အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) - သမိုင်းထဲမှာ ချန်ထားခဲ့လို့မရသူ



အရှင်ဇဝန (နိုင်ငံရေး အကျဉ်းသားဟောင်း) - သမိုင်းထဲမှာ ချန်ထားခဲ့လို့မရသူ 
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆

River of No return ဒီသီချင်းစာသား လေးကို သီဆိုသံ ကြားခဲ့ဖူးသည်။ ကြားခဲ့သည့်နေရာက နရသိန်နေ့ရက်များထဲက ကေတုမတီ မှာဖြစ်သည်။ သီဆိုသူမှာ အဘဦးတင်အေးလေးဖြစ်သည်။ အဘဦးတင်အေးလေးဟု ပြောရခြင်းက ဦးတင်အေး နှစ်ယောက်ရှိ၍ ပြောရခြင်းဖြစ်သည်။ ဦးတင်အေးနှစ်ယောက် အမှုတွဲ။ အဖေနာမည်ကအစ ခပ်ဆင်ဆင် ။အင်းစိန်ထောင်ထဲ တုန်းက ထောင်ဝင်စာ လူမှားခေါ်တာ ကြုံဖူးသည်ဟုဆိုသည်။ ဦးတင်အေးတယောက်ကို မြို့မဦးတင်အေးဟု လူသိများ ကြသည်။ သူ့ကိုတော့ ဦးတင်အေးလေး ဟုသိကြမည်ထင်သည်။ သူတို့က ကျောင်းသားလှုပ်ရှားမှူသမိုင်းထဲ သူပါဝင်ခဲ့သော အခန်းကဏ္ဌ ကိုပြောပြမိလို့ ထောင်အကျခံကြရခြင်းဖြစ်သည်။ သူ့ခေတ်သူ့အခါက ကျောင်းသားအဖွဲ့ အစည်းများမှာ ယနေ့ ခေတ်လို မဟုတ်။ တရားဝင် ရပ်တည်၍ရသော အနေထားဖြစ်သည်။ သူနှင့်အတူ သူ့အမှူတွဲ ရှေ့နေကြီး ဦးခင်မောင်ငြိမ်း တို့ တခန်းတည်းနေကြသည်။ အဘဦးတင်အေး တို့နှင့် တောင်ငူ ထောင်ကို အတူတူပြောင်းခဲ့ကြရသည့်အထဲတွင် ကျောင်းသားလူငယ်များက အများစု။

ဒီစာကိုရေးမည်လုပ်တော့ စာသင်ခန်း တံခါးများ ပိတ်လိုက်ခြင်းသည် ထောင်တံခါးများကို ဖွင့်လိုက်ခြင်းပင် ဖြစ်သည်ဟူသော အယူအဆဖြင့် ဟောပြောခဲ့သော ဆရာကြီးဦးအောင်သင်း၏ စကားကို ကြားယောင် လာသည်။ ပညာ ရေးခရီးကို ရပ်တန့်ရင်း ခေတ်စနစ်၏ ဘဝရှေ့တဲ့တဲ့ ရင်ဆိုင်တိုးလာသည့် ကြုံတွေ့ရသော အခြေနေကို မျက်နှာမလွှဲနှိုင်ကြသော လူငယ်လေးများမှာ သူတို့ လှုပ်ရှားမှုကြောင့် တိုင်းပြည်အတွင် တစုံတခု အပြောင်းအလွှဲ အရွေ့တခု ဖြစ်ရေး တခုတည်းသာ ရင်ဝယ်ထားပြီး ရပ်တန့်နေသော သမိုင်းလမ်းကြောင်းပိတ်ဆို့နေသော ကျောက်တုံးကြီးကိုဝိုင်းတွန်းခဲ့ကြခြင်းဖြစ်သည်။ သူတို့ အခုတော့ပညာ တပိုင်းတစဖြင့် သော့အလုံပိတ် နံရံလေးဘက်ကြား အချိန်တွေကို အဟောသိကံ အဖြစ် ဖန်တီးနေရသည်။

