ဇော်အောင် (မုံရွာ) - (၅)နှစ်တာ အင်အယ်ဒီနှင့် တပ်မတော်ညွန်ပေါင်းအစိုးရအပေါ် မြန်မာ့စီးပွားရေးတိုးတက်မှုမျှော်လင့်ချက်




ဇော်အောင် (မုံရွာ) - (၅)နှစ်တာ အင်အယ်ဒီနှင့် တပ်မတော်ညွန်ပေါင်းအစိုးရအပေါ် မြန်မာ့စီးပွားရေးတိုးတက်မှုမျှော်လင့်ချက်
(မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၆
၂၀၁၂ ခုနှစ် သမ္မတဦးသိန်းစိန်အစိုးရ တက်ခါစ တစ်နှစ်အကြာ ရလဒ်ကောင်းများကြောင့် မြန်မာနိုင်ငံသို့နိုင်ငံခြားရင်းနှီးမြှတ်နှံမှုများ တဟုန်ထိုးစီးဆင်းလာပြီး နိုင်ငံ တစ်ဦးချင်း ဝင်ငွေများ ၅နှစ်အတွင်း ဗီယက်နမ်ကိုကျော်သွားနိုင်သည်ဟု အကောင်းမြင်ဝါဒဖြင့် စိတ်ကူးယဉ်ခဲ့ပါသည်။ ၂နှစ်အကြာတွင် ကသောင်းကနင်းဖြစ်သွားပြီး ခရိုနီ၊ မူးယစ်ရာဇာများကို မထိန်းချုပ်နိုင်သောကြောင့် တစ်နိုင်ငံလုံး စိတ်ပျက်သွားရသည်။ ဆင်းရဲတွင်း ပိုနက်သွားသလို ဖြစ်သွားပါသည်။ ထိုကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အင်အယ်ဒီပါတီ အပြတ်အသက်နိုင်ကာ ၂၀၁၆ မတ်လတွင် အစိုးရသစ်နှင့် တပ်မတော် ၂၅% တို့ညွန့်ပေါင်းအစိုးရ ဖြစ်လာတော့မည်။

ထို့ကြောင့် အကောင်းမြင်စိတ်ထားဖြင့် မြန်မာနိုင်ငံ (၅)နှစ်အတွင် ကမ္ဘာ့အဆင်းရဲမွဲတေမှုနိုင်ငံဘဝမှ လွတ်မြောက်တော့မည်ဟု မျှော်လင့် ရေးသားလိုက်ပါသည်။

နိုင်ငံချမ်းသာမှုနှင့်မွဲတေမှု (GDP per capital)
အကြမ်းအားဖြင့် နိုင်ငံသားများတစ်ဦးခြင်းကုန်ထုတ်လုပ်စွမ်းအား GDP per capital တန်ဖိုးမြှင့်လာပါက တိုးတက်ချမ်းသာသောနိုင်ငံဟု သတ်မှတ်ပါသည်။ ယခုဆောင်းပါးတွင် တစ်ဦးချင်းကုန်ထုတ်လုပ်အား တိုးတက်လာရန်အတွက် အစိုးရဖြစ်လာတော့မည့် အင်အယ်ဒီပါတီ၏ စီးပွားရေးပေါ်လစီ အကောင်အထည်ဖေါ်မှုကို ပြည်သူလူထုနှင့် ငွေ၊ အာဏာပိုင်များက ပံ့ပိုးပေးရပါမည်။ လက်ရှိအခြေအနေတွင် အထက်ပါဇယားအရ မြန်မာနိုင်ငံသည် ဒေသတွင်းအဆင်းရဲဆုံး အမွဲတေဆုံးနိုင်ငံဖြစ်သည်။ စာရေးသူ မျှော်လင့်သည်မှာ စီးပွားရေးတိုးတက်နှုန်း GDP Growth Rate ကို ၁၅% အထက်ဖြင့် ၅နှစ်ဆက်တိုက် ထိန်းထားပါက နောက်(၅)နှစ်အတွင်း မြန်မာနိုင်ငံစီးပွားရေး (၃)ဆအထိ တိုးတက်လာနိုင်ပါသည်။

