ဂျော်ဒီး - မိုးမခရွာနှင့် ဘူဒိုဇာ


ဂျော်ဒီး - မိုးမခရွာနှင့် ဘူဒိုဇာ
(မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၆
 
 
မိုးမခရွာတွင်..အချိန်ခါမဲ့ မိုးတွေရွာနေသည်..။ ဂျီးဒေါ်တသက်..ခုလို ရာသီဥတုပျက်တာမျိုး မကြုံခဲ့ဖူးပေ...။ မိုးနဲ့ဆောင်း ရောအေးနေသည်မို့.. ဂျီးဒေါ်တယောက်လည်း..ထင်းမီးဖိုကလေးဘေးတွင် စောင်စုတ်ကလေးကိုခြုံပြီး မီးလှုံနေရရှာသည်။မိုးမခရွာသားကလေးငယ်များလည်း ဒီနေ့တော့ ရာသီဥတုဆိုးလွန်းသဖြင့် ကျောင်းမတက်နိုင်ကြ။ မိုးမခရွာထိပ်မှ မိုးမခပင် ကြီးဆီလည်း မိုးရေ စိုစွတ်မို့ မသွားနိုင်..။ ဒီတော့ ဂျီးဒေါ်တဲကလေးထဲမှာ စုပြုံ မီးလှုံနေကြလေသည်..။

“ခုလို ရာသီဥတုတွေ ဖောက်ပြန်တာ..အန်တီညိုကြောင့်တဲ့ကွ”

“ဟယ်…ရွာထိပ်က မုန့်ပျားသလက်ရောင်းတဲ့ အန်တီညိုကြီးကြောင့် …ဟုတ်လား..။ သူတော်တော်စွမ်းတာပဲနော်..”

“ဟိုဘက်..မဟုတ်တရုတ်ရွာက..ရေခဲတုံးတွေ အရေပျော်ကျလို့.. ခုလို ရာသီဥတုဖောက်ပြန်တာတဲ့ကွ..”

မိုးမခရွာသားကလေးများ တယောက်တပေါက် ပြောနေကြစဉ်..ရွာလည်လမ်းပေါ်မှ ရုတ်ရုတ်သဲသဲ အသံများကြားသဖြင့်…သူတို့အားလုံးတဲတံခါးကို အသာလှပ်ကြည့်လိုက်ရာ..အထုပ်ကြီးအထုပ်ငယ်ကို မနိင်မနင်းသယ်ပိုးလာကြသော..မိသားစု များ..။ ကလေးတွေဘုစုခရု..။ ခွေးတွေကြက်တွေ.. ၀က်တွေ တို့လို့တွဲလောင်း..။ မိုးရေတွေက ရွှဲရွှဲစိုလို့..။ ကလေးတွေရော..သူတို့ကိုချီပိုးထားသော အမျိုးသမီးတွေပါ…ကမ္ဘာပျက်သလို အော်ဟစ်ငိုယိုလို့..။ သူတို့နောက်မှာ…လက်တံကြီးတကား ကားနဲ့ ကြောက်စရာ ဂေါ်ထိုးကားကြီးများ..။

“ဟာ…သတင်းတွေထဲက ဖားကန့်မြေစာပုံတွေကိုထိုးချတဲ့ ကားမျိုးကြီးတွေကွ။ ကျူးကျော်တဲဆိုပြီး တဲကလေးတွေကို မိုး ရေထဲမှာ လိုက်ဖျက်နေတာကွာ...” ကလေးများအားလုံး ဂျီးဒေါ်တဲပြူတင်းပေါက်ကလေးမှတိုးဝှေ့ကြည့်ရင်း စိတ်မကောင်း ကြ..။

“သူတို့အတွက်တော့ တကယ့်ကို ကမ္ဘာပျက်တာပါပဲကွာ..။ လူပီပီသသတောင် မနေနိုင်ကြတဲ့သူတွေကိုမှ ထပ်ပြီး နေစ ရာမဲ့အောင် လုပ်ရက်ကြတယ်”

ပြေးလွှားနေသူတသိုက်ထံသို့ မိုးမခရွာမီဒီယာသမားများကလည်း…ထပ်ကြပ်မကွာလိုက်လာပြီး.. မိုးထဲရေထဲမှာပင်..သ တင်းယူကြလေသည်။ ခနအကြာတွင် သူတို့တဲတွင်းသို့ အာပလာသတင်းဌာနမှ သတင်းထိပ်သီးဂုရုကြီး သာဂိတယောက် မိုးခိုရင်း ခန၀င်နားလေသည်။