သူတို့ အတွက် အလဟဿ ဖြစ်နေသော နေ့ရက်များကို တန်ဖိုးရှိရှိဖြစ်အောင် ပြောင်းလဲပေးခဲ့သူတဦး ပေါ်ပေါက်ခဲ့သည်ဟု ဆိုလျှင် ထိုတဦးသည် အဘဦးတင်အေးလေးပင်ဖြစ်သည်။ ကျောင်းသားတို့အတွက် လိုအပ်သည်မှာ စာသင်ကြားရေးဖြစ် သည်။ အဘစာသင်ပေးမည်ဟု အားလုံးကို အသိပေးလိုက်တော့ ထောင်ပြောင်းလာသူများကော ထောင်ငူထောင်တွင် ရောက် နှင့် နေကြသူများပါ ဆာလောင်နေသော စိတ်အဆာနှင့် တကယ့်လိုအပ်ချက်ကို ရတော့မည်ဟု အားရဝမ်းသာ ဖြစ်ကြ သည်။

အဘဦးတင်အေးလေးသည် မန္တလေးမြို့မကျောင်းထွက်ဖြစ်သည်။ မြို့မကျောင်းထွက်ဆိုကတည်းက ဆရာကြီး ဦးရာဇတ်ကို ပြေး မြင်ကြလိမ့်မည်။ ဟုတ်သည်။ အဘဦးတင်အေးလေးသည် ဆရာကြီးဦးရာဇတ်၏ တပည့်အရင်းဖြစ်သည်။ အမျိုးသား ကျောင်းထွက်တယောက်၏ အင်္ဂလိပ်စာစွမ်းရည်ကို အဘဦးတင်အေးကိုကြည့်ပြီးခန့်မှန်းနှိုင်မည်ထင်သည်။ သူတို့ခေတ်က ကျောင်းမှာ အင်္ဂလိပ်စကားပြောအတွက် သင်ကြားပုံကိုလည်းအဘ မကြာခဏပြောပြတတ်သည်။ မြန်မာစကားပြောမိလျှင် ဒဏ်ပေးပုံကို အဘမကြာခဏ ပြန်ပြန်ပြောပြရင်း ငယ်ဘဝကို အားရပါးရ နှစ်လိုသော စကားတို့ အဘပြောပြခဲ့သည်။ စကား အပြောတွင် ဘိုလို မပြောမိသူသည် ကျောင်းဝင်းတခုလုံးကိုခတ်သော သော့တွဲကြီးကို လွယ်ရသည်။ ထိုသော့တွဲလွယ်ထားသူ သည် တကျောင်းလုံးလှည့်ပတ်သွားရင်း မြန်မာစကားဖြင့် စကားပြောမည့်သူကို လိုက်ရှာရသည်။ ဘိုလိုမပြောပဲ မြန်မာစကား ပြောသူတဦးတွေ့က မိမိပွေ့ယူထားသောသော့တွဲကို ထိုမြန်မာ စကားပြောသူထံ You speak in Burmese. Take the Lock.ဟူပြောပြီး ရော့ အင့်ဟု ထိုးထည့်ပြီး မှ သူပြစ်ဒဏ်မှ လွတ်သည်။ ညနေ ကျောင်းဆင်းချိန်မှာ သော့လက်ထဲရှိတဲ့သူကို ကျောင်းအုပ်ဆရာကြီး ဦးရာဇတ် ရုံးခန်းသို့ သတင်းပို့ရန်ကျောင်းစောင့်ကြီးကလိုက်အော်သည်။

The student who has the lock report to the headmaster office. ထိုသော့နောက်ဆုံးရထားသော ကျောင်းသား က ကျောင်းအုပ်ကြီးရုံးခန်းသွားပြီး သော့ကိုအပ်ရသည်။ ထိုကျောင်းသားကို ဆရာကြီးက အပြစ်ပေးသည်။ ပြီးနောက် တကျောင်းလုံးကို ဆရာကြီးက မင်းတို့ကို အင်္ဂလိပ်စာ သင်ခိုင်း ပြောခိုင်းနေတာ အင်္ဂလိပ်ကို ချစ်လွန်းလို့ လုပ်နေတယ် လို့ မထင်လိုက်ကြနဲ့။ ငါတို့ တနိုင်ငံလုံးကိုကျွန်ပြုထားတဲ့ ဒီအင်္ဂလိပ်တွေလက်ကလွတ်ချင်ရင် သူတို့စာ သူတို့ စကားကို တတ်ထားမှ သူတို့နှင့်ယှဉ်ပြိုင်နိုင်မယ်ဟု ညနေတိုင်း ဆုံးမသည်ကိုလည်း အဘက ကြုံတိုင်း ပြောပြတတ်သည်။ ထိုသည်ပင် အဘအတွက် အပျော်နှင့် ရောမွှေထား သော ပညာရေး ခရီးမှ အမှတ်ရစရာဖြစ်နေသည်။

