နောင်ကျော် - ဟန်ပြအပစ်ရပ်စာချုပ်နှင့် ငြိမ်းချမ်းရေးအတုမဖြစ်ရအောင်


နောင်ကျော် - ဟန်ပြအပစ်ရပ်စာချုပ်နှင့် ငြိမ်းချမ်းရေးအတုမဖြစ်ရအောင်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆
 
ငြိမ်းချမ်းရေးဟုဆိုလိုက်လျှင် စစ်ပွဲများနှင့် အကြမ်းဖက်မှုများမရှိတော့သည့် အခြေအနေနှင့် အချိန်အခါကို ပြေးသတိရမိ လိုက်ကြမည်ထင်သည်။ ဤသည်ကို သာမန်ငြိမ်းချမ်းရေးအခြေအနေဟု ပြောလျှင်ရမည်။

နိုင်ငံရေးနှင့် ဆက်စပ်ပြီး ပြောရသောအခါမျိုးတွင် ငြိမ်းချမ်းရေးဟူသောစကားသည် အကြမ်းဖက်မှုတွေကို ရပ်သွားလိုက်ရုံနှင့် မလုံလောက်တော့ပါ။ စစ်ပွဲတွေ၊ အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်လာစေသည့် နောက်ခံအကြောင်းရင်းတွေကိုပါ ပြေလည် ကျေအေးအောင် ညှိနှိုင်းဖြေရှင်းရတာတွေက ဆက်တိုက်လိုက်လာရသည်။ နိုင်ငံရေးအခြေခံအကြောင်းတရားကြောင့် စစ်ပွဲ တွေဖြစ်လာခဲ့ရသည်ဟုဆိုလျှင် စစ်ပွဲတွေကို ရပ်လိုက်ရုံဖြင့်မပြီး။ နိုင်ငံရေးအခြေခံအကြောင်းတရားတွေအထိလိုက်ပြီး ပြဿနာတွေရပ်သွားအောင် ဆွေးနွေးညှိနှိုင်းရသည်။ အပေးအယူအလျှော့အတင်းတွေလုပ်ရသည်။ ထိုသို့လုပ်ကြရသော အပေးအယူအလျှော့အတင်းတွေက တရားမျှတမှုရှိဖို့လိုသည်။ စစ်ပွဲအဆင့်အထိရောက်ခဲ့ရသော နိုင်ငံရေးအရမညီမျှမှု၊ မတရားမှုကို ညီမျှအောင်၊ တရားမျှတအောင် အလျှော့အတင်းအပေးအယူလုပ်မှ ဖြစ်မည်။

အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည့်မှုတွေရှိနေကြမှ အလျှော့အတင်းအပေးအယူလုပ်ကြချိန်တွင် ညီမျှသော၊ တရားမျှတသော အဖြေကောင်းတွေထွက်လာနိုင်ခြေရှိသည်။ လူကြားကောင်းအောင်၊ နိုင်ငံ ရေးအမြတ်ရအောင်လုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်မျိုးတွေဆိုလျှင်တော့ အချိန်ကုနု၊ ငွေကုန်၊ လူပင်ပန်းပြီး သဲပုံ ကြီးပေါ်သို့ ရေမစို့မပို့ (ခပ်နည်းနည်း) လေးလောင်းချကြည့်တာမျိုးလိုပင် အရာမထင်တာ၊ မထိရောက်တာမျိုးသာ ဖြစ်လိမ့် မည်။

တကယ်ငြိမ်းချမ်းရေးရချင်လျှင်တော့ ဆွေးနွေးဖက်နှစ်ဘက်စလုံးတွင် ငြိမ်းချမ်းရေးလိုချင်စိတ် ပြင်းပြင်းထန်ထန်ရှိနေဖို့က အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်။ ပြီးတော့ အပြန်အလှန်အသိအမှတ်ပြုမှု၊ လေးစားမှု၊ ယုံကြည်မှုတွေရှိဖို့လိုမည်။ ပြီးတော့ တန်းတူညီမျှဖြစ်စေချင်သောစိတ်၊ တရားမျှတစေချင်သော စိတ်တို့က အားကောင်းမောင်းသန်ခိုင်မာနေကြဖို့လိုမည်။ အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာ၊ ဖိအားပေးတာ၊ အနိုင်ကျင့်တာမျိုးတွေမရှိဖို့လိုသည်။ ရှိခဲ့သော၊ ရှိနေသောပြဿနာတွေ၊ ပဋိပက္ခတွေကို ငါတို့ခေတ်မှာ အကောင်းဆုံး၊ အပြေလည်ဆုံး၊ အမှန်ကန်ဆုံး၊ တရားနည်းလမ်းအကျေဆုံးဖြစ်အောင် ညှိနှိုင်းဖြေရှင်း မည်ဟူသော သန္နိ္နဌာန်ခိုင်မာကြဖို့လိုမည်။ ခိုင်မာသောငြိမ်းချမ်းရေးရလိုစိတ်နှင့် ဖြစ်အောင်လုပ်မည်ဟူသော ပြတ်သားသည့် သန္န္နိဌာန်တို့ပေါင်းစပ်ကာ တရားနည်းလမ်းကျသော အပေးအယူအလျှော့အတင်းဆွေးနွေးညှိနှိုင်းခြင်းဖြင့် တကယ်ပေါင်းစပ်ဆောင်ရွက်နိုင်လျှင် ငြိမ်းချမ်းရေးသည် မရနိုင်စရာအကြောင်းမရှိဟုထင်သည်။
  