ဂျီးဒေါ်က ရေနွေးအိုးကြမ်းပူပူကလေး ထုတ်တိုက်ရင်း “မင်းတို့မီဒီယာသမားတွေ တာဝန်ကျေကြပါတယ်ကွယ်။ မိုးထဲရေ ထဲမှာ…အဖိနှိပ်ခံပြည်သူတွေအတွက် သတင်းလိုက်ယူပေးကြတယ်”

အာပလာသတင်းဌာနမှ ထိပ်သီးဂုရုကြီး သာဂိက သူ့ကို ဂျီးဒေါ်နှင့်မိုးမခရွာသားကလေးများက..အထင်တကြီး တလေးတ စားရှိနေကြဟန်ကို မလုံမလဲ ရှိုးတိုးရှန့်တန့်ဖြစ်ကာ…မဆိုးချင်ဆိုးချင်...ချောင်းတချက်ဟန့်ရင်း

“အဟမ်း.အဟွတ်...ဒါလည်း ဒါပေါ့ဗျာ..။ နောက်တခုက ကျုပ်တို့သတင်းသမားတွေ အညောင်းမိနေတာကြာပြီဗျ။ ခုတ လော အခုလို လှုပ်လှုပ်ရှားရှား သတင်းမယူရတာ ကြာပြီဗျ။ တချိန်လုံး ဖေ့စ်ဘုတ်စာမျက်နှာကြီးကိုချည့် ကြည့်နေရတာ..မျက်မှန်တွေတောင် ဒီဂရီတိုးကုန်ပြီ..”

“ဟေ..ဘာဖြစ်လို့တုန်း” ဂျီးဒေါ်က အံ့သြတကြီး မေးလေရာ
“ဟာ..ဂျီးဒေါ်..ဂျီးဒေါ်..ခင်ဗျားလည်း အသက်တထောင်အဖွားကြီးပီပီ…တယ်ခေတ်နောက်ကျပါလားဗျ။ ဒီခေတ်မှာ…မိုးမခ တရွာလုံး သတင်းစီးဆင်းမှုက ဖေ့စ်ဘုတ်စာမျက်နှာပဲ။ မိုးမခရွာ ကာကွယ်ရေးဦးစီးချုပ်ကအစ..သမဒ..လွှတ်တော်ဥက္ကဌ..အတိုက်အခံပါတီ၊ ပြန်ကြားရေးဝန်ကြီးဌာနအဆုံး အကုန်..ကိုယ်ပိုင်ဖေ့စ်ဘုတ်စာမျက်နှာတွေကပဲ သတင်းထုတ်ပြန်တော့ တယ်။ နောက်တက်လာမဲ့ ရွာထောင်စုအစိုးရအဖွဲ့ခေါင်းဆောင်..ဒီမိုမယ်တော်ကြီးမယ်မယ်ဒီကလည်း ပြောထားတယ်လေ.. နောက်ဆို ရွာဂံပိုင်သတင်းစာဆိုတာ မရှိသင့်တော့ဘူးတဲ့..။ သူ့အစိုးရတက်လာရင်..ခင်ဗျားဖတ်နေကြ…မြန်မာ့အမှောင်တို့ ကြေးမှုန်တုန်တုန်တို့ သတင်းစာအနေနဲ့ ရှိမှာမဟုတ်တော့ဘူး..။ ဒီတော့ ခင်ဗျားလည်း အချိန်နဲ့တပြေးညီ သတင်းတွေသိ ချင်ရင် ဖေ့စဘုတ်အကောင့်တခု..အမြန်ဖွင့်ထားတော့ဗျ”

“ဖွင့်ချင်ပါဘူးဟယ်..ရှုတ်ရှုတ်ယှက်ယှက်..။ နင်တို့ထုတ်တဲ့ဂျာနယ်တွေ ၀ယ်ဖတ်မှာပေါ့ဟဲ့”

“ကျုပ်တို့ ဂျာနယ်တွေတောင် လှုပ်တုတ်တုတ်ရယ်..။ သတင်းသမားတွေခမျာ.. ကိုယ့်တရွာတည်းက ဒီမိုမယ်တော်ကြီးရဲ့အ သံကိုကြားချင်ရင်တောင်..ဟိုး.. ရေခြားမြေခြား အမေလိကန်ကလွှင့်တဲ့... “ဒီမိုးရေစီးကြမ်းနဲ့ လမ်းဆုံက မယ်မယ်ဒီ…” ဆို တဲ့အပတ်စဉ်ကဏ္ဍကို လေလှိုင်းထဲက စောင့်နားထောင် သတင်းယူနေရတဲ့ ခေတ်ဗျ..”