သူငယ်စဉ်က အင်္ဂလန်နိုင်ငံကို သွားရောက်ရပုံကိုလည်း အဘပြောပြဘူးသည်။ အင်္ဂလိပ် အင်ပါယာ အတွင်းရှိ ကျောင်းသား လေးများကို တနိုင်ငံနှင့်တနိုင်ငံ အလည်ပို့လွှတ်ခြင်းမှာ အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အတွက် အကောင်းဆုံး သော လုပ်ဆောင်ချက် အဖြစ် နားလည်လိုက်ရသည်။ ထို ပုံစံမျိုး ယနေ့ခေတ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟု အသားကုန် အော်ဟစ်နေမည့်အစား ခလေးဘဝထဲကပင် တပြည်နယ်နှင့်တပြည်နယ် နားလည်မှူပိုမိုရအောင် လုပ်ဆောင်လို့ ရသော အလုပ်တခုအဖြစ် သဘောပေါက်ခဲ့သည်။

(ဒီနေရာမှာစကားစပ်လို့ မိမိ ဥရောပမှာနေတုန်းက ဥရောပ နိုင်ငံအချင်းချင်း ကျောင်းသားများ အပြန်အလှန် လည်းပတ်ကြ သော အဖြစ်နှင့်အမေရိကမှာလည်း တပြည်နယ်နှင့်တပြည်နယ် အပြန်အလှန်ခရီးများ ရှိကြောင်း သိခဲ့ရသည်။)

အဘငယ်စဉ်က လည်ပတ်ခဲ့ရသော အကြောင်းနှင့်တည်းခိုခဲ့ရသော အိမ်မှ အမှတ်ရစရာများကို အသက်အရွယ် ရင့်ရော်တဲ့ အထိ စွဲစွဲမြဲမြဲရှိတုန်း။ မှတ်ဥာဏ် သိုလှောင်ခန်းထဲ မပျက်မစီး သိမ်းဆည်းထားတုန်း ။ဘယ်လောက်တန်ဖိုး ရှိသည် ဆိုတာ ခန့်မှန်းလို့ရမည်ထင်သည်။ ငယ်စဉ်ထဲက သံယောဇဉ်တရားနှင့် မှတ်ဥာဏ်အခန်းထဲ ထည့်သိမ်းစ ပြင်ပ အကြောင်း အရာဖြစ် သည်။ အဘ လည်ပတ်စဉ်က ယခု ဘုရင်မကြီး မှာ သူတို့အရွယ် မတိမ်းမယိမ်း ဆိုတာကိုလည်းအဘ ပြောပြ ဘူးသည်။

အတွေ့အကြုံ များပြားစွာရှိသူတို့နှင့်အတူတူ နေထိုင်ရခိုက် သူတို့ အတွေ့အကြုံကို ကြားနာရခြင်းသည် တကယ့်သက်ရှိ စာအုပ်ကြီးကို ကိုယ့်ရှေ့ လာချပေးသလို ပင်ဖြစ်သည်။

အဘမိသားစု အတွင်း ရာထူးအရာခံကြီးသော မွေးချင်းများသာဖြစ်ကြသည်။ အဘတယောက်သာ ဝန်ထမ်းမဟုတ် သူ။ အဘမှာ ကျန်ညီအကိုများနှင့် ကွဲလွဲစွာ ခေတ်အဆက်ဆက် အစိုးရဆန့်ကျင်သူ ဖြစ်သည်။ ကျောင်းသားဘဝက သူတို့ခေတ် ထောင်အကြောင်းကို ပြောပြမှ ကိုယ်တွေကြားဖူးနေသော ဘီကလပ်ဆိုသော ထောင်ထဲကစနစ်ကို သေချာ သိရသည်။ ထောင်မှအထွက် ဘီကလပ် အခွင့်အရေးမှရသော ထောပတ် ပေါင်မုန့်တို့ကို အပြင်အထိယူ၍ ဗကသ ရုံးမှာ လာသမျှလူစားရန် ထားပေးသည်ဟု အဘကပြောပြသည်။ အဘက ဘီကလပ်တွင် ထောင်ကျဘူးသော ကိုယ်တွေ၏ သမိုင်းသက်သေ လူသားတဦးဖြစ်နေသည်။

အင်္ဂလိပ်စာကျွမ်းကျင်သော အဘ၏အလုပ်သည် တတ်ထားသော ပညာနှင့်လိုက်ဖက်ညီစွာ ရခဲ့သည်ဟု ဆိုရမည်။ သူ့အလုပ် က ဆိုဗီယက်သံရုံတွင် ဘာသာပြန်ရသောအလုပ်ဖြစ်သည်။