● ဆန္ဒ၊ သန္န္နိဌာန်နှင့် တရားနည်းလမ်းကျသော ညှိနှိုင်းခြင်း
ဗမာပြည်၏ပြည်တွင်းစစ်နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုသမိုင်းတွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အပစ်အခတ်ရပ် စဲရေး ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြတာ အကြိမ်ပေါင်းမနည်းလှပါ။ အပစ်အခတ်ရပ်စဲရေးအတွက် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ချင်စီနှင့် ကန့်ပြီး (သီးခြားစီခွဲထုတ်ပြီး) လုပ်ခဲ့တာတွေက ပိုများသည်။ ယခင်ကာလတွေတုန်းက အပစ်ရပ်စာချုပ်တွေချုပ်ဆိုခဲ့ ခြင်း၊ အပစ်ရပ်ဖို့ညှိနှိုင်းသဘောတူခဲ့ခြင်းတွေက ငြိမ်းချမ်းရေးရအောင်လုပ်မည်ဟူသော ရည်မှန်းချက်ဖြင့်မဟုတ်ပါ။ ယာယီ ရည်ရွယ်ချက်တစ်ခုခုအတွက် (သို့မဟုတ်) ယာယီစစ်နားဖို့အတွက်သာ လုပ်ခဲ့ကြခြင်းဖြစ်သည်။ တောင်ဘက်ကို စစ်ထိုးဖို့ အတွက် မြောက်ဘက်နှင့်အပစ်ရပ်ခြင်း၊ မြောက်ဘက်သို့ စစ်ထိုးဖို့အတွက် တောင်ဘက်နှင့် အပစ်ရပ်ခြင်း၊ နိုင်င့ရေးစစ် မျက်နှာကို ထိုးစစ်ဆင်ဖို့အတွက် လက်နက်ကိုင်စစ်မျက်နှာတွေနှင့် အပစ်ရပ်ခြင်းဆိုတာတွေပဲရှိခဲ့သည်။

နိုင်ငံရေးအရ၊ စစ်ရေးအရ ငြိမ်းချမ်းရေးရလိုလျင်စိတ်ဖြင့်လုပ်ခဲ့သော အပစ်အခတ်ရပ်စဲရေးတွေမဟုတ်ခဲ့ပါ။ ‘သခွပ်ပင်က မီးတကျည်ကျည်’ မျိုးမဖြစ်အောင်၊ စစ်မျက်နှာမများအောင် ဟန့်တားခြင်း၊ တန့်ထားခြင်းမျိုးသာ လုပ်ခဲ့ခြင်းဖြစ်သည်။

ဤသို့သော အတိတ်သမိုင်းများရှိခဲ့ဖူးခြင်းကြောင့် လတ်တလောဆောင်ရွက်နေသော အပစ်အခတ်ရပ်စဲရေးဆိုင်ရာဆောင်ရွက်မှုများကို ဘယ်လိုသဘောထားသင့်၊ နားလည်လက်ခံသင့်ပါသလဲ။
တကယ်တမ်းငြိမ်းချမ်းရေး လိုချင်စိတ်ကြောင့်လား ...?
စစ်မျက်နှာလျှော့ချထားရေးအတွက်လား ....?
ပြည်တွင်းနှင့် နိုင်ငံတကာကို မျက်လှည့်ပြချင်သောကြောင့်လား ... ?

ဤမေးခွန်းကိုတော့ လက်ရှိအပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းရေးဆီသို့ သွားမည်ဟု ပြောနေသောဆွေးနွေးဖက်တစ်ဘက်ဖြစ် သည့် အစိုးရကိုပဲ မေးရပါလိမ့်မည်။

ဤသို့မေးခြင်းအပေါ် စာဖတ်သူသဘောတူနိုင်ပါမည်လား။

သမ္မတဦးသိန်းစိန်၏အစိုးရလက်ထက်၊ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ (၁၈) ရက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် အပစ်အခတ်ရပ်စဲရေးပြုလုပ်ရန် ဖိတ်ခေါ်ကမ်းလှမ်းချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ဤကြေညာချက်ထုတ်ပြန်မှု တွင် နောက်ခံအကြောင်းတစ်ခုကိုတွေ့ရသည်။

၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်တုန်းက ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ပြည်ခိုင်ဖြိုးပါတီထံသို့ ၂၀၁၁၊ မတ်လ (၃၁) ရက်တွင် နအဖစစ်အစိုးရက အာဏာလွှဲပေးခဲ့သည်။ ထိုအစိုးရတက်လာပြီးနောက် ပထမဆုံးကျင်းပခဲ့သော တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ၏ ဆဌမအကြိမ်ညီလာခံတွင် အလှည့်ကျ သဘာပတိ၏ အဖွင့်မိန့်ခွန်း၌
  
“သမ္မတဦးသိန်းစိန်အနေဖြင့် ပြည်ထောင်စုပြဿနာများကို စေတနာမှန်ကန်စွာဖြင့် ဖြေရှင်းလိုသောဆန္ဒ တကယ်ရှိပါက ပြည် တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရပ်ကို ခေါ်ယူကျင်းပပြီး အနှစ် (၆၀) ကျော် ပြည်တွင်းစစ်အပါအဝင် တိုင်းပြည်ရဲ့ နိုင်ငံရေးပြသဿနာအားလုံးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးပွဲခေါ်ယူပါ” ဟုပြောခဲ့သည်။ ထို့အပြင် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၂၀) ရက်စွဲဖြင့် တိုင်းရင်းသားလူမျိုးများကောင်စီ (ENC) ဥက္ကဌကလက်မှတ်ရေးထိုးပြီး သမ္မတဦးသိန်းစိန် ထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။ ထိုစာတွင်

(၁) အစိုးရက တိုင်းရင်းသားလူမျိုးများ၏ နယ်ပယ်တွင်ဆင်နွှဲနေသော ထိုးစစ်ဆင်ခြင်များကို       အမြန်ဆုံးရပ်ဆိုင်းထားရန်။
(၂) နိုင်ငံတဝှမ်းလုံး အပစ်အခတ်ရပ်စဲရေးကြေညာရန်။
(၃) ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲတရပ် အမြန်ဆုံးခေါ်ယူကျင်းပရန်။

ဟူသော အချက်များပါဝင်သည်ဟု ဆိုပါသည်။ အဲဒီနောက်ပိုင်းတွင် ပြည်ထောင်စုအစိုးရ၏ အတွင်းရေးမှူး တင်မျိုးကြည် လက်မှတ်ထိုးထားသည့် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ထုတ်ပြန်ခဲ့သည်။
  
ဤအချက်ကိုတွေ့မိသောအခါ  ၁၉၆၃ ခုနှစ်တုန်းက ဗိုလ်နေဝင်း၏ တော်လှန်ရေးကောင်စီမှ ငြိမ်းချမ်းရေးကမ်းလှမ်းချက်အ ပေါ် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ၁၉၆၃ ခုနှစ်၊ ဇွန်လ (၂၂) ရက် နေ့စွဲဖြင့် ပြန်ကြားချက်ထဲမှ စာပိုဒ်ကို ပြန်သတိရပါသည်။ ပါတီဗဟိုကော်မတီ၏ ပြန်ကြားချက်စာပိုဒ် (၁) ထဲတွင် ဤသို့ရေးထားသည်။
  
“အစိုးရနှင့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ တွေ့ဆုံဆွေးနွေးပြီး၊ ပြည်တွင်းစစ်ရပ်စဲ၍ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန်၊ ၁၉၆၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့က ကျွန်တော်တို့ဗမာပြည်ကွန်မြူနစ်ပါတီက ပေးပို့သောကမ်း လှမ်းချက်ကို တော်လှန်ရေးကောင်စီက ပြန်ကြားသည်ဟု ကျွန်တော်တို့ ယူဆပါသည်။”


● ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ
အဲဒီကာလတုန်း လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လာရောက်ဆွေးနွေး ခဲ့ကြသည်။ ထိုငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဌ သခင်သန်းထွန်းက ဤသို့မှတ်ချက်ပေး ခဲ့သည်ဟု လူကြီးတွေပြောတာ ကြားဖူးသည်။

“ဗိုလ်နေဝင်းခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက အတုကြီးဖြစ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က သွားဆွေးနွေးကြမယ်။ ကျွန် တော်တို့ ငြိမ်းချမ်းရေးကို တကယ်လိုချင်တယ်ဆိုတာနဲ့ ဗိုလ်နေဝင်းရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲအတုကြီးဆိုတာကို လူထု ကြားထဲမှာ ဖွင့်ချရမယ်”

