ဖိုးထက် - မြစ်ပေါ်က ဆယ်ပေပတ်လည် အိပ်မက်


ဖိုးထက် - မြစ်ပေါ်က ဆယ်ပေပတ်လည် အိပ်မက်
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၆
 
မန္တလေးကနေ သီပေါအထိ ဆိုင်ကယ်စီးရသော ခရီးသည် ဆိုင်ကယ်ကို ကျင်ကျင်လည်လည် စီးတတ်သူအတွက် မဝေး လွန်း၊ မနီးလွန်း ခရီးဖြစ်သည်။ မိန်းမစီး ဆိုင်ကယ်ဟု မန္တလေးဘက်က ခေါ်ဝေါ်ကြသော အော်တို ကလပ်ခ်ျ ဆိုင်ကယ်များ ဆိုရင်တော့ ကျောတောင့်အောင် စီးယူရမည်။ ယောက်ျားစီး ဆိုင်ကယ်ဟု ခေါ်ကြသော ကလပ်ခ်ျနှင့် ဆိုင်ကယ် အမြင့်ကြီး များ ဆိုလျှင်တော့ မန္တလေး-သီပေါ လမ်းခရီးသည် သက်သက်သာသာ ရှိသည်။ မပင်မပန်း စီးသွားနိုင်သည်။ ဆိုင်ကယ်ကို အားနာစရာမလိုဘဲ တောင်တက်ခရီးလမ်းမှာ အရှိန်ကို ကိုယ် လိုချင်သလို နားနားနေနေ ထိန်းစီးနိုင်သည်။
  
သူ့ယောက်ဖတော်၏ ယောက်င်္ကျားစီး R Start ဟု မန္တလေး အခေါ် ဆိုင်ကယ် အမြင့်ကြီးကို သီပေါမသွားခင်ကတည်းက အင်ဂျင်ဝိုင်လဲသည်။ ဘရိတ်လိုင်နာတွေ အသစ်လဲသည်။ လေကာပါသည့် ဆိုင်ကယ်ဦးထုပ်ရှာငှားသည်။ သိရင် သေချာပေါက် ထတားမည့် အမေမနိုးခင်မှာ မနက်အစောကြီးကတည်းက တိတ်တိတ်လေး ခိုးထွက်ခဲ့သည်။ အမေ့စိုးရိမ်ပူပန် မှုကို အသိအမှတ်ပြုသော်လည်း ဒီအသက်အရွယ် ရောက်မှတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုစိတ်က ရှေ့ဆောင်လို့နေသည်။
  
တောင်တက်လမ်းမရောက်ခင်အထိ အောင်ပင်လယ်၊ လက်ကောင်း၊ ကျောက်မီး၊ ထုံးဘို၊ အုန်းချော၊ ကျောက်ချော အစရှိသည့် ရွာတွေကို သူခပ်သွက်သွက်ဖြတ်ခဲ့သည်။ သူ့ဆိုင်ကယ်ဘေးမှာ သစ်ပင်များ၊ ရိတ်သိမ်းပြီးစ လယ်ကွင်းများ၊ အိပ်တန်းထ ငှက်အုပ်များက ရိပ်ခနဲ့ ရိပ်ခနဲ့ ကျန်ခဲ့သည်။ ကျောက်ချောကို လွန်ကတည်းက ဆိုင်ကယ်ကြီး၏ အစွမ်းကို မြင်ရသည်။ တံတောင်ဆစ်ချိုး မတ်စောက်သော အတက်လမ်းတွေကို ဆိုင်ကယ်ကြီးက ပေါ့ပေါ့ပါးပါး ရုန်းနိုင်သည်။ အနီးစခန်းမှာ မနားတော့ဘဲ မေမြို့အထိ တောက်လျှောက်မောင်းခဲ့သည်။ မေမြို့က မောရှမ်းမှာ သူရှမ်းခေါက်ဆွဲ စားချင်သည်။ ၀က်ခေါက်ကြော်နှင့် မောရှမ်း ရှမ်းခေါက်ဆွဲ ခပ်စီးစီး တစ်ပွဲ စားသည်။ ဈေးလေးမှာ လ္ဘက်ရည် တစ်ခွက် သောက်ရင်း မေမြို့ကို သူ သတိထားကြည့်မိသည်။ အပျိုရည် ပျက်ယွန်းစ ပြုနေပြီ ဖြစ်သော်လည်း လှဆဲ၊ ပဆဲ၊ ဆွဲဆောင်မှု ရှိဆဲ မေမြို့ခေါ် ပြင်ဦးလွင်မှာ တစ်နာရီခန့် သူနားသည်။ ဆိုင်ကယ်ကို ဆီအပြည့် ပြန်ထည့်သည်။ ရေပြန်စစ်သည်။ လေပြန်ချိန်သည်။
  
