ဖိုးထက် - ငှားလို့မရတဲ့ မှတ်စုများ


ဖိုးထက် - ငှားလို့မရတဲ့ မှတ်စုများ
(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၆

သူများတွေ ဘယ်လို နေကြသည် မသိ။ ကျွန်တော့်အတွက်ကတော့ စာမေးပွဲ နီးလာလေ စိတ်ငြိမ်လေ။ စာတွေ ကြေကြေ ညက်ညက် နားလည် သဘောပေါက်ထားလို့စိတ်ပူစရာ မလိုတဲ့သဘောလားလို့မေးလာလျှင် “ဟင့်အင်း”။ ရှိသမျှ ဘုရား အဆူဆူ ကျိန်ပြောပါရဲ့။ ဘ၀ တစ်လျှောက်လုံး ဘယ်စာမေးပွဲမှ အားရ ပါးရ ဖြေနိုင်တယ်လို့ကို မရှိခဲ့ဘူးပါ။ “ဒါဖြင့်နင့်ဟာ ဘာကို စိတ်ငြိမ်ရတာလဲ” လို့မေးလာရင် ကိုယ့်အကြောင်းကိုယ် အသိဆုံးမို့ပေါ့။

ကျွန်တော်က ငပျင်း။ ဒါပေမယ့်ကောင်းတာက (ကိုယ့်ဘာသာ ထင်တာပေါ့လေ) စာသင်ခန်းထဲ ဆရာ စာရှင်းပြချိန်မှာ သေသေချာချာ နားထောင်၊ လိုက်မှတ်တယ်။ ဆရာ ပြောသမျှ စကားတိုင်းကို အသေအချာ လိုက်မှတ်၊ လိုက်ရေးတယ်။ ဒါကြောင့်ကျွန်တော့်ကျောင်းမှတ်စုစာအုပ်ကို ကြည့်လိုက်ရင် မြွေ၊ လှေကား ကစားနည်းလိုဘဲ။ မြှားတွေ က ဟိုထိုး။ ဒီထိုး။ ကြယ်တွေက တစ်လုံး၊ နှစ်လုံး။ မှင်အရောင်စုံ ဟိုတား ဒီတား။ လေးထောင့်ဘောင်ခတ်။ တိမ်လို အကွပ်။ အ၀ိုင်း အနားသတ်။ နောက်ပြီး ရေးထား တို့ထားတဲ့စာသားတွေက အများကြီး။

“ဒီနေရာ နားမလည်။ ပြန်မေးရန်။”

“ဒီပုစ္ဆာ အရေးကြီးတယ်လို့ဆရာမ မျက်နှာတည်ကြီးနဲ့ပြောသွား”

“ဘာလို့ဒီနေရာ ဒီလို ဖြစ်လာတာလဲ။ စာပြန်ရှာဖတ်ရန်။ ဘစည် နားလည်” (ဘစည်ဆိုတာ ကျွန်တော့်သူငယ်ချင်း စာကြိုး စားသူရဲ့ နာမည်ပြောင်)

“ဒီဥပမာက မေးခွန်းဟောင်းလို့ပြော”

အစရှိသဖြင့်တောင်တောင် အီအီ လျှောက်ရေး၊ လျှောက်မှတ်ထားသည်။ တစ်ခါတစ်ရံကျတော့ ကျွန်တော် တစ်ယောက် တည်းဘဲ နားလည်သော ဘာသာစကားများဖြင့်လည်း မှတ်ထားတတ်သေးသည်။

“နှစ်ခါ ထပ်ပြော” (ဆရာက လေးလေးနက်နက်ပြောသွားတာကို မှတ်တာ)

“အလို… ခက် ခက်၊ ခက် ခက်” (ခက်လွန်းလို့ပုစ္ဆာကို ပြန်ကြည့်ဖို့)

“ဘုရားတောင် တွက်တတ်မည် မထင်” (ကိုယ့်အဆင့်ကိုယ်သိ။ ဒီအပိုင်းကို လွှတ်သင့်ရင် လွှတ်ပြစ်)