အမှန်တကယ်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲက မအောင်မြင်ဘဲ ပျက်ခဲ့ပါသည်။ စစ်တပ်ကိစ္စနှင့်ပတ်သက်သည်။ တော်လှန် ရေးအဖွဲ့အစည်းအသီးသီးမှ တပ်များကို အဖွဲ့အလိုက်တစ်နေရာတည်းမှာ စုပေးဖို့ ဗိုလ်နေဝင်းတို့ဘက်မှ တောင်းဆိုချက်ကို တော်လှန်ရေးအင်အားစုတွေက လက်မခံခဲ့ကြပါ။ ဤအချက်သည် ၁၉၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ရခြင်း၏ အဓိ ကအကြောင်းတစ်ခုလည်းဖြစ်သည်။ အဲဒီတုန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်သွားသောအခါ ဗိုလ်နေဝင်းစစ်အစိုးရက လူဖမ်းပွဲကြီးကိုလုပ်ခဲ့သည်ဟု ဆိုကြသည်။ ငြိမ်းချမ်းရေးကို တကယ်မလိုချင်ဘဲ စစ်အာဏာရှင်စနစ်ကိုသာ ထူထောင်ချင် သော ဗိုလ်နေဝင်းစစ်အစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတုကြီး ပျက်သွားခဲ့သည်မှာမဆန်း။ ငြိမ်းချမ်းရေးအာသာဆန္ဒပြင်းပြနေသော ပြည်သူလူထုကြီးအတွက်တော့ ငြိမ်းချမ်းရေးမျက်လှည့်ပွဲကြီးကို ငေးမောကျေနပ်နေတုန်းမှာပဲ သေနတ်သံတွေ၊ လူသေအလောင်းတွေ၊ ဒုက္ခိတတွေ၊ ဒုက္ခသည်တွေကိုပဲ နှစ်ပေါင်းများစွာဆက်လက်တွေ့ကြုံခဲ့ရသည်ကလည်း အဆန်းတ ကျယ်ဖြစ်ခဲ့သည်ဟု ပြောရပေလိမ့်မည်။

ပြည်သူလူထုကြီးက လိုချင်သည်မှာ လွတ်လပ်သော (ဒီမိုကရေစီ) အခွင့်အရေးနှင့် ငြိမ်းချမ်းရေးဖြစ်သည်ပဲ မဟုတ်လား။
ယခုလက်ရှိအစိုးရနှင့် ဆွေးနွေးနေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများဘက်မှ လိုချင်သောအချက်မှာ “ဒီမိုက ရေစီရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး” ဖြစ်သည်။ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးဆိုသည်က လည်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့နှင့် တစ်ဆက်တစ်စပ်တည်း ရှိနေဖြစ်နေသည်ပဲမဟုတ်လား။

ယနေ့ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးရရှိဖို့ အတွက်ဆိုလျှင် အစိုးရဘက် မှာပဲ လုံးလုံးလျားလျားတာဝန်ရှိသည်။

အစိုးရ၏ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ UNFC (NCCT) တို့၏ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲများကို ရန်ကုန်မြို့ရှိ MPC အဆောက်အအုံ တွင်လည်းကောင်း၊ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်လည်းကောင်း ဆက်တိုက်ပြုလုပ်ခဲ့ကြသည်။ ကြားကာလထဲတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ဆွေးနွေးပွဲများကို ကေအိုင်အိုနယ်မြေ လိုင်ဇာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံချင်းမိုင်တွင်လည်းကောင်း၊ ကေအင်ယူနယ်မြေတွင်လည်း ကောင်း ပြုလုပ်ခဲ့ကြသည်။

အပစ်အခတ်ရပ်စဲရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာတွင် နှစ်ဘက်မှတာဝန်ရှိသူများ ဆွေးနွေးနေချိန်တွင် တိုင်းရင်းသားအဖွဲ့အစည်းတချို့နှင့် အစိုးရတပ်တို့၏ တိုက်ပွဲတွေက တခြိမ်းခြိမ်း။ ခန်းမထဲတွင် အပစ်ရပ်ရေးဆွေးနွေးနေချိန်တွင် အစိုးရဘက်မှ ထိုးစစ်တွေက တိုင်းရင်းသားတော်လှန် ရေးအဖွဲ့နယ်မြေတွေမှာ ဖြစ်နေခဲ့သည်။ ဒီနေရာကိစ္စကို ကန့်ကွက် တော့ ခဏရပ်သွားသည်။ ပြီးတော့ နောက်တစ်နေရာမှာ ထပ်ဖြစ်ပြန်သည်။ အပစ်ရပ်ရေးစကားပြောနေချိန်မှာပဲ ထိတွေ့ တိုက်ပွဲများ၊ ထိုးစစ်များက ဗမာပြည်မြောက်ဘက်အခြမ်းရှိ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွေမှာ အများ ဆုံးဖြစ်ခဲ့သည်။ အကြီးအကျယ်ဆုံးသော တိုက်ပွဲကတော့ တအောင်း(ပလောင်)၊ ရခိုင်တပ်မတော် (AA) နှင့် ကိုကန့်တပ် (MNDAA) တို့ကတစ်ဘက်၊ အစိုးရတပ်ကတစ်ဘက် တိုက်သောစစ်ပွဲကြီးပင်။

ဤစစ်ပွဲတွင် အစိုးရဘက်မှ ထိခိုက်ကျဆုံးမှုနှင့် အဆုံးအရှုံးများခဲ့သည်ထင်၏။ ပြည်တွင်းမှာပဲရှိသော အစိုးရနှင့်လည်း အစောပိုင်းတုန်းက အပစ်အခတ်ရပ်စဲခဲ့ဖူးသော ကိုးကန့်စစ်တပ်ကို “တရုတ်တွေ” ဟုဆိုကာ ပြည်ပနှင့်စစ်ပွဲဖြစ်သယောင်ယောင်ဝါဒဖြန့်တာမျိုးတွေကို အင်တာနက်လူမှုစာမျက်နှာတွေနှင့် တချို့နေရာတွေမှာ ဖတ်ရကြားရသည်။