ထို့နောက် မေမြို့ကနေ သီပေါအထိ ဘယ်မှာမှ သူမနားတော့ဘဲ ဆိုင်ကယ်ကို တောက်လျှောက် မောင်းလာခဲ့သည်။ လမ်းရှင်း၊ ကားရှင်းလျှင် ကီလို ၈၀ ကျော်အထိ တင်စီးခဲ့သော်လည်း အများအားဖြင့် ခပ်ဖြည်းဖြည်းမှန်မှန်သာ မောင်းခဲ့သည်။ လမ်းဘေးတစ်ဖက် တစ်ချက်ရှိ ကုန်းမြင့်များ၊ မြက်ခင်းစိမ်းများကို ဆိုင်ကယ်စီးရင်း ကြည့်မိသည်။ လှပသပ်ရပ်ဆဲ ဖြစ်သည့် ရှမ်းပြည် မြောက်ပိုင်း မြေတွေကို သူချစ်သည်။ ရိုးသားသန့်ရှင်း ဖြူစင်သည့် ရှမ်းတွေလိုဘဲ သူတို့အခြေချသည့် မြေကြီးတွေကလည်း လတ်ဆတ်သန့်စဉ်သည်။ မြန်မာပြည်၏ အထင်ကရ ရှမ်းကုန်းပြင်မြင့်။ အမိမြေကြီး၏ တာဝန်တွေကို ထမ်းပိုးထားသည့် ရှမ်းကုန်းပြင်မြင့်။
  
သီပေါကို ရောက်တော့ ဘော်ကြို ဘုရားကို အရင်ဦးဆုံး သူဝင်သည်။ ဘုရားဖူးသည်။ ထို့နောက် သီပေါမှာ သူအကြိုက်ဆုံးနေရာ ဖြစ်သည့် ဟော်ကုန်းဘက်သို့ သူထွက်ခဲ့သည်။ ဟော်ကုန်းပေါ်ရှိ ဥရောပဟန်နှင့် အရှေ့တိုင်းဟန် နှစ်ခု အချိုးကျနစွာ ပေါင်းစပ် တည်ဆောက်ထားသည့် သီပေါဟော်နန်းအရှေ့ဘက်မှာ ဆိုင်ကယ်ကို လမ်းဘေး ထိုးရပ်ထားရင်း လှမ်းမျှော်ကြည့်မိသည်။ ဒီအိမ်ကြီးထဲမှာ လွမ်းစရာ အလွမ်းတွေ၊ စစ်မှန်တဲ့ ချစ်ခြင်း မေတ္တာတွေ၊ ဥာဏ်ပညာတွေ  ပေါက်ဖွားခဲ့သည်။ ပြီးတော့ အတ္တလွန်ကဲသည့် အနိုင်ကျင့် စော်ကားမှုများကို ဟော်နန်းကြီးက သူ့ကို လှမ်းပြီး တိုင်တည်နေသည်လို့ ခံစားရသည်။ မြန်မာတစ်ယောက်ဖြစ်သည့် သူ့အတွက် သီပေါဟော်နန်းကြီးကို အားနာသည်။ စိတ်မလုံမလဲ ခံစားရသည်။ တိုးတက် ထက်မြက်သော သီပေါစော်ဘွား စ၀်ကြာဆိုင်ကို ရက်စက်၊ စော်ကား၊ အနိုင်ကျင့်ခဲ့ကြသော လူတွေဟာ မြန်မာတွေပါလားဆိုသည့် စိတ်အတွေးက ၀င်လာသည်။ ကျောင်းစာတွေထဲက သမိုင်းတွေထက်ပိုပြီး သိမြင်ခံစားတတ်လာသည့် နှလုံးသားနှင့် အတွေးကို ရနိုင်သော အသက်အရွယ်တောင် ရောက်လာခဲ့ပြီး ဖြစ်သည်။
  
