တူမောင်ညို - ဂျပန်အကူအညီ မျှော်ကိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးသမိုင်းကို အိုးမဲသုတ်နေကြသူများသို့



တူမောင်ညို - ဂျပန်အကူအညီ မျှော်ကိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးသမိုင်းကို အိုးမဲသုတ်နေကြသူများသို့
(မိုးမခ)  ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၆


အင်ဖာတိုက်ပွဲမှာသေတဲ့ပျောက်တဲ့ ဂျပန်စစ်သားတွေအတွက် အောက်မေ့ဖွယ်ပွဲ ရန်ကုန်မှာကျင်းပတယ်ဆိုတဲ့ သတင်းကြား ရတယ်။ အင်ဖာတိုက်ပွဲမှာ သေတဲ့ပျောက်တဲ့ ဂျပန်စစ်သားဆိုတာ ဖက်ဆစ်စစ်သားတွေဖြစ်တယ်။ ဖက်ဆစ်ဂျပန်ကျူးကျော်ရေးတပ်ရဲ့ စစ်သားတွေဖြစ်တယ်။ ဒီလိုပွဲကျင်းပတာဟာ အစိုးရမသိဘဲ ၊ ခွင့်မပြုဘဲ ကျင်းပလို့မရဘူး။

လက်ရှိ(ဗိုလ်)ဦးသိန်းစိန်စစ်အစိုးရက တနည်းနည်းနဲ့ ခွင့်ပြုလို့သာ ဒီလိုပွဲမျိုးကျင်းပနိုင်တာဖြစ်တယ်။ မြန်မာဘုန်းကြီး - ဂျပန် ဘုန်းကြီးတွေပါ တက်ရောက်ကြတာမို့ ခိုးကြောင်ခိုးဝှက် ကျင်းပတာ မဟုတ်ဘူး။ ပြီးတော့ ပျောက်ဆုံးစစ်သား လေးသောင်းကျော် ရှာဖွေရေးဆိုတဲ့ ကြီးမားတဲ့ အစီအစဉ်လည်း ပါနေတာမို့ ဒီကိစ္စမှာ လက်ရှိအစိုးရ တနည်းနည်းနဲ့ပါဝင်ပတ်သက်နေတာ ထင်ရှားတယ်။

ဒါဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေး နေ့ရက်နီးကပ်လာချိန်မှာ လုပ်လိုက်တဲ့ အခမ်းအနားလည်း ဖြစ်ပါတယ်။ဖက်ဆစ်ဂျပန် တော်လှန်ရေးနေ့ကို သမိုင်းထဲက ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားပြီး ဖက်ဆစ်ဂျပန်တော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့တဲ့ သူရဲကောင်း အာဇာနည်ကို ဘယ်လိုဂုဏ်ပြုမှုမှ မလုပ်တဲ့ ဗမာပြည်မှာ ဒီလို ဖက်ဆစ်ဂျပန်စစ်သားတွေသေ/ပျောက်တာအတွက် ဆုတောင်းကြတယ် ဆိုတာ၊ နောက်ပြီးဒီလို အခမ်းအနားတရပ်ကို ခွင့်ပြုပေးလိုက်တယ်ဆိုတာဟာ စစ်ကိုင်းတံတားပေါ်က ဖက်ဆစ်ဓားရှေ့မှာ သူရဲကောင်း ပီသစွာရင်ဆိုင်သွားတဲ့ ဖက်ဆစ်ဂျပန်တော်လှန်သမား ရဲဘော်သိန်းတန်(ခ) သခင်ချစ်တီး၊ ဧရာဝတီမြစ်ရေနဲ့အတူ စီးဆင်းသွားတဲ့ သူ့ရဲ့ နီမြန်းတဲ့သွေးတွေ။