ထိုစစ်ပွဲ၏နောက်ဆက်တွဲသက်ရောက်မှုက အပစ်အခတ်ရပ်စဲရေးဆွေးနွေးနေသော မြန်မာငြိမ်းချမ်းရေးစင်တာထဲသို့ ရောက်လာသည်။ အပစ်ရပ်စာချုပ်လက်မှတ်ထိုးမည့်အဖွဲ့တွေထဲတွင် တအောင်းပလောင် (TNLA)၊ ရခိုင်တပ်မတော် (AA) နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်မတော် MNDA) တို့ကို ပါဝင်ခွင့်မပြုဟု အစိုးရ ဘက်က ပြောဆိုကြောင်း သတင်းတွေကိုကြားရသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ်တွေက လည်း အားလုံးပါဝင်ဖို့လိုကြောင်း ပြောကြသည်။

ဤအခြေအနေနောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အစည်းအဝေးကို ချင်းမိုင် (ထိုင်း) တွင် ပြုလုပ် သည်ဟု သတင်းတွေဖတ်ရသည်။ ထိုဆွေးနွေးပွဲ၏ ရလဒ်အဖြစ်တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးဖို့အတွက် အဖွဲ့ (၇) ဖွဲ့ကသာသဘောတူပြီး ကျန်အဖွဲ့တွေက သဘောမတူကြောင်းဖြင့် သတင်းတွေကြား ရသည်။ အစိုးရနှင့် တွေ့ဆုံညှိနှိုင်းဖို့ရောက်လာချိန်တွင် Rcss (SSA) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လည်း ပါဝင်လာ သောကြောင့် လက်မှတ်ထိုးမည့်အဖွဲ့ (၈) ဖွဲ့ဖြစ်လာသည်။ ကျန်အဖွဲ့တွေကတော့ အားလုံးပါဝင်လက်မှတ်ထိုးရေးမူပေါ်မှ ရပ်တည်ကြောင်းနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအချက်များကို သဘောတူ ကြောင်း ပြောဆိုတာကို ကြားရသည်။ ဤအခြေအနေအတိုင်းဆိုလျှင် အပစ်ရပ်စာချုပ်သည် “တစ်နိုင်ငံလုံး” ဟူသော သ ဘောကို မဆောင်တော့ပါ။

တကယ်တမ်းပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်း ရေးလမ်းကို လျှောက်ဖို့ဆန္ဒလည်း ပြင်းပြပြီး သန္နိဌာန်လည်းချပြီးသားဖြစ်သည်ဟုဆိုလျှင် တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်လက်မှတ်ရေးထိုးဖို့ကိစ္စမှာ ဘယ်အဖွဲ့တွေမပါဝင်ရဟု အဘယ်ကြောင့်ကန့် သတ်နေကြပါသနည်း။

ငြိမ်းချမ်းရေးခရီးအားအပြီးတိုင်လျှောက်ရေးလမ်းစကို မြင်နေ၊ စတင်ခြေချမိနေပါလျက်နှင့် အဘယ့်ကြောင့် စစ်မီးဖြစ်နိုင်ခြေ များကို ချန်ထားနေရပါသနည်း။

စစ်ပွဲတွေမရပ်ချင်သေးတာလား။
ငြိမ်းချမ်းရေး မလိုချင်တာလား။
စစ်ပွဲမရှိလျှင် သြဇာအာဏာမရှိမှာကို ပူပန်နေ၍လား။
ဤမေးခွန်းကို ဖြေရမည့်သူသည် အစိုးရပဲဖြစ်သည်။

၂၀၁၅၊ သြဂုတ်လ (၁၈) ရက်ထုတ် အစိုးရသတင်းစာ (မြန်မာ့အလင်း) တွင် “တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်” ကိုဖော်ပြထားခဲ့သည်။ ဤစာချုပ်၏ နိဒါန်းတွင်
  
“……ယခင်ကချုပ်ဆိုခဲ့သော သဘောတူညီချက်များအား ထပ်လောင်းအသိမှတ်ပြုခြင်း၊ ပိုမိုခိုင်မာစေခြင်း၊ ထပ်ဆင့် အတည်ပြုခြင်းဖြစ်ပြီ ပါဝင်သင့်သူအားလုံးပါဝင်နိုင်သော နိုင်ငံရေးဆွေးနွေးပွဲများမှ တစ်ဆင့်ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်။” ဟု ရေးထားခြင်းကို တွေ့ရသည်။ အခြေခံမူများထဲတွင်