သီပေါကို သူ မကြာခဏရောက်ဖူးသည်။ ကျောင်းသားဘ၀က အနည်းဆုံး တစ်နှစ်တစ်ခေါက်တော့ သူရောက်သည်။ ဘုန်းကြီးကျောင်းတွေမှာ တည်းသည်။ နှစ်ည၊ သုံးညလောက် အိပ်သည်။ စက်ဘီးတောင် မငှားဘဲ တစ်မြို့လုံးကို ခြေကျင် လျှောက်လည်သည်။ little bagan ဘက်အထိပင် သူက လမ်းလျှောက်သွားတတ်သည်။ တွေ့သမျှ နိုင်ငံခြားသားတွေနှင့် တတ်ထားသော အင်္ဂလိပ်စာလေးနှင့် လိုက်စကားပြောသည်။ အဖွဲ့ကျသည်။ သူတို့နဲ့ အတူတူ လိုက်လည်သည်။ အလကားမတ်တင်း တိုးရစ်ဂိုက် လိုက်လုပ်သည်။
  
နောက်..ကျောင်းပြီးလို့ ဘ၀အမောတွေနှင့် သူကျင်လည်ရပြန်တော့လည်း သီပေါမြို့ကလေးက သူ့ရင်ထဲကနေ အဝေးကြီးထွက်မသွား။ မန္တလေးကို ရောက်တိုင်း သီပေါမြို့လေး ဘယ်လို ရှိသလဲ မေးရတာ အမော။ သူ့စိတ်ဝင်စားမှုကို သိသည့် ယောက်ဖတော်က သီပေါမှာ မြေလေး တစ်ကွက်ဝယ်ပေးမယ်။ ပိုက်ဆံ ပို့ပေးဆိုတာနှင့် ပိုက်ဆံစုပြီး ပို့ပေးခဲ့သည်။ သူ့မြေကွက်လေး ဘယ်လို ရှိမှန်းပင် သူမသိ။ မြစ်ရဲ့ အပေါ်မှာ။ နေရာ ကောင်းတယ်။ အကျယ်ကြီးတော့ မဟုတ်ဘူး ဆိုတာလောက်နှင့်ပြီးခဲ့သည်။ နောက် သူမန္တလေး ရောက်တော့ သူ့ရဲ့ သီပေါက မြေကွက်လေးကို သွားကြည့်ဖြစ်သည်။ အဲဒီကတည်းက သူ့ရင်ထဲမှာ ဘယ်သူ့မှဖွင့်မပြောဖြစ်ခဲ့သော အိပ်မက်တစ်ခုက ပြက်ပြက်ထင်ထင် ပြန်မက်မိပြန်သည်။
  
သူ့အိပ်မက်က အသက်ကြီးလို့ အနားယူရင် မြေနဲ့၊ ခြံနဲ့၊ ပန်းပင်လေးနဲ့၊ ချစ်ရခင်ရ မြတ်နိုးရသော သူနဲ့၊ ခွေးတစ်ကောင်၊ ကြောင်တစ်ကောင် နဲ့ နေချင်သည့် အိပ်မက်။ သူ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ သူ့မြေကွက်လေးက ဖိတ်ခေါ်သည်။ သီပေါက သူ့မြေကွက်လေးအပေါ်မှ စီးမိုးကြည့်လျှင် ဒုတ္ထ၀တီမြစ်ကြီးကို မြင်ရသည်။ ကားသံ၊ လူသံတွေမကြားရ။ ဘေးက အိမ်ဝိုင်းတွေက သစ်ပင်၊ ပန်းပင်၊ စားပင်တွေကို စိုက်စားသည့် နယ်ခံတွေ။ အနေအေးကြသည်။ စပ်စပ်စုစု မရှိ။ ရောင်းချင်ရင် အခုချိန် ဈေးကောင်းရတယ်လို့ တိုက်တွန်းကျသော်လည်း သူ့အိပ်မက်ကို ဘယ်သူ့ကိုမှ ဖွင့်မပြောဖြစ်ခဲ့သော်လည်း မရောင်းပါဘူး။ ဘာလုပ်ဖို့လဲ။ ငှားတဲ့သူ ရှိရင် ထားချင်ထားလိုက်ပေါ့ဟုသာ အဖြေပေးခဲ့သည်။