“ဟယ်…မယ်မယ်ဒီ့ပါတီက…ပြောရေးဆိုခွင့်ရှိသူတွေ ခန့်ထားတယ်မဟုတ်လား..။ သူတို့ကို မေးလို့စမ်းလို့မရဘူးလား”

“မေးပါသော်ကောဗျာ..။ ကျုပ်တို့မီဒီယာတွေကို ရှာကြံမေးလွန်းလို့ဆိုပြီး သူကတောင် ဘုတောရန်ထောင် ၀ါးလုံးရှည်နဲ့ ကြုံး ရမ်းလိုက်သေးတယ်ဗျ။ နောက်..သူတို့ပြောရေးဆိုခွင့်ရှိသူချင်းတောင် ပြောရေးဆိုခွင့်တယောက်တမျိုးစီရှိနေလို့ ပြ ဿနာတက်သွားတာ ခင်ဗျားမကြားလိုက်ဖူးလား”

“နင်တို့မီဒီယာတွေကလည်း မီဒီယာတွေပါပဲဟယ်။ မယ်မယ်ဒီ့ပါတီဆီကပဲ ပြောချိန်မတန်လို့ မပြောသေးပါဘူးဆိုတဲ့ သ တင်းပဲ လိုက်မေးနေတာကိုး..။ ဘုတောမှာပေါ့ဟဲ့..။ တကယ်ဆို… ဆင်းခါနီး ခွက်ကပ်မကျန်အောင် အရေခွံဆုပ်နေတဲ့ ရွာဂံ တော်သမတလူကြမ်း အဖွဲ့ရဲ့သတင်းတွေကို အတင်းနှိုက်ရမှာလေ။ အခုလို နေစရာမရှိလို့ ကျူးကျော်ဘ၀ရောက်နေရှာတဲ့ ဆင်းရဲသားပြည်သူတွေရဲ့အိုးအိမ်စည်းစိမ်လေးတွေကို အကာအကွယ်မပေးပဲ ဖျက်ဆီး..။ တလတခါ ရေဒီယိုကနေ မိဘ ပြည်သူများခင်ဗျားလို့ တစာစာအသံကောင်းဟစ်နေသူတွေရဲ့လုပ်ရပ်တွေကို ဖော်ထုတ်ရမှာလေ..”

“ဟုတ်ပါတယ်..။ ဒါပေမယ့် ကျုပ်တို့လိုလားလို့ မဲပေးရွေးကောက်ခဲ့တဲ့ ရွာထောင်စုအစိုးရသစ် ကျိန်းသေဖြစ်လာတော့မယ့် သူတွေကိုလည်း သွေးပူလေ့ကျင့်ခန်းလေး ပေးရမှာပေါ့ဗျာ။ ဒါကို  ရွာဂံတော့အကျိုး အတွက်လိုအပ်လို့ လုပ်ပေးတယ်မမှတ်ပဲ.. စပ်စုတယ်..ထင်ရင်..မစပ်စုဖို့တားရင် ဟိုစာဖတ်နေသူကြီးနဲ့အတူတူဖြစ်သွားမှာပေါ့..ဗျ။”

“အေးနော်..စာဖတ်သူကြီးဆို…ပြောရေးဆိုခွင့်ရှိသူ ဧကန်စစ်စစ်ဖြစ်ပါရက်နဲ့ နင်တို့မီဒီယာတွေကို တခါမှလေသံဟမသွား ဘူး။ စကားမှ ပြောတတ်ပါလေစနော်။အင်း..ပြောသာပြောရတယ်..။ အခု မယ်မယ်ဒီ့ပါတီက ပြောရေးဆိုခွင့်ရှိသူကြီး တ ယောက်က စာဖတ်သူကြီးနဲ့တကျောင်းတည်းထွက်တွေနော်။ သူတို့က မီဒီယာတွေကို ဆက်ဆံရာမှာတော့…တဆရာထဲ.တ ကျောင်းထဲဆင်းမို့ .ထင်ပါရဲ့..”