“…….ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရးများ အာမခံချက် များ အပြည့်အဝရှိသော၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားရန်။” ဆိုတာကိုပါတွေ့ရသည်။ ဤနေရာတွင် “နိုင်ငံရေးဆွေးနွေးပွဲများတွင် အကျိတ်အနယ် ငြင်းခုံရမည့်ကိစ္စမျိုး ပေါ်လာပါက (ပေါ်လာနိုင်ခြေကလည်း အများကြီးရှိသည်။) မည်သို့ဆုံးဖြတ်ကြမည်နည်း။ မဲဖြင့်လား။ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကို အခြေခံသောသဘောထားဖြင့် တကယ်ဆုံးဖြတ်ကြမည်လား။ အခြေခံမူ များ၏ (၁) (ဂ) တွင် ဤသို့ဖေါ်ပြထားသည်။
  
“တိုင်းရင်းသားလူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စုတပ်မတော်ဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်။”
  
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲရောက်တော့မှ အစိုးရဘက်က “လက်နက်အပ်၊ တပ်ဖျက်၊ ငါတို့တပ်ထဲဝင်ဟုဆိုလျှင် မည်သို့လုပ် မည်နည်း။ ဤကိစ္စကို အပစ်ရပ်ဆွေးနွေးပွဲကာလတွေတုန်းက အကျေအလည် ဆက်မဆွေးနွေးဘဲ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်တော့မှ ဆွေးနွေးပွဲများ ပြုလုပ်တော့မှ ဆွေးနွေးရန် ရွှေ့ဆိုင်းခဲ့ကြသည်။ ဤအပစ်ရပ်ဆွေးနွေးပွဲကာလမတိုင်ခင်က တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်လုပ်ဖို့ ဖိအားပေးခဲ့ခြင်းတွေရှိသည်။ အပစ်ရပ်သဘော တူညီချက် (မူကြမ်း) ကိုလက်မှတ်ပြီးချိန် နောက်ပိုင်း ကာကွယ်ရေး ဦးစီးချုပ်က တိုင်းရင်းသားလက်နက်ကိုင်တပ်များကို လက်နက်ဖြုတ်သိမ်းမည့်အကြောင်း ပြောခဲ့သေးသည်။
  
ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး အပစ်ရပ်ရေးမှ ငြိမ်းချမ်းရေးသို့ သွားရမည့်အချိန်မျိုးတွင် ယုံကြည်မှုလျော့ပါး အောင်၊ မယုံရဲအောင်ပြောခြင်းမျိုး၊ ထိုးစစ်ဆင်ခြင်းမျိုးကို ရှောင်ကြဉ်ဖို့ တာဝန်ရှိသည်မဟုတ်ပါလား။ အနှစ်(၆၀)ကျော် (၇၀)နီးပါးဖြစ်ခဲ့သော ပြည်တွင်းစစ်ကာလတစ်လျှောက်လုံးတွင် မယုံချင်စရာ၊ မယုံရဲစရာ၊ ယုံကြည်မှုမရှိစရာအဖြစ်အပျက်ပေါင်းများစွာက ရှိခဲ့၊ ဖြစ်ခဲ့သည်။ ယခုလိုကာလမျိုးတွင် ပြုမူ၊ ပြောဆိုပုံတွေကို အစိုးရဘက်မှ၊ အစိုးရစစ်တပ်ဘက်မှ ပို၍ ခင်ခြင်ဖို့လိုအပ်သည်။
  
ယခုပင်လျှင် မယုံကြည်မှု အခြေခံပေါ်မှ ဆင့်ပွားဖြစ်လာသော အကျိုးဆက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့ အတော်များများက အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးရေးအတွက် ငြင်းဆန်နေကြခြင်းပင်ဖြစ်သည်။ အားလုံးပါဝင် ရေးမူဖြင့်။
  
တကယ်တော့ အပြန်အလှန်ယုံကြည်ခြင်းကို စကားလုံးတွေဖြင့် ဖေါ်ပြ၍ မလုံလောက်ပါ။ လုပ်ရပ်တွေ၊ အဖြစ်အပျက်တွေဖြင့် သာ သက်သေပြကြရိုးထုံးစံရှိသည်ပဲ မဟုတ်လား။ ပြောသည့်အတိုင်းလုပ်ဆောင်ပြခြင်းရှိမှ ယုံကြည်သည်ပဲမဟုတ်လား။
  
ဤဆောင်းပါးသည် “အပစ်ရပ်သဘောတူစာချုပ်” အပေါ် ဝေဖန်သုံးသပ်သည့် ဆောင်းပါးမဟုတ်ပါ။ ပြောစရာရှိတာတွေထဲက တချို့ကို ထုတ်၍ဆွေးနွေးခြင်းသာဖြစ်သည်။ သဘောတူစာချုပ်၏အပိုဒ် ၂၂ (ဃ) တွင်
  
