟု ခွင့်တောင်းပြီး ခရေစေ့တွင်းကျပြောပြချင်ပါ၏။ သို့မဟုတ် ဤစာကိုဆရာမ ဖတ်ရစေချင်သလို ဖတ်နေခိုက် ဆရာမ၏ မျက်နှာ ဘယ်လိုထားမည်ကို ပြက်ပြက်ထင်ထင်မြင်ချင်နေမိသည်။ ခုလောလောဆယ်မှာ သွားလေသူ ဆရာကြီး ဗန်းမော်တင်အောင် ညည်းတွားခဲ့ဘူးသလို ‘ကျွန်တော်ကရောဘာများတတ်နိုင်ပါဦးမည်နည်း’ ဟု အရှက်ပြေ ညည်းရုံမှလွဲပြီး ကျွန်တော်လည်း ဘာမျှမတတ်သာပြီ။