အဘ ဘာတွေဘာသာပြန်ရလဲဟုမေးသောအခါ နေ့စဉ်သတင်းစာ တွေထဲက သတင်းတွေကို ဘာသာပြန်ပေးရတယ်ဟု အဘကပြောသည်။ အဘ က မြန်မာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ကိုအတော်ကျွမ်းကျင်သည်။ တောင်ငူထောင်တွင် ရောက်နှင့်နေပြီးသော သတင်းစာဆရာ ဦးအုန်းကြိုင်သည် အောင်ဝင့်ကလောင်အမည်ဖြင့်တချိန်က ဗိုလ်တထောင်သတင်းစာ မှာ တနင်္ဂနွေနေ့တိုင်း နိုင်ငံတကာဆောင်းပါးများရေးသားသူဖြစ်သည်။ သူရေးသော ဆောင်းပါး များကို လူအများ သဘော ကျ နှစ်ခြိုက်ကြသည်။ ထိုသတင်းစာ ဆရာကြီးကပင် အဘ၏ ဘာသာပြန်ချက်များကို အားကျကြောင်းနှင့် သူ အဘ ဆီမှ ထိုပညာရပ်ကို သင်ကြားလိုကြောင်းပြောကြားသည်ကို တွေ့ရသည်။

ထောင်ထဲမှာ ရေးဖြစ်သောဝတ္ထုတိုလေးကို ဖတ်ရန် အဘဆီသွားပေးထားသည်။ နောက်တနေ့တွင်ထို ဝတ္ထုတိုလေးကို ဘာသာပြန်ပြီး ဖြစ်နေသည်။ မကြာခန ဦးဇင်း လုပ်လေနောက်တပုဒ်လောက် ဟုမကြာခဏ စာရေးဖို့ အဘတိုက်တွန်းသည်။ သူဖတ်ဖို့ထက် ဘာသာပြန်ဖို့ ဖြစ်မည်ထင်သည်။ အဘနှင့် မိမိပိုရင်းနှီးတာ နောက်တချက်ရှိသေးသည်။

“ အဘ အိမ်ထောင်ကျ ဘူးတယ်”

မိမိက အဘကိုတကိုယ်တည်း လူလွတ်ဟု အစကထင်ထားခဲ့သည်။

“ဟဲဟဲ ... ဘုန်းကြီးတို့ ဒိုက်ဦးသူဗျ ”

အဘ သူ့ဘဝဇာတ်ကြောင်းထဲက တချို့ကို ပြောပြရင်း မိမိနှင့်အမျိုးစပ်ကာ ပိုခင်မင်ခဲ့တာဖြစ်သည်။

ထောင်ထဲ အဘ စာသင်စက ကျောင်းသားတွေကိုအားလုံး တစုတည်း သင်သည် နောက် သူ့အဆင့်လိုက် ခွဲခြားပြီး အဘ သင်ပေးသည်။ ကိုသားကြီး ကိုဇော်ရဲဝင်း ကိုအောင်ခိုင်မင်းတို့က သီးသန့်တတန်းဖြစ်သည်။ မိမိတို့က တတန်း ။ အဘဆီ စာသင်ရသည်မှာ မစားသာ။ ဖတ်လည်းဖတ်ရသည်။ ရေးလည်းရေးရသည်။ စာသင်အပြီး သူ၏ ချစ်လှစွာသော တူ တော်မောင် အကြောင်း အလွမ်းပြောပြီး အမောဖြေတတ်သည်။

သူ့ တဦးတည်းသော တူတော်မောင်ကို သူအတော်ချစ်သည်။ ခုတော့ သူ့ တူက ဆရာဝန်ဖြစ်နေပေပြီ။ ငယ်စဉ်ထဲက သူ့ လက်ပေါ်ကြီးလာသူ တူ အကြောင်း သူမကြာမကြာပြောပြသည်။ ခလေးလေးထဲက သူ့တူကို အင်္ဂလိပ်စာ စကားပြော သင်ပေး သည်။ သင်ပေးသော အင်္ဂလိပ်စကားလုံးကို နေရာမရွေး ရွတ်ဆိုတတ်တာကို သူပြောပြောပြီး သဘောကျ တတ် သည်။ သန့်စင်ခန်းထဲ ထိုင်ရင်း အဘဆီ လှမ်းလို့