ပြည်ထောင်စုညီလာခံမှထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝုင် ဥပဒေများကို လိုအပ်သလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျယ်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီပြုလုပ်ရန် သဘောတူညီသည်။” ဟု ဖေါ်ပြထားသည်။ ဤဖော်ပြချက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို ပြင်ဆင်ဖြည့်စွက်၊ ပယ်ဖျက်ခြင်းတို့ကို လုပ်ဖို့အထိ အကျုံးဝင်နေကြောင်းကို သတိပြုမိပါလိမ့်မည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးသည် ၂၀၀၈ဖွဲ့စည်းပုံ၏ ပြင်ပမှ လူပုဂ္ဂိုလ်အဖွဲ့အစည်းများဖြစ်သည်။ ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံကို စောင့်ထိန်းလိုက်နာပါမည်ဟု ခံဝန်ကတိပြုထားသူများမဟုတ်ကြပါ။ ထို့ကြောင့် အပစ်ရပ်သဘောတူစာချုပ်ပါအချက်များထဲမှ တစ်ဆင့်ဖွဲ့စည်းပုံပြင်ဆင်ရေးလမ်းကြောင်းကို လျှောက်လှမ်းခွင့်ရှိသူများဖြစ်သည်။
  
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ မူလနိုင်ငံရေးရည်မှန်းချက်သည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံချက်ပေးနိုင်သော ပြည်ထောင်စုစနစ်ဖြစ်ပေါ်တည်ရှိလာရေးဖြစ်သည်။ နောက်ပိုင်းကာလတွင် တိုင်းရင်းသားလူမျိုး များကောင်စီ (ENC) ၏ ရည်ရွယ်ချက်သည် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင်င့ရရှိရေး၊ စစ်မှန်သောပြည်ထောင်စုစနစ်တည်ဆောက်ရေး၊ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရေးနှင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတို့ဖြစ်သည်ဟု ဆို သည်။
  
အပစ်ရပ်သဘောတူစာချုပ်အရ အပိုဒ် (၂၂) (ဃ) မှာပါဝင်သော ၂၀၀၈ ဖွဲ့စည်းပုံဆိုင်ရာ ကိစ္စတွင် ယခုသဘောတူစာချုပ်လက်မှတ်ထိုးမည့်အဖွဲ့များအနေဖြင့်သာဆိုလျှင် တိုင်းရင်းသားအရေးကိုသာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ခြင်းကိုလုပ်နိုင်လိမ့်မည်ထင်သည်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံးက သဘောတူစာချုပ်လက်မှတ်ထိုးသည်ဆိုဦးတော့။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးတါင် တပ်မတော်၏နိုင်ငံရေး ဦးဆောင်မှုရယူရေး (ပုဒ်မ-၆(စ)) နှင့် အကျုံးဝင်ပြဌာန်းထားသော လွှတ်တော်ထဲမှ ၂၅ ရာခိုင်နှုန်းကိစ္စအပါအဝင် ကာလုံအဖွဲ့၏ လုပ်ပိုင်ခွင့်ကိစ္စတွေကို ပယ်ဖျက်ရေးအတွက်မည်မျှလုပ်ဆောင် နိုင်မည်ထင်ပါသနည်း။ အစိုးရစ်စတပ်ခေါင်းဆောင်တွေကရော လိုက်လျောနိုင်မည်ထင်ပါသလား။
  
သဘောတူညီချက်လက်မှတ်ထိုးပြီးနောက်ပိုင်းတွင် ပြုလုပ်မည့်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်များအပါအဝင် ဒီမိုကရေစီလိုလား သူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မည်မျှ အဆင့်အထိ ညှိနှိုင်းလက်တွဲ၍ အားကောင်းမောင်းသန် အနေအထားဖြစ်လာအောင် လှုပ်ရှားဆောင်ရွက်နိုင်မည်ထင်ပါသလဲ။ ဤစဉ်းစားချက်သည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအားလုံးပါဝင်သော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒီမိုကရေစီဘက်တော်သားများ၏ ညှိနှိုင်းဆုံးဖြတ်ချက်ဖြင့် အင်အားကြီးမားသော ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှု၊ အားထုတ်ဆောင်ရွက်မှုများ ဖြစ်လာနိုင်ခြေရှိပါသည်။
  
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပါ အချက်အလက်များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအားထုတ်မှုသမိုင်းတွင် နှစ်ဦးနှစ်ဖက်စလုံး၏ အပေးအယူအလျှော့အတင်းရနိုင်မှု အများဆုံး အခြေအနေ၏ ဖေါ်ပြချက်များဟု ဆိုနိုင်သည်။ ထို့ပြင်တရားဝင်ထုတ်ပြန်ကြေညာခြင်းကလည်း ယခင်အခြေအနေ၊ ကာများထက် ထူးခြားသည်။ ဤကိစ္စမှာ နိုင်ငံတာ၏ ကူညီထောက်ပဲ့မှု၊  တိုက်တွန်းမှု၊ စောင့်ကြည့်မှုတို့နှင့် ပါဆက်စပ်ပါသည်။
  