သူ့မြေကွက်လေးကို သူ့ယောက်ဖ၏ ရန်ကုန်မှ သူငယ်ချင်း တစ်ဦးက ငှားသည်။ ကော်ဖီဆိုင်ဖွင့်သည်။ မြေကို ပြင်ယူသည်။ ကုန်းတွေကို ညီအောင် ညှိယူသည်။ ပန်းပင်တွေကို သပ်သပ် ရပ်ရပ် စိုက်သည်။ မြစ်ကြီးနဲ့ ရှမ်းကုန်းပြင်မြင့်ကြီးကို စီးမိုးမြင်ရသည့် သူ့မြေကွက်လေးပေါ်ရှိ သူတို့၏ ကော်ဖီဆိုင်လေးသည် နိုင်ငံခြားသားတွေအတွက် အေးအေးလူလူ လာထိုင်သည့် နေရာ ဖြစ်နေတယ်ဆိုတာလောက်ဘဲ သူသိခဲ့သည်။ နောက်တော့ ငှားသူတွေက အပိုင်ဝယ်ချင်သည်။ ပေါက်ဈေးထက် အများကြီး ပိုသည့် ငွေကြေးဖြင့် ၀ယ်ဖို့ ညှိသည်။ အိမ်က လူတွေကလည်း သူ့ကို ရောင်းလိုက်ပေါ့။ နောက်မှ ပြန်ဝယ်ပေါ့လို့ တိုက်တွန်းသော်လည်း သူက ခေါင်းမာခဲ့သည်။ မရောင်းပါဘူး။ ကျွန်တော်မှ ငွေမလိုဘဲ။ အလုပ် လုပ်နေတာဘဲ။ သူတို့ ဆက်ငှားချင် ငှားပေါ့ဟု သာ အဖြေပေးခဲ့ပြန်သည်။ အခု တစ်ခေါက် မန္တလေးကို ရောက်စဉ် သူ့မြေကွက်လေးကို လာကြည့်ခြင်းသာ ဖြစ်သည်။
  
ဆိုင်ကယ်ကို ကော်ဖီဆိုင်လေးထဲသို့ ချိုးဝင်လိုက်တော့ ယောက်ဖ၏ သူငယ်ချင်း ကော်ဖီဆိုင် ပိုင်ရှင်က ထွက်ကြိုသည်။
  
“နောက်ကျတယ်ကွာ။ စိုးရိမ်နေတာ။ လမ်းမှာများ ဆိုင်ကယ် ပျက်နေသလားလို့”
  
“ဘုရားဘက် ၀င်နေတာ။ ဟော်ကုန်းဘက်လဲ တက်သွားနေလို့။ ဘယ်လိုလဲ နေကောင်းကြရဲ့လား အစ်ကိုတို့”
  
“အေး ကောင်းတယ်ကွ။ မင်းကို ငါတို့က စောင့်နေကြတာ။ မင်းနဲ့ စကားပြောစရာတွေ အများကြီး။ ခဏနားပြီးရင် ငါတို့နဲ့ နေ့လည်စာ တစ်ခါတည်း ၀င်စားကွာ။ နောက်မှ အေးအေးဆေးဆေး စကားပြောတာပေါ့။ ည အိပ်မယ် မို့လား”
  