“ဦးကြီး ဦးကြီး Do you eat ? ”ဟု လှမ်းပြောသည်ကို အဘက ရယ်မောစရာအဖြစ်ပြောရင်း သူ့တူဆီသတိရသဖြင့် အလွမ်းတွေနှင့်ပေကျံနေသောစိတ်ကို ဟာသဖြင့် ဆေးချသည်။

အဘ မကြာခဏ ပြောပြောနေသောအကြောင်းအရာကိုသတိရ နေသေးသည်။ ဘယ်လိုပဲဖြစ်ဖြစ် အဘတို့ခေတ် ဖြတ်သန်းမှူအရ လက်ဝဲ ဝါဒသည် အဘတို့ ချစ်ခင်မြတ်နိုးသော နိုင်ငံရေး အယူအဆ ဖြစ်သည်။ သို့သော် ၈၈ နောက်ပိုင်း ဖြစ်ရပ်များကို ကြည့်ပြီး အဘ ပြောစကားများက လက်ဝဲ ဝါဒအပေါ် အမြင်တမျိုး ဖြစ်သွားပုံရသည်။

အဘတို့က တဘဝလုံးပုံ၍ လက်ဝဲဝါဒကို စွဲမက်ခဲ့သူများဖြစ်သည်။ လက်ဝဲဝါဒသည်သာ တကယ့် အဖိနှိပ်ခံ ပြည်သူတွေ ဘက်က ရပ်တည်သောဝါဒ ဟု အသည်းထဲက လက်ခံထားသူများဖြစ်သည်။ ထိုလက်ဝဲဝါဒဖြင့် တိုင်းနိုင်ငံ တည်ထောင် ထားသော တိုင်းပြည်တို့သည်သာ တကယ့် အဖိနှိပ်ခံတို့ဘက်မှ ရပ်တည်ပေးမည့်နိုင်ငံများဟုလည်း လက်ခံထားကြသည်။

သူမျက်စေ့ရှေ့တည့်တည့်မှ၈၈ မြင်ကွင်းများသည် ဖက်ဆစ်လိုအာဏာရှင်ကို တော်လှန်ကြသော ရဟန်းရှင်လူပြည်သူများ ။ ထိုတော်လှန်သူတို့ ဘက်မှ တကယ်ရပ်တည်ခဲ့သူများမှာ အဘတို့ တသက်လုံး စိတ်ချယုံကြည် ထားသော အဖိနှိပ်ခံ တို့ ဘက်တော်သား ထင်မှတ်ထားသူ တိုင်းနိုင်ငံတို့မဟုတ်ခဲ့။ ထိုနိုင်ငံတို့သည် နင်းပြား ပြည်သူဘက်မှ မပါတဲ့အပြင် ဖိနှိပ်သူ များကိုပင် အကာကွယ်ပေးသော တိုင်းပြည်တို့ဖြစ်နေသည်။ သူ ရွံမုန်းသူသော တိုင်းနိုင်ငံတို့က တကယ့်ပြည်သူတွေ တောင်းဆိုသည်ကို လိုလားထောက်ခံ အားပေးနေတာကိုသူမြင်တွေ့နေရသည်။ ဒီ အဖြစ်ကို အဘ ရင်နာနာ မကြာခဏ ပြောနေသော အကြောင်းအရာဖြစ်သည်။

အဘ အင်္ဂလိပ်စာကို အထူးကျွမ်းကျင်သလို သီချင်းဆိုသည်ကပင် ဘိုသီချင်းဖြစ်သည်။ ဤဆောင်းပါးအစမှာ ပြောခဲ့သည့်အတိုင်း အဘ မကြာခဏ ဆိုတတ်သော သီချင်းမှာ .. River of No return ဖြစ်သည်။ ဒီသီချင်း မှာ တောင်ငူထောင်ထဲတွင် အမှတ်ရစရာ ဇာတ်လမ်းတခုရှိခဲ့ ဘူးသည်။

တောင်ငူထောင်သည် ထောင်ပိုင်သဘောကောင်းသော အစပိုင်း ကာလာများက တိုက်တခုနှင့်တခု သွားရောက်လည်ပတ်၍ ရသည်။ အဘနှင့် ပဲခူး ၉လေးလုံးအမှူတွဲမှ ဦးအေးဆွေတို့နှစ်ယောက်သား အဘတို့ နေထိုင်ရာ လေးတိုက်မှ တစ်တိုက်သို့ လာရောက်လည်ပတ် ကြသည်။ အဘတို့အပြန် မိုးသည် သဲကြီး မဲကြီး ရွာချသည်။ ထောင်တခုလုံး၏ ရေထွက်ပေါက်သည် တစ်တိုက် ရှေ့မှ ဖြတ်သန်းသွားသည်။ မိုးရွာခြင်းအတူ တထောင်လုံးမှ ရေများသည် တစ်တိုက် ရှေ့မြောင်းထဲ ပြည့်လျှံ ကုန်သည်။