သခင်ညီလေး၊ လက်ပံတန်းဦးဘတင်တို့လို ဖက်ဆစ်ကင်ပေတိုင် အကျဉ်းစခန်းတွေမှာရဲရဲဝံ့ဝံ့အသက်စွန့်သွားသူတွေ၊ ထို့အတူ တယ်လူစခန်းမှာ ငှက်ဖျားရောဂါနဲ့ ကျဆုံးသွားရရှာတဲ့ အထက်ဗမာပြည်တိုင်းမှူး ဗိုလ်မှူး ဗထူး၊ “တမာနုချိန်စစ်တမ်း” ထဲက ဖက်ဆစ် တော်လှန်ရေးရဲဘော် ကိုတင်ဦး၊ ပြီးတော့ ဖက်ဆစ်တော်လှန်ရေးမှာ ကျဆုံးခဲ့ကြရတဲ့ တပ်မှူးတပ်သားတွေ၊ လူမျိုးစုံပြည်သူတွေကို ပမာမခန့်လုပ် တဲ့၊ စော်ကားတဲ့၊ လျစ်လျူရှုကျောခိုင်းတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ဒီလုပ်ရပ်ဟာဖက်ဆစ်တော်လှန်ရေးသူရဲကောင်းတွေ၊ တပ်မှူးတပ်သားရဲဘော်တွေ၊ ဖက်ဆစ်ဂျပန်တွေရဲ့နှိပ်စက်မှုမျိုးစုံကြောင့် ကျဆုံးသွားကြရသူတွေရဲ့ မျက်နှာနဲ့ သမိုင်းကို မထောက်ထားတဲ့လုပ်ရပ်၊ စော်ကားတဲ့အပြုအမူလည်းဖြစ်တယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့ ပတ်သက်လာရင် အုပ်စိုးသူအဆက်ဆက်မှာအာဃာတနဲ့ချမှတ်ထားတဲ့ပေါ်လစီ သဘောထားတရပ် အခိုင်အမာ ရှိထားတာသေချာတယ်။ ဒီလိုပြောနိုင်တာ အောက်ပါအခြေခံအချက် ၂ ရပ်ပေါ်ကနေ ပြောတာပါ။

- ဖက်ဆစ်ဂျပန်တော်လှန်ရေးသမိုင်းကြောင်းကို ပုံဖျက်ဖုံးကွယ်ရေးနဲ့အစဖျောက်ရေး

- ဂျပန်အစိုးရထံက အကူအညီရယူရေး

ဖက်ဆစ်ဂျပန်တော်လှန်ရေးအကြောင်း ခိုင်ခိုင်မာမာပြောရင် ကွန်မြူနစ်တွေ၊ ပါတီဝင်တပ်မှူးတပ်သားတွေရဲ့ ပြောင်မြောက် တဲ့ စွန့်လွှတ်စွန့်စားမှုတွေအကြောင်းကို ချန်ထားလို့မရဘူး၊ မပြောဘဲနေလို့ မဖြစ်ဘူး။ ဖက်ဆစ်ဂျပန်တော်လှန်ရေးသမိုင်းကြောင်းကို မာတိကာစဉ်တဲ့အခါမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်တွေအကြောင်းက (အဓိက) နဲ့ အများဆုံးပါဝင်နေမှာဖြစ်ပါတယ်။ ဒီအချက်က သမိုင်းကို အာဃာတအစွဲကင်းကင်းနဲ့လေ့လာသူ မှန်သမျှ သဘောပေါက်နားလည်ထားပြီးသားဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြီးမပါဝင်ဘဲ ဗမာပြည်မြေပုံရေးဆွဲလို့မရသလိုဖက်ဆစ်တော်လှန်ရေးသမိုင်းကြောင်းကိုရေးမယ်ဆိုရင် ဖက်ဆစ် ဂျပန်ဆန့်ကျင်ရေးအတွက် အတွေးအခေါ်အရ ရှင်းလင်းပြင်ဆင်ပေးတဲ့ “အင်းစိန်စစ်တမ်း”၊ (ဖဆပလ) ခေါင်းဆောင်မှု အမြုတေဖွဲ့စည်း မှု၊ ဗမာပြည်ကွန်မြူနစ်ပါတီအကြောင်း စတာတွေ မပါဝင်ဘဲ ဘယ်လိုမှရေးလို့ မဖြစ်နိုင်ဘူး။ ဖက်ဆစ်တော်လှန်ရေးမှတ် တမ်းတင် သမိုင်း စာအုပ် တွေကို ပြန်ဖတ်ကြည့်ပါ။ ဒီအချက်ကိုသိတဲ့ (ဖဆပလ)ကနေ ကနေ့ကြံ့ဖွံ့စစ်တပိုင်းအစိုးရအထိ အုပ်စိုးသူအဆက်ဆက်ဟာ ဖက်ဆစ်ဂျပန်တော်လှန်ရေး သမိုင်းကို ဖြစ်နိုင်သမျှ မှိန်ထားတယ်။ ဖျော့ထားတယ်။ ချိုထားတယ်။ ဒါဟာ ပထမအချက်နဲ့ အခြေခံ အချက်ဖြစ်တယ်။ တချို့ဆိုရင်“ကိုဟီးမားစစ်ပွဲ”ကနေ ကစဥ့်ကလျားတပ်ပျက်လာတဲ့ဖက်ဆစ်ဂျပန်စစ်တပ်ကိုသာ ပြောက်ကျားပစ်တာပါ ဆိုတဲ့အထိ မိုက်မိုက်မဲမဲ စော်စော်ကားကားရေးတာ ဖတ်ရဖူးတယ်။