အထက်ပါဇယားအရ ထိုင်း၊ တရုပ်နိုင်ငံများသည် (၅)နှစ်အတွင်း စီးပွားရေး ၂ဆကျော် တိုးတက်ခဲ့ဖူးပါသည်။ အစိုးရကောင်းအုပ်ချုပ်စဉ် ရလာဒ်ကောင်းရရှိပါသည်။ အဇာဘိုင်ဂျန် နိုင်ငံတွင် သမ္မတသစ်ရွေးကောက်ခံပြီူး ၅နှစ်အတွင်း စီးပွားရေး ၃ဆ ကျော်အထိ တိုးတက်ခဲ့ပါသည်။ နောက်ပိုင်းတွင် အဇာဘိုင်ဂျန်သမ္မတ IIham Aliyev နှင့်အဖွဲ့က နောက်သက်တမ်းရွေးကောက်ပွဲကို မသမာမှုဖြင့် အနိုင်ယူပြီးနောက်၊ သမ္မတသက်တမ်းကို အကန့်သတ်မရှိ ပြဌာန်းလိုက်သောအခါ တိုင်းပြည်တိုးတက်မှု ရပ်တံ့သွားရရှာသည်။ တရုပ်နိုင်ငံ စီးပွားတိုးတက်ခြင်းသည် စံနမူနာဖြစ်သည်။ ထိုင်းနိုင်ငံလည်း ဝန်ကြီးချုပ်သက်ဆင် တက်လာသောအခါ စီးပွားရေးအလွန်တိုးတက်ခဲ့သော်လည်း နောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားသိပ်မတိုးတက်တော့ပါ။

စီးပွားတိုးတက်သည် ဟူသည်မှာ ဂျီဒီပီ တိုးတက်နှုန်း ၁၅% ခန့်ရရှိရန်လိုပါသည်။ အောက်ပါဇယားသည် စီးပွားတိုးတက်နှုန်းအမြင့်ဆုံး နိုင်ငံများ၏ GDP growth rates များကို ဖော်ပြထားပါသည်။


Reference: https://www.gfmag.com/global-data/economic-data/countries-highest-gdp-growth

မြန်မာပြည် အချက်အလက်များမှာ ၂၀၁၂နောက်ပိုင်းမှ မှန်ကန်သည်ဟု ယူဆရပါမည်။ မြန်မာ၊ လာအို တို့သည် ကမ္ဘာ့စီးပွားအတိုးတက်ဆုံး အဆင့် ၁၅၊ ၁၆ ရရှိထားသော်လည်း မွဲတေသောအဆင့်မှ မလွတ်နိုင်သေးပါချေ။

ဇယားအရ မြန်မာများက မွဲတေငတ်မွတ်သည်ဟု ယူဆရသော အီသီယိုပီးယားနိုင်ငံက လွန်ခဲ့သော ၁၀နှစ်အတွင် စီးပွားအတိုးတက်ဆုံး တတိယအဆင့်ကို ရရှိထားသည်မှာ အံ့ဘွယ်ဖြစ်သည်။ အာဖရိက အင်ဂိုလာ နိုင်ငံက ၂၀%၊ ၂၂%၊ ၁၃% စသဖြင့် စံချိန်တင်ရရှိခဲ့သော်လည်း အမှန်မဖြစ်နိုင်ပါ။ အင်ဂိုလာနိုင်ငံသည် သယံဇာတပေါများပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်နေရှာပါသည်။