“အခုတော့..ဆရာမတူတော့ပါဘူးဗျ..။ သူတို့ကို..မယ်မယ်ဒီကိုယ်တိုင် သင်ခန်းစာအသစ်တွေ ကောင်းကောင်းသင်ပေး လိုက်လို့..ဆက်ဆံရေးကောင်းသွားပါပြီဗျ..။သတင်းလိုချင်တဲ့ ကျုပ်တို့မီဒီယာတွေကိုတောင်.စေတနာနဲ့နတ်လမ်းညွှန်လိုက် သေးတယ်..။ ကာချုပ်နဲ့ မယ်မယ်ဒီတွေ့ဆုံဆွေးနွေးတဲ့သတင်းလိုချင်ရင်..ကာချုပ်ဖေ့စ်ဘုတ်ကို စီး.အဲလေသွားတဲ့.။ မယ် မယ်ဒီ့သတင်းလိုချင်ရင်…မယ်မယ့်ဒီ့ဖေ့စဘုတ်ကိုသွားတဲ့..။ ဆိုင်ရာ..ဆိုင်ရာ..ဖေ့စ်ဘုတ်ပိတ်ခ်ျစာမျက်နှာတွေ တသီကြီး အလွတ် ရွတ်ပြလိုက်သေးတယ်။

သူ့ကို အဲလောက်ပြောရေးဆိုခွင့်ရှိနေသူ…အဲ..အဲ…မပြောရေးမဆိုခွင့်ရှိသူမှန်း ကျုပ်တို့ အစကမသိခဲ့လို့….အထင်လွဲခဲ့မိတာ ဗျာ..”

“ဘာပဲဖြစ်ဖြစ်ကွယ်..မယ်မယ်ဒီရဲ့ အစိုးရသစ်လက်ထက်မှာတော့…ခုလို..ကျူးကျော်တဲတွေ မိုးထဲလေထဲ ဖျက်သလို..လူ သားချင်းမစာနာတဲ့ လုပ်ရပ်မျိုးတွေ မလုပ်ဖူးလို့ တို့တော့မျှော်လင့်တာပါပဲ..။

လက်ရှိအစိုးရကတော့…သူတို့လုပ်လို့ရသမျှအချိန်အတွင်းမှာ သူတို့အကျိုးပဲကြည့်ပြီး ရွာလူထုအတွက် မကောင်းတာတွေကျ တော့ အကုန်လုပ်သွားတယ်..။ ဟောအကျဉ်းထောင်တွေထဲမှာ မတရားဖမ်းချုပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ..ကျောင်း သားကျောင်းသူလေးတွေ လွှတ်ပေးဖို့ လုပ်ရပ်မျိုးကြ…ပေကပ်ကပ်နွားသိုးကြီးလို တုတ်တုတ်မှမလှုပ်ဘူး။ သူတို့လှုပ်အောင်..အခုပြည်သူတွေကို နှိပ်စက်နေတဲ့ ဘူဒိုဇာကြီးတွေပဲ သုံးပြီး..တွန်းရွှေ့ပစ်လိုက်ချင်တယ်”

“ဟုတ်ပဗျာ…ဒီဘူဒိုဇာကြီးတွေ..သုံးရဦးမယ်ဗျ..။…မယ်မယ်ဒီတို့အစိုးရလက်ထက်မှာလည်း…အရေးကြီးတဲ့ ကျူးကျော်တွေ ဖယ်ရဦးမယ်ဗျို့ ..။ အဲဒါကတော့…ရွာထောင်စုလွှတ်တော်အသီးသီးထဲမှာ မတရားဝင်ပြီးကျူးကျော်နေတဲ့ တမတ်သားစိမ်း စိမ်းကောင်ကြီးတွေကို ကော်ထုတ်ဖို့ရယ်..။ ရွာလူထုဂုတ်ပေါ်ခွစီးထားတဲ့ မတရားဖိနှိပ်သူ အာဏာရှင်တစုကို ကော်ထုတ် ဖို့ ရယ်..သုံးရဦးမယ်..။ အင်း…ဘူဒိုဇာကို ကောင်းကောင်း…မောင်းတတ်ဖို့နဲ့ တကယ်ကော်ထုတ်ချင်စိတ်ရှိဖို့တော့ လိုသဗျ”

“အေးပါကွယ်…။ အရေးကြီးတာက ဘူဒိုဇာကြီးတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့သုံးမလဲ..ဆိုတာပါပဲ..။ နောက်အစိုးရလက် ထက်မှာ..ဘူဒိုဇာကြီးတွေ..တို့ရွာသူရွာသားတွေအကျိုးမဖျက်ပဲ..ကောင်းကျိုးဆောင်ရွက်နိုင်ပါစေကွယ်..။ သာဓု..သာဓု..”

“ဟိုး..ဟိုး…ဂျီးဒေါ်..နောက်..တသာဓုကို ခေါ်ဖို့ ခနလေး စောင့်ကြည့်နော်..”
++++ ++++