ဒုတိယအချက် (ဂျပန်အစိုးရတွေဆီကအကူအညီရရှိရေး)က အဲဒီပထမအခြေခံအချက်ပေါ်ကနေဆင့်ပွားလာတာပါ။ ဖက်ဆစ် ဂျပန်တော်လှန်ရေးကို မှိန်ထား၊ ဖျော့ထားမှသာ “ဂျပန်အကူအညီ” ရနိုင်မယ်မဟုတ်လား။ ဒီအတွက်ပြစရာ အကောင်းဆုံး သာဓက က တော့ “ဂျပန်စစ်လျော်ကြေး” နဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကို လဲစားတဲ့ လုပ်ရပ်ပဲဖြစ်ပါတယ်။

ဖက်ဆစ် ဂျပန်တော်လှန်ရေးနေ့ (မတ်လ ၂၇ ရက်) ကို “တပ်မတော်နေ့” ဆိုပြီး အမည်ပြောင်းတဲ့နည်းနဲ့ သမိုင်းစာမျက်နှာ ပေါ်ကနေအချည်းနှီးပယ်ဖျောက်ပစ်ခဲ့ကြတယ်။“ဂျပန်အကူအညီ”ရဖို့၊ဂျပန်ကိုမျက်နှာချိုသွေးလာဘ်ထိုးဖို့၊“ဖက်ဆစ်ဂျပန် တော်လှန်ရေး” ကို သမိုင်းကို ဖျက်ဆီးပစ်တယ်။ တရုတ်ပြည်နဲ့ ကိုးရီးယားနိုင်ငံတွေက ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဖက်ဆစ်ဂျပန်ရဲ့ ရိုင်းစိုင်းယုတ်မာ လှတဲ့၊ ကျူးကျော်စော်ကားခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို သမိုင်းအသိ၊ သမိုင်းသတိနဲ့ အမြဲမပြတ်သတိထားကြပါတယ်။ ဖက်ဆစ်တွေကို တနည်းနည်းနဲ့ဂုဏ်တင်တဲ့၊ ချီးမွမ်းတဲ့၊မြှောက်စားတဲ့လုပ်ရပ်တွေ၊ ဖက်ဆစ်စစ်ရာဇဝတ်ကောင်တွေကို ဖုံးကွယ်ပေးတဲ့ ဘယ်လိုပြုမူလှုပ်ရှား မှုကိုမဆို တွေဝေခြင်း၊ တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြင်းပြင်းထန်ထန်၊ ပြတ်ပြတ်သားသားဆန့်ကျင် ကန့်ကွက်ကြပါတယ်။

“ရာဆူကူနီသင်္ချိင်း”ကို ဂျပန်အစိုးရထိပ်သီးတွေ (ဝန်ကြီးချုပ်သစ် အဖြစ်အရွေးခံရသူ) သွားပြီးအလေးပြုတာ၊ ပန်းခွေချတာ တွေကို မျက်ခြည်မပြတ်စောင့်ကြည့်ပြီး တသမတ်တည်း ဆန့်ကျင်ကန့်ကွက်နေကြတဲ့ တိုင်းပြည်တွေဖြစ်ပါတယ်။ ဒီလိုလုပ်နေတာဟာ ဖက်ဆစ်စနစ်ရဲ့ဆိုးသွမ်းယုတ်မာ ရိုင်းစိုင်းမှု တွေနဲ့ပတ်သက်ပြီး မျိုးဆက်ဟောင်းတွေက မျိုးဆက်သစ်တွေကို နိုင်ငံရေးနိုးကြားမှု၊ သမိုင်း ဖြတ်သန်းမှု သင်ခန်းစာ တွေ လက်ဆင့်ကမ်း မျှဝေပေးနေတာလည်းဖြစ်တယ်။

ဗမာပြည်က အုပ်စိုးသူတွေကတော့ ဒါနဲ့ပြောင်းပြန်ဖြစ်ပါတယ်။

ဂျပန်အကူအညီရဖို့အတွက် ဘာမဆို လုပ်ကြ ပါတယ်။ လက်ရှိကာချုပ်ဗိုလ်မင်းအောင်လှိုင်ဟာ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ အတွင်းက ဂျပန်ခရီးစဉ်မှာ ကာနယ်ဆူဇူကီး(ခ) ဗိုလ်မိုးကြိုးအုတ်ဂူကိုသွားပြီး ပန်းခွေချဂါရဝပြုပါတယ်။ ကာနယ်ဆူဇူကီး (ခ) ဗိုလ်မိုးကြိုး ဟာ ဖက်ဆစ်ဂျပန်တွေရဲ့ အရှေ့တောင်အာရှကျူးကျော်ရေးစီမံကိန်းထဲက ဝက်အူတစ်လုံးသာဖြစ်ပါတယ်။ (ဖဆပလ) အစိုးရကနေ ဒီကနေ့အထိဖက်ဆစ်တော်လှန်ရေးနဲ့ပတ်သက်ပြီး တည်ဆောက်ထားတဲ့ ခမ်းနားပြီး ထိုက်ထိုက်တန်တန်ရှိတဲ့ အထိမ်းအမှတ်ပြုမှုရယ်လို့ ဘယ်မှာများရှိသလဲဆိုတာ တဆိတ်လက်ညှိုးထိုးပြကြစမ်းပါ။