NLD က နိုင်ငံရှေ့ဆက်မယ့် စီးပွားရေးမူဝါဒလမ်းစဉ်အချက် ၅ ချက်ထုတ်ပြန်ထားပါတယ်။
(၁) အရှုံးပေါ်နေသော နိုင်ငံပိုင် စီးပွားရေးများ ရပ်ဆိုင်းပါမည်။ အခွန်ရှောင်မှုများကို နှိမ်နင်းပြီး အခွန်အခများ အပြည့်အဝရအောင် ဆောင်ရွက်သွားပါမယ်။ ဝန်ကြီးဌာနများရဲ့ မလိုအပ်တဲ့အသုံးစရိတ်များကို လျှော့ချသွားပြီး၊ ပြည်သူ့ အတွက်လိုအပ်တဲ့ လူမှုကိစ္စများအတွက် အသုံးချသွားပါမည်။

(၂) လာဘ်စားမှုများ တိုက်ဖျက်ပြီး တရားဥပဒေစိုးမိုးမှုရှိရေး၊ ဝန်ကြီးဌာနများ တာဝန်ယူတတ်မှုရှိရေးတို့ကို လုပ်ဆောင်ပါမည်။ စုစည်းလုပ်ကိုင်မှုအားနည်းနေသော အစိုးရဌာန ယန္တယားများ၊ ဖောင်းပွနေသော အစိုးရဌာန များကို ကျစ်လစ်မှုရှိအောင် ပြင်ဆင်ဖွဲ့စည်းသွားပါမည်။

(၃) စိုက်ပျိုးရေးကဏ္ဏ ဖွံ့ဖြိုးအောင် နိုင်ငံတကာ ရင်းနှီးမြုပ်နံမည့် ကုမ္ပဏီများကို ဖိတ်ခေါ်ပြီး၊ လယ်သမားများကို ချေးငွေများ၊ လယ်လုပ်ပိုင်ခွင့်များ ဖေါ်ဆောင်ပေးသွားပါမည်။

(၄) တိုင်းပြည်ဘဏ္ဍာရေး ငွေးကြေးခိုင်မာရေးများအတွက် ဗဟိုဘဏ်ကို ပြန်လည်ဖွဲ့စည်း၍ လုပ်ပိုင်ခွင့်အပြည့်အဝပေးပြီး ငွေကြေးကဏ္ဍကို ထိန်းညှိသွားပါမည်။

(၅) အခြေခံအဆောက်အအုံများကို နိုင်ငံခြားချေးငွေများ အကူအညီများနဲ့ ဖြည့်တင်း တည်ဆောက်ပေးသွားပါမည်။

မြန်မာနိုင်ငံအတွက် စီးပွားရေးအိပ်မက်များ

နိုင်ငံတိုင်း စီးပွားရေးတောင့်တင်းအောင် လုပ်နေသောခေတ်ကြီးဖြစ်သောကြောင့် စာရေးသူ၏ မြန်မာ့စီးပွားရေးအိပ်မက် များကို တင်ပြလိုပါသည်။ စာရေးသူသည် စီးပွားရေးပညာရှင်မဟုတ်သောကြောင့် သာမန်လူတစ်ဦးအမြင်ဖြင့်သာ အိပ်မက်ကို ရေးပါမည်။ စီးပွားရေးတိုးတက်နှုန်း ပေတံများဖြစ်ပါသည်။ မည်ကဲ့သို့ နိုင်ငံ၏ တစ်ဦးချင်းကုန်ထုတ်လုပ်အားကို တိုးတက်အောင်လုပ်ရမည်နည်း ..ကိုအောက်ပါအချက်များဖြင့် တိုင်းတာပါမည်။