“အိပ်မယ် အစ်ကို..ကျောတစ်ခင်းစာဘဲ ပြင်ပေးပါ။ ကရိကထ မများကြပါနဲ့” ဟု သူမှာရင်း ဆိုင်နောက်ဖက်ကို ထွက်လာခဲ့သည်။ ပုသိမ်ထီး အကြီးကြီးတွေအောက်မှာ စီချထားသော ထိုင်ခုံတွေက အညာပုံစံ၊ မြန်မာမှု မြန်မာ့ဟန် အပြည့် သစ်သားစားပွဲ၊ ကုလားထိုင်များ။ ကျည်ဆန်ရထားတွေ၊ စက်လှေခါးတွေ၊ ဓာတ်လှေခါးတွေ၊ မိုးပျံတိုက်တာကြီးတွေနှင့် အသားကျနေသည့် အနောက်နိုင်ငံသားများ မဆိုထားနှင့် အညာမှာမွေး၊ အညာမှာ ကြီးပြင်းခဲ့သည့် သူ့အတွက်သော်မှ ရိုးသားသန့်ရှင်း ပကာသန မပါသည့်ဆိုင် အပြင်အဆင်ကို အသိအမှတ်မပြုဘဲ မနေနိုင်။
  
သူ့အောက်ဘက်ကို ငုံ့ကြည့်လိုက်တော့ နေ၀င်ချိန် နေရောင်အောက်မှာ မြစ်ကြီးက ရဲရဲနီနေသည်။ နိုင်ငံခြားသား ဧည့်သည် တစ်ချို့ကတော့ အရောင်အသွေး စနစ်တကျ ပေါင်းစပ်ထားသည့် သဘာဝအလှကို ငေးမောနေကြသည်။ သူတို့၏ တယ်လီဖုန်းတွေ၊ ကင်မရာ အရှည်ကြီးတွေကို ဘေးချပြီး ကော်ဖီခွက်ကိုင်ကာ သဘာဝအလှကို အပြည့်အ၀ခံစားနေသည့် သူတို့ကို ကြည့်ပြီး ဘယ်နေရာ ရောက်ရောက် ဓာတ်ပုံရိုက်ပြီး Facebook ပေါ် တင်ချင်သည့် သူချစ်ခင်မြတ်နိုးရသော လူတစ်ယောက်ကို သတိရရင်း လွမ်းမိသွားသည်။ သဘာဝအလှအပတရားဆိုတာ ကိုယ်တိုင်ခံစားဖို့က အရင်ကွ၊ အတ္တကြီးတယ်လို့ဘဲ ဆိုဆို ကိုယ်တိုင် ၀အောင် အရင်ခံစားပါကွာ၊ မင်းရဲ့ အတုအယောင် ကမ္ဘာကြီးကို မေ့ထားပါလို့ စကားကြီး စကားကျယ် ပြောခဲ့ဘူးတာ သတိရသွားသည်။ သူနဲ့ သူမက အတွေးအခေါ်မတူ။ ခံယူချက်မတူ။ ပုံစံကွဲ မာန အပြိုင်ထားကြသော လူနှစ်ယောက် ဖြစ်ခဲ့ကြတာကို သတိရသွားသည်။ သူ့အိပ်မက်ထဲအထိ မကြာခဏ ရောက်ရောက်လာတတ်သော မိန်းကလေး။ အခုတော့ သူပျော်တဲ့ အသိုင်းအ၀ိုင်းမှာဘဲ ပျော်ပျော်ကြီး ကျင်လည်နေရောပေါ့လို့ တွေးဆွေးသွားသည်။
  
“ညီလေးရေ..ထမင်းစားရအောင်ဟေ့..မင်းကြိုက်တဲ့ ခရမ်းချဉ်သီး ပဲပုတ်ချက် ရှိတယ်။ လာစားကွာ။ နောက်မှ အေးအေး ဆေးဆေး ကြည့်ပြီး ခံစားပေတော့။ မင်းမြေကွက်ကတော့ မင်းကော ၊ ငါရော အကျိုးပေးတယ် ပြောရမယ်ကွ။ တောင်ဇလပ် တွေ ငါ အများကြီး ချထားတယ်။ တွေ့တယ်မို့လား။ ကော်ဖီဆိုင်လေးကလဲ အောင်မြင်တယ် ပြောရမယ်။ ဒါကြောင့် မင်းယောက်ဖ တောင်းတာထက် ငါတို့က ပိုပေးထားခဲ့တာကွ”
  