ထိုကဲ့သို့ပေါက်တတ်ကရ ရေးမှတ်ထားသောကြောင့်ကျွန်တော့်မှတ်စုစာအုပ်ဆိုလျှင် ဘယ်သူကမှ ဆေးဖော်ကြောဖက် မလုပ်။ ဒီကောင့်မှတ်စုစာအုပ်က ဘာမှ သုံးစားမရလို့ထင်ကြသည်။ လူဆိုတာက ကိုယ်ကသာ တစ်နေ့နေလို့တစ်ခါ မိမိအိပ် ရာကို သန့်ရှင်းရေး လုပ်ချင်မှ လုပ်သည်။ သပ်ရပ် သန့်ရှင်းမှုကိုတော့အလွန်ကြိုက်သော သတ္တ၀ါ ဖြစ်သည်။ အလှအပကို အလွန်မက်သော သူများ ဖြစ်ကြသည်။

ကျွန်တော့်သူငယ်ချင်း အပျိုကြီး တစ်ယောက်ရှိသည်။ (အခုတော့အိုပြီ။) သူ့မှတ်စုစာအုပ်ဆိုလျှင် စာမေးပွဲ နီးပြီ ဆို တာနှင့်လူတိုင်းက ၀ိုင်းငှားကြသည်။ သူ့မှတ်စုစာအုပ်ခမျာ မိတ္တူကူးဆိုင်မှာ ဧည့်စာရင်း တိုင်ရတာ ခဏ ခဏ။ လက်ရေး လက်သားများကလဲ ကြည်ကြည်လင်လင်။ ရှင်းရှင်းသန့်သန့်။ လက်မ၀က်ခန့် မျဉ်းအတိုလေး ဆွဲတာတောင် သူက ပေတံနှင့် အတိအကျ ဖြောင့်နေအောင် ဆွဲသည်။ ရက်စွဲတပ်သည်။ စာမျက်နှာ ထိုးသည်။ စာအုပ်ဖုံး ဖုံးထားတာက နှစ်ခါခန့်ရှိပြီ။ ထို့ကြောင့်သူ့မှတ်စုစာအုပ်က မြင်လိုက်တာနဲ့အားကိုးချင်စရာကြီး။ ကျွန်တော့်လို မျဉ်းဖြောင့်လိုလို၊ မျဉ်းကွေးလိုလို၊ ကလေး လက်ရေးနှင့်မှတ်စုစာအုပ်ကို ယောင်လို့တောင် လှည့်မကြည့်ကြတာ ထူးထွေသည့်အံ့ရာသော် နည်းနည်းမှ ဖြစ်ဖို့မရှိ။

သို့သော် ကျွန်တော့်မှတ်စု စာအုပ်များသည် ကျွန်တော့်ကို တစ်နှစ်တစ်တန်း အောင်စေဖို့ အကူအညီပေးခဲ့ကြသည်။ ကျွန် တော်လို အကောင်က စာသင်ခန်းကနေ ထွက်တာနှင့်မှတ်စုစာအုပ်ကို နောင် စာသင်ချိန် မတိုင်မခြင်း မျက်စိလည်ပြီး တော့တောင် ဖွင့်မကြည့်တတ်သူ ဖြစ်သည်။ သို့ပေမယ့်စာမေးပွဲနီးလို့စာကြည့်လျှင် သိပ်အသုံးဝင်သည်။ သေသေချာချာ လိုက်မှတ်ထားသော မှတ်စုစာအုပ်များ ကျေးဇူးကြောင့်ပြာယာခပ်နေဖို့မလို။ “ဒါကြည့်ထား။ ပြုံးစစ ပြောသွားပေမယ့် မျက်လုံးက အတည်ကြီး” ဟု မှတ်ချက်ပေးထားသည့်ပုစ္ဆာဆိုလျှင် ကျွန်တော် သေချာနားလည်အောင် ပြန်ကြည့်တော့သည်။ အပြန် ပြန်၊ အလှန် လှန်တွက်သည်။ နားလည်အောင် ကြိုးစားသည်။ ကိုယ့်အား ကိုယ်ကိုး ကြိုးစားပြီးမှ နားမလည်သေးလျှင် သေသေချာချာ နားလည်သော၊ လေမရှည်သော၊ ချော်တော့ငေါ့သွားအောင် ရှင်းလေ ရှုပ်လေ မဖြစ်မည့်သူများဆီ သို့ချဉ်းကပ်ကာ မေးမြန်းသည်။