အိပ်မက် (၁)
နိုင်ငံသားတိုင်း အလုပ်အကိုင်ရရှိရေးသည် အရေးကြီးဆုံးဖြစ်သည်။

 မြန်မာနိုင်ငံတွင် အလုပ်ပေးနိုင်သော ကုန်ထုတ်လုပ်ငန်း စက်ရုံ အလုပ်ရုံများစွာ ရင်းနှီးမြှတ်နှံဝင်ရောက်လာဖို့လိုသည်။ တနည်းအားဖြင့် FDI Foreign Direct Investment မြင့်မားလာရမည်။ ရင်နှီးမြှတ်နှံသူများက သူတို့ရင်းနှီးငွေကို စိတ်ချယုံကြည်စွာလာရောက်ရင်းနှီးမြှတ်နှံဖို့ ..နိုင်ငံရေးတည်ငြိမ်ရပါမည်။

အထူးသဖြင့် ထိုင်းနိုင်ငံမှ ရင်းနှီးမြှတ်နှံမှုများ မြန်မာပြည်တွင် တဟုန်ထိုးဝင်ရောက်လာမည်ဖြစ်သည်။ ထိုင်းကုန်ထုတ်လုပ်ငန်းများ မြန်မာပြည်တွင်း ရွှေ့ပြောင်းလာပါက ထိုင်းနိုင်ငံရောက် မြန်မာ ၅သန်းခန့် ပြည်တော်ပြန်လာကြမည်။ မလေးရှား၊ စင်ကာပူ အလုပ်သွားလုပ်သူများလည်း မလေးရှား၊ စင်ကာပူ ကုမ္ပဏီများနှင့်အတူ မြန်မာပြည် ပြန်လာကြမည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်။
.
တိုးတက်ချမ်းသာနိုင်ငံဆိုပါက ရင်းနှီးမြှတ်နှံသူတွေ စိတ်ချစွာလာရောက်လို့ အက်ဖ်ဒီအိုင် FDI မြင့်မားပါသည်။ အများဆုံးရရှိနိုင်ငံမှာ နံပါတ်-၁။ အမေရိကန် ၂၀၉၃ ဘီလျံ (ကန်ဒေါ်လာ)၊ နံပါတ်-၂။ အင်္ဂလန် ၁၃၄၇ ဘီလျံ နံပါတ်-၃။ ဟောင်ကောင် ၁၁၈၄ ဘီလျံ၊ နံပါတ်-၈။ စင်ကာပူ ၂၄၉ ဘီလျံ နှင့် နံပါတ်-၉၈ မြန်မာ ၅ဘီလျံ ဖြစ်ပါသည်။ နိုင်ငံတကာက လေးစားစိတ်ချရအောင် အင်အယ်ဒီ နှင့် တပ်မတော် ညွန့်ပေါင်းအစိုးရကို ဝိုင်းဝန်းအားပေးဖို့ လိုပါသည်။
https://en.wikipedia.org/wiki/List_of_countries_by_received_FDI

အိပ်မက်-၁ အကောင်ထည်ဖေါ်နိုင်ရန် မိသားစုများ ကလေး၁ယောက်၊ ၂ယောက်ထက် ပိုမမွေးရန် အထူးသဖြင့် ဆင်းရဲသောပြည်သူလူထုအတွက် အခမဲ့ သာကြောဖြတ်၊ ထောက်ပံ့ပေးခြင်းများကို ငြင်သာစွာလုပ်ရပါမည်။ ဝင်ငွေများသော ပညာတတ်များမှာ ကလေးများများ မယူကြသဖြင့် သူတို့ကိုပညာပေးစရာမလိုပါ။

အိပ်မက်(၂)
အဂတိလိုက်စားမှု တိုက်ဖျက်ရေး။

 မလွယ်ကူလှသော်လည်း ထိပ်ပိုင်းခေါင်းဆောင်များ ကင်းရှင်းပါက အောက်ခြေအဆင့်လည်း အလိုအလျောက် ကင်းရှင်းလာပါမည်။ အင်အယ်ဒီအစိုးရခေါင်းဆောင်များက အဂတိမရှိပါက တပ်မတော်ဝန်ကြီးဌာနများလဲ လျော့နည်းသွားမည်ဖြစ်သည်။

နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့၏ ၂၀၁၅ ခုနှစ် အကျင့်ပျက်ခြစားမှုဇယား တွင် ယခင်နှစ်များထက် နိုင်ငံ ၁၀ ခုခန့် လျှော့ချခံရသောကြောင့် အာဆီယံနိုင်ငံများအနက် ကမ္ဘောဒီးယားနိုင်ငံအထက်တွင် ရပ်တည်နိုင်ခဲ့ သည်ဟု Transparency International က ၂၀၁၆ ဇန်န၀ါရီ ၂၇ ရက်တွင် ထုတ်ပြန်လိုက်သည်။ ၂၀၁၁ ခုနှစ်အတွက် အကျင့်ပျက်ခြစားမှု အခြေပြဇယားတွင် နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို လေ့လာထုတ်ပြန်ခဲ့ပြီး ထိုအချိန်က မြန်မာနိုင်ငံသည် အမှတ်ပေါင်း ၈ မှတ်ဖြင့် နောက်ဆုံးဘိတ်အဆင့် ၁၇၂ ခြစားမှုအမြင့်ဆုံးနိုင်ငံအဖြစ်မှ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသည် ရမှတ် ၂၂ မှတ်ဖြင့် အဆင့် ၁၄၇ ဖြင့် တိုးတက်လာခြင်းဖြစ်သည်။

အင်အယ်ဒီအစိုးရမှာ အဂတိကင်းပါက၊ တပ်မတော်ဝန်ကြီးဌာနများ အဂတိနည်းသွားရန်အတွက် နယ်စပ်ဝန်ကြီးဌာနနှင့် နယ်စပ်တပ်မတော်အရာရှိများက ဦးစွာ အဂတိကင်းရပါမည်။ သို့မှသာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးအောင်မြင်နိုင်ပါမည်။

အဂတိကင်းရှင်းရန်အတွက် Transparency International ဇယားတွင် အမှတ်၅၀ ရရှိပါက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စင်ကာပူပြီးလျှင် အဂတိအနည်းဆုံးနိုင်ငံအဖြစ် (၅)နှစ်အတွင်း ရောက်ရှိနိုင်သည်။ အလွန်ခက်ခဲ မလွယ်ကူလှသော အိပ်မက်ဖြစ်သည်။ အစိုးရဝန်ထမ်းများ တပ်မတော်စစ်သည်များကို အင်အယ်ဒီနှင့် တပ်မတော် ညွန့်ပေါင်းအစိုးရက မည်ကဲ့သို့ ပံ့ပိုးရမည်နည်း။

အိပ်မက်-၂ ကိုအကောင်ထည်ဖေါ်နိုင်မှသာ မြန်မာနိုင်ငံတွင် နာမည်ကျော်နေသော ၁။အခွန်ရှောင်မှုများ နှင့် ၂။ ဇီးသီးဗန်းမှောက်မှု (ဘတ်ဂျတ်ခြစားမှု) တို့ကို တိုက်ဖျက်နိုင်ပါမည်။ အင်အယ်ဒီနှင့်တပ်မတော် ညွန့်ပေါင်းအစိုးရ၏ လုပ်ဆောင်မှုများကို စောင့်ကြည့်ရပါမည်။


အိပ်မက်(၃)

ပြည်နယ်နှင့် ဗဟိုအစိုးရ အခွန်ခွဲဝေရေးနှင့် သယံဇာတဝင်ငွေ ခွဲဝေရေးတို့သည် အရေးကြီးပါသည်။