ဤအဆင့်အထိဆွေးနွေးသဘောတူခဲ့ပြီးမှ မည်သည့်အကြောင်းကြောင့်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ရေးကို “ထစ်” ထားခဲ့ရပါသနည်း။ စာချုပ်၏ အခန်း (၆)၊ အပိုဒ် ၂၄(ခ) တွင် စာချုပ်လက်မှတ်ရေးထိုးသောအဖွဲ့များကို မတရားအသင်းအဖြစ်ကြေညာထားခြင်း ပယ်ဖျက်ရေးကို ဆောင်ရွက်သွားမည်ဟု ပါရှိသည်။ သူပုန်တွေမရှိတော့လျှင် မတရားအသင်းဆိုတာမရှိတော့၊ စစ်ပွဲမရှိတော့။ ထိုအခါတွင်ငြိမ်းချမ်းသောနိုင်ငံဖြစ်နိုင်စရာအခြေအနေကောင်းများ ရှိလာ တော့ မည်။
  
နိုင်ငံတော်သမ္မတ က “ထာဝရငြိမ်းချမ်းရေး” ဟု ကြွေးကြော်ထားပြီး အပစ်ရပ်သဘောတူစာချုပ်တွင် အဖွဲ့တချို့ကို လက် မှတ်ရေးထိုးခွင့်မပြုခြင်းသည် စစ်တပ်နှင့် သမ္မတအကြားက မည်သည့်ကစားကွက်ဖြစ်ပါသနည်း။ “ထာဝရပြည်တွင်း စစ်ရှိနေရေး” အတွက် ရည်ရွယ်ချက်ရှိနေ၍ပင်လော။ သဘောတူစာချုပ်နိဒါန်းတွင် ပါရှိသော “တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိ မှုတို့အပေါ် အခြေခံသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်သည်” ဟူသောစကားကို ပြက်ရယ်ပြုခြင်း၊ ဥပေက္ခာပြုခြင်းပေလော။
  
စာချုပ်ထဲတွင် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ” ကို ဗဟိုအဆင့်၊ ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်အထိ ဖွဲ့စည်းပြီး လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသော နိုင်ငံခြားအစိုးရများ၏ ကိုယ်စားလှယ် များနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်တွင် လေ့လာသူအဖြစ်လည်းကောင်း၊ အကြံပေးအဖြစ်လည်းကောင်း၊ နည်းပညာအထောက်အကူပြုအဖြစ်လည်းကောင်း သင့်လျော်သလိုပါဝင်ရန် နှစ်ဘက်သဘောတူညီချက်ဖြင့် ဆောင်ရွက်မည်ဟုဆို ထားသည်။ တာဝန်နှင့်လုပ်ပိုင်ခွင့်များလည်း ပါဝင်သည်။ ဤသဘောတူစာချုပ်တွင် ဖေါ်ပြထားချက်များသည် မြန်မာပြည်ငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းမှုသမိုင်းတွင် အတော့ကို စနစ်ကျသော အားထုတ်မှုများဟု ပြောရပါလိမ့်မည်။
  
သို့သော် ပြဿနာကတော့ စာချုပ်လက်မှတ်ရေးထိုးရေးတွင် တစ်နိုင်ငံလုံးလက်မှတ်ရေးထိုးမှုဖြစ်လာအောင် အစိုးရဘက်ကဆောင်ရွက်မှုမရှိလာခဲ့ခြင်း၊ အပစ်ရပ်ရေးဆွေးနွေးနေချိန်တွင် ထိုးစစ်များ (တစ်လျှောက်လုံး) ရှိနေခဲ့ခြင်း၊ စာချုပ်ပါ သဘောတူညီချက်များကို  မည်သည့်အဆင့်တွင် မလိုက်နာဘဲ ချိုးဖောက်၍ ထင်ရာစိုင်းလည်မည်ကို သံသယရှိနေခြင်း၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံမူများအတိုင်း ဆောင်ရွက် ပါ့မလား ဟူသော စိုးရိမ်မှုများရှိနေခြင်း၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရဘက်မှ သူ၏ခြေတံလက်တံကိုယ်စားလှယ်များ၏ အရေအတွက် အင်အားဖြင့် အဓမ္မဖိအားသုံးများကို ပူပန်စရာအခြေအနေများရှိခြင်း အပါအဝင်မမြင်ရသေးသော ဖြစ်နိုင်ခြေလှည့်ကွက်များလည်းရှိသည်။
  
သဘောတူစာချုပ်တွင် ဖေါ်ပြထားချက်များမှာ သဘောကျစရာတွေ ပါဝင်သည်။ လက်တွေ့တွင်ပင် အားလုံးပါဝင်အောင် အစိုးရဘက်က မဆောင်ရွက်သေးပါ။ ငြိမ်းချမ်းရေးအတွက် ပြင်းပြသောဆန္ဒ၊ သန္နိဌာန်နှင့် တရားနည်းလမ်းကျသော ညှိနှိုင်းခြင်းများရှိမလာလျှင် ဤစာချုပ်သည် ဟန်ပြစာချုပ်သာဖြစ်သွားပါလိမ့်မည်။


Photo Credit : asiancorrespondent.com