ကျွန်တော်က စာကြိုးစားသော အကောင်မဟုတ်။ ဒီနေ့စာကြည့်မယ်။ နက်ဖြန်စာကြည့်မယ်။ သဘက်ခါ ဟိုအခန်းဖြတ်မယ် စသည့်စိတ်အတေးအမှတ်များက နောက် နှစ်ရက် စာမေးပွဲ ဖြေရတော့မည်ဆိုမှ တကယ်စာလုပ်ဖြစ်သည်။ အဲဒီအချိန်မှာမှ “ဒါစာအုပ်ပါဟဲ့” ဟု ဓားထမ်းငြင်းရမည့်ကျွန်တော့် မှတ်စု စာအုပ်များက ကြီးစွာသော ကျေးဇူးကို ဖြစ်စေသည်။ ကျွန်တော့်အ တွက် ကျွန်တော့်မှတ်စုများက အောင်မှတ်ကတော့အသာလေး ရအောင် ဆွဲထုတ်ယူပေးသည်။

ဒါက ကျောင်းတက်စဉ်က ကျွန်တော် အသုံးမကျ၊ ငပျင်းဆိုတာ လူသိအောင် ကြွားတာ။

ကျောင်းပြီးလို့ဘ၀လမ်းထဲ လျှောက်ရပြန်တော့အလုပ်တွေ အများကြီး ကျွန်တော် လုပ်ရသည်။ အလုပ်နှင့်ပါတ်သက်သော စာရွက်စာတမ်း ကိစ္စများစွာ တာဝန် ခွဲဝေယူရသည်။ ဒီတော့လည်း ကျောင်းတုံးက အကျင့်က မပျောက်။ ကျွန်တော့် အလုပ်စားပွဲမှာ တိုလီ မိုလီ မှတ်ထားတာတွေ အများကြီး။ ပြက္ခဒိန်ပေါ်မှာ မှတ်ထားတာတွေက အရုပ်တွေရော၊ စက်ဝိုင်း တွေရော၊ ကြယ်တွေရော၊ လေးထောင့်တွေရော၊ အ၀ိုင်းတွေရော စုံ မှ စုံ။

“အဘိုးကြီးကို သောက်တရုတ်အခန်း DB ထိုင်ဖို့Quotation ပေးရမယ်”

အဘိုးကြီးဆိုတာ ကျွန်တော့်client ။ သောက်တရုတ်ဆိုတာ ညောင်ညောင် ညောင်ညောင်နှင့်ဂျီးထူသော Pay Master ။

“ဗုတ်တလုပ်ကန် ရေစစ် Schedule ဆွဲ။ ချီဟွာဟွာ အား စာပို့ရန်။”

ဗုတ်တလုပ်ကန်ဆိုတာ ကျွန်တော့်အလုပ်ထဲက ရေကန်။ လစဉ်လတိုင်း ရေ၏ အရည်အသွေးကို စစ်သည်။ အက်စစ်ဓာတ် များနေသလား။ PH level ဘယ်လောက်လဲ။ အစရှိသဖြင့်စစ်ဆေးရသည်။ ဒီအတွက် လာစစ်ရမည့်လတိုင်း၏ နေ့တွေကို ရေစစ်ဆေးပေးသည့်ကုမ္ပဏီမှ မေဟွား (ချီဟွာဟွာ) တရုတ်မဆီသို့ပို့ရန်ဆိုသည့်သဘော။
  
ထို့ကြောင့်ကျွန်တော့်အလုပ်စားပွဲကို လူစိမ်းဝင်ထိုင်လျှင် ဘာတစ်လုံးမှ နားလည်မှ မဟုတ်။ နားလည်ဖို့ခက်ခဲပါလိမ့်မည်။ အခန့်မသင့်ဂေါက်သွားနိုင်သေးသည်။ သို့တည်းမဟုတ် ဂေါက်နေပြီလို့အထင်ခံရနိုင်သည်။