 နိုင်ငံရေးသဘောတူညီချက်ကို ရှေ့တန်းတင်နေသော်လည်း အကျိုးစီးပွားခွဲဝေမှုသည် နောက်ကွယ်မှ အရိပ်မဲကြီး ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းမှုရရှိရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ရင်ကြားစေ့စပ်ပြီး၊ ဖက်ဒရယ်စနစ်ကို အောင်မြင်စွာ အကောင်ထည်ဖေါ်ရန်ဖြစ်သည်။ ဦးစွာပထမ အင်အယ်ဒီနှင့်တပ်မတော်တို့ ရင်ကြားစေ့စပ်ရန်ဖြစ်သည်။ ပြီးမှ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများတွင် ရင်ကြားစေ့စပ်ဖို့ ဖြစ်လာပါမည်။

ငြိမ်းချမ်းရေးအဖွဲ့ဝင်မျာသည် နမူနာယူနေရသော အင်ဒိုနီးရှားနိုင်ငံ အာချာပြည်နယ်သို့ သွားရောက်လေ့လာခြင်းမှ မြန်မာငြိမ်းချမ်းရေးအတွက် များစွာအကျိုးများပါမည်။ တရုပ်နိုင်ငံနှင့်လည်း ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန်မှာ မြန်မာပြည်မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအတွက် အရေးပါလှပါသည်။

နိဂုံး
အခြားအိပ်မက်များစွာ ရှိပါသေးသည်။ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဟိုတယ်ခရီးသွား စသည့် ဝန်ကြီးဌာနပေါင်းများစွာနှင့် စက်မှုလက်မှုလုပ်ငန်းများ အရည်သွေးမြှင့်တင်ရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အခန်းကဏ္ဍများသည်လည်း လိုက်လျောညီစွာ တိုးတက်မြင့်မားလာရပါမည်။

နိုင်ငံခေါင်းဆောင်ဖြစ်လာမည့် ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။ မေတ္တာဖြင့် ရင်ကြားစေ့စပ်ပြီး၊ နောက်ကြောင်းပြန်အရေးမယူပဲ ရှေ့ဆက် အားလုံးအတူလျှောက်လှမ်းကြမည်ဟု ဆိုပါသည်။

ရင်ကြားစေ့စပ်ရေး ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၃ စင်ကာပူနိုင်ငံခရီးစဉ်မှ မေတ္တာစကားကို ပြန်လည်ဖေါ်ပြလိုက်ပါသည်။  
“ ကျမမှာ ..ယုံကြည်ချက်တစ်ခုရှိတယ်။ ကိုယ်က အားကြီးလာတဲ့အခါ တပါးသူကို ထုထောင်းချင်တဲ့စိတ် ဘယ်တော့မှ မထားရဘူး။  အန်တီက အမျိုးသားဒီမိုကရေစီ စဖွဲ့ကတည်းက တပ်နဲ့ ရင်ကြားစေ့ရေး အင်မတန်လိုအပ်ပါတယ်။ ဘာလို့ ရှုံ့ချစေချင်ရသလဲ။ ရှုံ့ချဖို့ ရှင်းရှင်းလင်းလင်း ပြောရင် ရှုံ့ချမယ်။ ရှုံ့ချခြင်းအားဖြင့် ရင်ကြားစေ့စေမဲ့အစား ကွဲပြားဖြစ်စေပါတယ်။