မြောက်ကိုးရီးယား လက်ချက်နဲ့သေဆုံးရတဲ့ တောင်ကိုးရီးယားအစိုးရအဖွဲ့ဝင်တွေအတွက် အထိမ်းအမှတ်ကိုတော့ လုပ်ခွင့်ပြု တယ်မဟုတ်လား။ “အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊အလောင်းဘုရား”စတဲ့ မမြင်ဖူးတဲ့ ပဒေသရာဇ် စစ်ဘုရင်တွေကို အရုပ်ထု ဂုဏ်တင်ပြီး ဟိတ်ဟန်ပြနေပေမယ့် လေးလေးနက်နက်ဂုဏ်ယူရမယ့် ဖက်ဆစ်ဂျပန်တော်လှန်ရေးနဲ့ ဖက်ဆစ်တော်လှန်ရေးသူရဲကောင်း တွေ ရဲ့ အခန်းကဏ္ဍကိုတော့ မှေးမှိန်ပစ်တယ်၊ ဖျောက်ဖျက်ပစ်နေတယ်။

အသုံးချဖို့ လိုအပ်လာတဲ့ အခါမှာတော့ ပြည်တွင်း စစ်ရဲ့“သားကောင်တွေ” ထဲက တစ်ယောက်ဖြစ်တဲ့ “မချစ်ပို” ဆိုသူရဲ့ အုတ်ဂူကို ချက်ချင်းလက်ငင်း ခြံကာဆေးသုတ်ပြီး လွှတ်တော်ဥက္ကဋ္ဌတွေဖြစ်တဲ့ ဗိုလ်ရွှေမန်းနဲ့ ဗိုလ် ခင်အောင်မြင့်တို့ကပန်းခွေချ အလေး ပြု၊ ပွဲထုတ်ခဲ့ကြတယ် မဟုတ်လား။

အခုရန်ကုန်မှာလုပ်သွားတဲ့ “ဖက်ဆစ်စစ်သားတွေအတွက် ဆုတောင်းပွဲ” ကလည်း ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် ဂျပန် ကပေးလာမယ့် “ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးစီမံချက် (၂၀၄၀ တွင် ဖြစ်ပေါ်တိုးတက်လာရမည့်အစီအစဉ်များ) (YUTRA2014) ၌ ရန်ကုန်မြို့တွင်း ပတ်လမ်း(Inner Ring Road) နှင့် မြို့ပြင်ပတ်လမ်း (Outer Ring Road) စီမံချက်များအပါအဝင်၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး” စတဲ့ “အကူအညီတွေ”နဲ့ဆက်စပ်ပြီးကြည့်ရှု ရမှာပါ။ ဒီလို အကူအညီတွေအတွက် ကြိုတင်အလျော်အစား လုပ်ရတာတွေပဲဖြစ်ပါလိမ့်မယ်။

ဒီအချက်တွေဟာ လက်ရှိအစိုးရအပါအဝင် အဆက်ဆက်သော အုပ်စိုးသူတွေရဲ့“ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မျိုးချစ်စိတ်ဓါတ်” ဘာလဲ ဆိုတာ ဖော်ထုတ်ပြသနေတဲ့ အချက်အလက်တွေထဲက တစ်ခုသာဖြစ်ပါတယ်။ တရုတ်ဆန့်ကျင်ရေးကို မျိုးချစ်စိတ်အဖြစ်ပုံဖော်ဖို့ ကြိုး ပမ်းလာနေတာကလည်း၊ “အမေရိကန်၊ အီးယူ၊ ဂျပန်၊ နော်ဝေအကူအညီ” ကို မျှော်မှန်းပြီး ဖိတ်ခေါ်တဲ့ အမြင်တို၊ တနပ်စား၊ ခါတော်မီ “နယ်ချဲ့ဆန့်ကျင်ရေးနဲ့မျိုးချစ်စိတ်ဓါတ်” မျိုး မဖြစ်ဖို့ လိုအပ်ပါတယ်။

ဂျပန်ကပေးလာမယ့် “အကူအညီ” ကို မျှော်ကိုးပြီး ဖက်ဆစ်ဂျပန်တော်လှန်ခဲ့ကြတဲ့ တော်လှန်ရေးသမားအဘိုးအဘွားတွေ၊ ပြည်သူတွေရဲ့ အသက်သွေးချွေးတွေကို မလေးမစား၊ စော်စော်ကားကားမပြုမူကြဖို့ လေးလေးနက်နက် သတိပေးလိုက်တယ်။