ကျောင်းတုံးက စာမေးပွဲဖြေခါနီးမှ စာကြည့်တတ်သော်လည်း ကျွန်တော်က အလုပ်ကိုတော့ဘယ်တော့မှ အကြွေးမထား။ “ဟယ်..ဘယ်ဆိုးလဲ။ အလုပ်တော့ကြိုးစားသားဘဲ” ဟု စိတ်ကောင်းလေး ၀င်ချင်သော် ခဏသီးခံပါ။ ကျွန်တော်က စိတ်ရှုပ မခံနိုင်။ ကျွန်တော့်ကို ဟိုဟာပြီးပြီလား။ ဒါပြီးပြီလား။ ဒါကျန်သေးတယ်နော်။ ဒါလုပ်လိုက်အုံး။ အစရှိသဖြင့်ဘက်ပေါင်းစုံ၊ လူပေါင်းစုံက ၀ိုင်းနားပူ၊ မျက်စိပူတာကို နည်းနည်းမှ လက်ခံလို့မရ။ မြန်မြန်ပြီးသွား အေးရော ရှုပ်တယ် ဆိုသည့် သဘောဖြင့်သာ အလုပ် လုပ်ပါသည်။ အလုပ်ကြိုးစားသည့်စိတ်ထား တစ်ရွေးသားမှ မရှိ။ အလုပ်အပေါ်မှာ ထားရှိသော စေတနာ ပိုလွန်းလို့မဟုတ်။ သူလိုငါလို စေတနာဘဲ ထားပါသည်။

ကျွန်တော့်ကိုယ်ပိုင် ဘ၀မှာရော။

ကျွန်တော် စိတ်ရှုပ် အလွန်မခံနိုင်ပါ။ အဟိံသ ဤမှန်သော စကားကြောင့်ကျွန်တော် ချစ်သော သူ၊ ခင်သောသူများ လက်ရှိ လူ့ဘ၀ကို မပင်မပန်း ဖြတ်သန်းကြပါစေ။ စိတ်ရှုပ်မခံနိုင်ပေမယ့်လူတစ်ယောက် ယောက်နှင့်စကားပြောလျှင် သေသေချာချာ မှတ်သားသည်။ ဘာပြောတာလဲ။ ဘာပြောချင်တာလဲ။ ဘာအချိုးလဲ။ အစရှိသဖြင့်သေသေချာချာ မှတ်မှတ်သားသား ထားလွန်းပြန်တော့(ကျွန်တော့်အထင်ပေါ့လေ) မကြိုက် မနှစ်သက်သူများကြသည်။ ဂဂျီးဂဂျောင်နဲ့ဘာမဟုတ်တာလေးကို စိတ်ထဲတေးမှတ်ထားတယ်။ မိန်းမကြီး ကျနေတာဘဲဟု ငေါ့ကြသည်။ မိန်းမတိုင်း ဂဂျီးဂဂျောင်မကျပါ။ ဘာမှ မှတ်မှတ်သား သားမရှိ၊ ကိုယ်ပျော်ပြီးရော ဘယ်သူ့ဂရုစိုက်စရာလဲ ဆိုသည့်မိန်းမတွေလဲ ရှိ။ ယောင်္ကျားတွေလည်း ရှိတတ်သည် မဟုတ် လား။ မိန်းမသားထုကြီး တစ်ခုလုံးကဘဲ ဂျီဂျောင်ကျမနေသလို ယောင်္ကျားတွေ အကုန်လုံးကလည်း ပါးစပ်ပိတ်နေကြသည် မဟုတ်။ ၀ါးလုံးသိမ်း ရမ်းကြတာ ကျွန်တော့်အမေတို့မိန်းမသားတွေကို အားနာစရာ။