မိုးကများသဖြင့်ရေက လျှံမြဲလျှံလျှက်ရှိသည်။ အချိန်တန် တန်း ပိတ်ဖို့နီးသော်လည်း မိုးကမရပ်သေး။ ရေကတိုးတိုးလာ။ တစ်တိုက်သို့ အလည်လွန်သူ အဘတို့နှစ်ယောက် မူလနေထိုင်ရာ လေးတိုက်သို့ မပြန်လို့မဖြစ် ပြန်ရတော့သည်။ ဒီတော့ ရေလျှံနေသည့် မြောင်းဘေးမှ ကပ်ပြီး သူတို့လေးတိုက်ကိုပြန်ကြသည်။ အဘက မိုးအေးအေးမှာ River of No return ကို ညည်းလျှက် အဘနောက်မှာ လူပျော်ကြီး ဦးအေးဆွေမှာ အဘနောက်မှ တေးတကြော်ကြော်ဟစ်ရင်းပြန်ကြသည်။ ဒီတွင်ရေးမြောင်းနဘေးစမ်းစမ်းနှင့် လာသောအဘတို့နှစ်ယောက် ရေမြောင်းထဲ ပြုတ်ကျကုန်သည်။ ရေက အဘတို့ တရပ်ကျော်နေသည်။ အားလုံး အမြန် ဆွဲတင် ကြရသည်။

တေးသီချင်းသံနှင့်အတူ အဘတို့အဖြစ်ကို မကြာခဏ ပြန် ပြောရင်း ထောင်တွင်း ပြောစမှတ် တခုဖြစ်ခဲ့သည်။

အဘတို့ ကျောင်းသားသမိုင်းစာအုပ်ကြောင့် ထောင်ကျကြသူများ ဦးဇင်းတို့ထက်စောစွာ အပြင်လောက ပြန်ရောက် သွားကြသည်။ ကိုယ်တွေ ၂၀၀၉ခု ထောင်မှ လွတ်ခါနီးလေးမှာ သူမြင်တွေ့လိုသော အဖိနှိပ်ခံတို့ လွတ်မြောက်ရေး ခရီး မပြီးဆုံးခင် အဘ တယောက် သမိုင်း တခုလုံးကို ကျောခိုင်းပြီး လောကကြီးမှ ထွက်ခွါသွားလေပြီ။ ထောင်တွင်း အတူတူ နေခဲ့သူတွေထဲက လောကကြီးကို စွန့်ခွါသူတွေ၏ ရုပ်ပုံလွှာကို ရေးနေစဉ် မပါမဖြစ် ပါရမည့်သူတွေထဲ အဘ အကြောင်းကို ထည့်ရမည်ဟု အသိစိတ်က နိုးဆော်နေသည်မှာ ကြာပြီ ။ ထိုနိုးဆော်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားရင်းအခုတော့ အကောင်အထည်ပေါ်သွားလေပြီ။ ခုလောက်ဆို အဘတယောက်တမလွန်မှ သူသင်ပြပေးသောစာတွေ၏ အသုံးဝင် ပုံကိုကြည့်ပြီး ကျေနပ်နေမည်ထင်သည်။ အဘလိုလူတယောက်သည် သူခေတ်အတွင်း မတရားခံနေရသူများ အတွက် ပေးဆပ်ရခြင်းကို မဖြစ်မနေ ထမ်းဆောင်ရမည့် လူသားတာဝန်ဟု လက်ခံထားသူဖြစ်သည်။ ဒီတော့ သူလို စိတ်ဓာတ်ရှိသော လူမျိုးကို ရာဇဝင်ထဲမှာသာ သော့ခတ်ထားခဲ့၍မဖြစ် ။ တခေတ်တခါက လူသားတို့ အပေါ် တာဝန် ကျေခဲ့ကြသူများ ရှိကြောင်း နှောင်းခေတ်လူသားတိုင်းကို သိစေဖို့ ကိုယ်နိုင်သမျှအားနှင့် နိုးဆော် ရဦးမည် ဖြစ်သည်။