ကိစ္စတစ်ခုအတွက် ခင်ဗျားဆိုရင် ခွင့်လွှတ်နိုင်ပါ့မလား..မေးခွန်း၊ သူ့ရဲ့အဖြေလေးကို သဘောကျလွန်းလို့ ဘာကြောင့်မေးတယ် ဇတ်လမ်း တော့သတိမရတော့ဘူး၊အဖြေကတော့ ကျမ မှတ်မိတယ်။ အဖြေက ဘယ်လိုလဲ ဆိုတော့ ကျနော်က ဘယ်လောက်များကောင်းလို့ ..ဘယ်လောက်များမြင့်မြတ်လို့ ဟိုလူ သည်လူကို ခွင့်မလွှတ်ဘူးလို့ ပြောနိုင်တဲ့လူ ဖြစ်လို့လဲ..တဲ့။ နောက်တဖက်က ကြည့်ရင်လဲ - ကျွန်တော်က ဘယ်လောက်များ သြဇာရှိလို့၊ ဘယ်လောက်များ ကြီးမြတ်လို့ ဟိုလူ့ကို ခွင့်လွှတ်တယ်၊ ဒီလူ့ကို ခွင့်လွှတ်တယ် လို့ပြောပိုင်ခွင့်ရှိသလဲ......ရိုးရိုးလေးပဲ..လူတိုင်း လူတိုင်းဟာ ခွင့်လွှတ်တယ်လဲ ပြောရလောက်အောင်၊ ခွင့်မလွှတ်ဘူးလို့လဲ ပြောရလောက်အောင် မမြင့်ကြပါဘူး။
ကျတို့ဟာ အားလုံး အတူတူတွေပါပဲ... (လက်ခုတ်သံများစွာ)
ဒါကြောင့် ကျမတို့ဟာ ခွင့်လွှတ်တယ်၊ ခွင့်မလွှတ်ဘူး.. ဒီလိုစကားလုံးတွေ မစဉ်းစားချင်ဘူးလေ...။ ဒီအချန်မှာ။ အချင်းချင်း ဘယ်လောက်အဆင်ပြေအောင် လုပ်နိုင်မလဲ ..ဆိုတာပဲ ကျမ..စဉ်းစားချင်တယ်။

ကျမ မကြိုက်တာတွေ ရှိတာပေါ့။ ကျမ ရဟန်းန္တာမှ မဟုတ်တာ၊ ကျမ မကြိုက်တာတွေ ရှိတယ်။ ကျမ မလိုလားတာတွေ ရှိတယ်။ ကျမ သဘောထားနဲ့ မတိုက်ဆိုင်သူတွေလဲ ရှိတယ်။ ကျမ သိပ်ကြည့်မရတဲ့လူတွေလဲ ရှိတာပဲ (ရယ်သံနှင့် လက်ခုပ်သံများစွာ ပေါ်လာသည် ..အန်တီစုလဲ ခပ်ရှက်ရှက် ရယ်ပြုံးလေးဖြင့် ပြောပါသည်)။
...  ဒါပေမဲ့ ... အဲဒါကြောင့်တော့ ကျမတို့ရဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်အောင် ကျမ မလုပ်ချင်ဘူး။ ...ဒီတော့ ဟိုလူ့ကို အဆိုးပြောဖို့၊ သည်လူ့ကို အဆိုးပြောဖို့ တစ်ယောက်နဲ့ တစ်ယောက် မတိုက်တွန်းကြပါနဲ့...။ ကျမတို့ကြားမှာ ဖြစ်နေတဲ့ အမုန်းပွားမှုတွေ၊ မကျေနပ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမြင်စောင်းမှုတွေ ဘယ်လိုပြေလည်အောင် လုပ်ပေးသွားမလဲ - ဆိုတာပဲ ကျမ ဒီမှာ တိုက်တွန်းချင်ပါတယ်။ (လက်ခုပ်သြဘာသံများ)။ ”

ပြောတဲ့အတိုင်းလုပ်၊ လုပ်တဲ့အတိုင်းပြော၊ ပြောတာလုပ်တာ မှတ်တမ်းရှိ ISO 9000 ဆိုစကားအတိုင်း အားလုံးညီညွတ်စွာ ရင်ကြားစေ့စပ်လုပ်ဆောင်ရင်း မြန်မာ့စီးပွားရေး အလွန်တိုးတက်လာပါမည်။ လွတ်လပ်မှု၊ တရားမျှတမှုများဖြင့် မြန်မာနိုင်ငံ လျှင်မြန်စွာဖြင့် တဖန်ပြန်လည် သာယာဝပြောလာမည်ဖြစ်ပါသည်။

ဇော်အောင် (မုံရွာ)