လူ့ဝတစ်ခု၏ အချိန်က သေသေချာချာ တွေးကြည့်လျှင် ဘာဆို ဘာမှ မဟုတ်။ ဒါကြောင့်လဲ သမုဒ္ဒရာအလယ်က ရေပွက်လေး တစ်ခုလိုဘဲဟု ဆိုကြခြင်း ဖြစ်မည်။ ဖြစ်တောင့်ဖြစ်ခဲ။ အချိန်တိုသည်။ အချိန်တိုတိုလေးမှာ အရာရာတိုင်းကို သပ်ရပ် သန့်ရှင်းအောင် နေဖို့မလိုဘူးလို့ကျွန်တော် ထင်သည်။ ကိုယ့်အတွေးနဲ့ကိုယ်ဆိုတော့မှန်ချင်မှန်၊ မှားချင်မှား။ မှားဖို့လဲများ။ သိုသော် ကိုယ်နဲ့ပတ်သက် ဆက်စပ်သမျှ လူတိုင်းကိုတော့ပေါ်လွင်ထင်ရှားအောင် ကျွန်တော်က မှတ်စု အကြမ်းများ ခြစ်ထား မိတတ်သည်။ ဘယ်တော့ပြန်ကြည့်လိုက်ကြည့်လိုက်၊ ဘယ်တော့ပြန်စဉ်းစား စဉ်းစား ရှင်းခနဲ့၊ လင်းခနဲ့ဖြစ်သွားအောင် ကျွန်တော့်စိတ်မှတ်စုများက အကူအညီပေးသည်။

ကျောင်းတုံးက ကျွန်တော့်မှတ်စုများက စာမေးပွဲများကို လွယ်လွယ်ကူကူ မပင်မပန်းစေဘဲ အောင်မှတ်ရဖို့အကူ အညီပေးသည်။ ဘ၀ထဲက ကျွန်တော့်စိတ်မှတ်စုများကတော့တစ်ခါတစ်ရံ ဂျွမ်းပြန် ဇောက်ထိုးကျအောင် လုပ်သည်။ တစ်ခါတစ်ရံ အောင်မှတ် မဆိုထားနှင့်ဘဲဥရ။ အနှုတ်လက္ခဏာများ ပြစေသည်။ တစ်ခါတစ်ရံ ဘာမှ အသုံးမ၀င်သည့်မှတ်စုမှန်း သိသောကြောင့်ဆွဲဆုတ်ပြစ်လိုက်ဖို့စိတ်ကူးသော်လည်း တစ်ဖက် ကျောဖက် စာမျက်နှာက အရေးတကြီး အမြတ်တနိုး ထားရသည့်စာမျက်နှာ ဖြစ်ချင် ဖြစ်နေတတ်သည်။

ဘယ်လိုဘဲ ဖြစ်ဖြစ် ကျွန်တော့်မှတ်စုများကို ချစ်ပါသည်။

ဒီဘ၀ ဒီစိတ်မှတ်စု စာမျက်နှာများမှ မရှိလျှင် ကျွန်တော်ဆိုတာလည်း ဘယ်လိုလုပ် ရှိတော့မှာလဲ။

ကျွန်တော့်သူငယ်ချင်း မှတ်စုစာအုပ်လိုတော့လူတိုင်း အလိုရှိသည့်မှတ်စုများ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မည်။

ကိုယ်ပိုင် ဖြစ်စေဖို့မိတ္တူကူးထား သင့်သည့်မှတ်စုများ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မည်။

သို့သော် ကျွန်တော်ရေးမှတ်ထားသော ကျွန်တော့် ကိုယ်ပိုင်မှတ်စုများက ဘယ်သူများနားလည်ဖို့များ လိုနေသေးလို့လည်း။ ဘယ်သူကရော အချိန်ပေးပြီး နားလည်အောင် ကြိုးစားချင်မှာလဲ။ ကျွန်တော်ကရော ဘယ်လိုများ တောင်းဆိုလို့ရပါ့မလဲ။  ကျွန်တော့်အတွက် ကိုယ်ပိုင်မှတ်စုများက အရေးကြီးပါသည်။ အခြားသူများ နားမလည်နိုင်သော၊ တန်ဖိုး မထားနိုင်သော၊ ဂရုစိုက်စရာ မလိုသော မှတ်စုများ ဖြစ်ပေမယ့်ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ ငှားရမ်းလိုက်ဖို့စိတ်ကူး မရှိပါ။

ဖိုးထက်