သူသိပါသည်။ သူတို့ပေးနေတာ မြေငှားရမ်းခက မနည်းဘူး ဆိုတာ သူသိသည်။ ဒါကြောင့်လည်း စီးပွားရေး မဆန်သော၊ ကိုယ့် အကျိုးသာ ကိုယ် ကွက်ပြီးမမြင်တတ်သော သူတို့ကို မငှားတော့ဘူးလို့ တစိမ်းဆန်ဆန် မပြောဖြစ်ခဲ့ခြင်းသာ ဖြစ်သည်။ သူ့အလိုအရသာဆိုလျှင် အိမ်လေး သေးသေးလေး တစ်လုံး ပိုက်ဆံ စုပြီး စဆောက်ချင်ပြီ။ မီးဖိုချောင်နှင့် ထမင်းစားခန်းတွဲလျက် တစ်ခန်း။ ရေချိုးခန်း၊ အိမ်သာပါ အိပ်ခန်း နှစ်ခန်း။ စာဖတ်ခန်း တစ်ခန်း။ ဆင်ဝင်နဲ့ ဧည့်ခန်းတွဲရက် တစ်ခန်း။ မလိုအပ်တာတွေ တစ်ခုမှ အပြင်အဆင် မရှိသည့် အိမ်ကလေး။ အပိုပစ္စည်းတွေနဲ့ ရှုပ်ပွမနေသော အိမ်ကလေး။ စာအုပ်တွေ၊ ပန်ချီကားတွေနှင့် ပြည့်နေမည့် အိမ်ကလေး။ သူ့အိပ်မက်ထဲက ရိုးရှင်းသောအိမ်လေး သေးသေး တစ်လုံးကို စဆောက်ချင်နေပြီ။ ဒါပေမယ့် သူတို့ရဲ့ အသားကျပြီးသား စီးပွားရေး တစ်ခုကို ဖျက်ပြီး သူ့အိပ်မက်ကို စတင် အကောင်အထည်ဖော်ရမှာ ကြတော့လည်း မသက်မသာ ခံစားရပြန်သည်။ အားနာတယ်ဆိုတာ ပျော့ညံ့ခြင်း တစ်မျိုးဘဲလို့ စာထဲမှာ သူဖတ်ဘူးသော်လည်း သူ့ကို ညီလေး တစ်ယောက်လို သံယောဇဉ်ရှိ၊ မိသားစုဝင်တစ်ယောက်လို အသိအမှတ်ပြုသည့် သူတို့ကို အားမနာလို့ မရ။ အကျိုးလိုလို့ ညောင်ရေ လောင်းကြသည့် လူ့လောကကြီးထဲမှာ၊ လက်ဖ၀ါးတွေ လှန်ထားကြသော လူတွေကြားမှာ ကျင်လည်နေသော သူ့အတွက် သူတို့ရဲ့ ဖြူစင် သန့်ရှင်းသော စိတ်၊ စေတနာတွေကြောင့် အားနာခြင်း မနာခြင်းထက် ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်က ပိုအလေးသာသည်။
  
ဆိုင်ကယ်စီးလာရသဖြင့် ပင်ပန်းသလော၊ နေ့ခင်းစာစားဖို့ နောက်ကျ နေသောကြောင့်လား သူထမင်းစားလို့ ကောင်းသည်။ ငရုပ်သီး ခပ်စပ်စပ် ရှမ်းပဲပုတ် ခရမ်းချဉ်သီးချက်နှင့် ဂျူးမြစ်ကြော် ကိုသာ ဖိတွယ်နေသည့်သူ့ကို သူတို့ လင်မယားက အားရ ပါးရ စားစေသည်။ စားသောက်ပြီးလို့ ရေနွေးကြမ်း သောက်ရင်း ထိုင်မိကြတော့ သူမျှော်လင့်ထားသော သူတို့ စကားတွေ ကြားရသည်။ အိမ်ဝိုင်းကို ရောင်းဖို့။ ငွေကို ဂရုမစိုက်ဘူး၊ အလေးမထားဘူး ဆိုပေမယ့် လိုချင်တဲ့ အတိုင်းအတာသာ အားမနာတမ်းပြောဖို့ တိုက်တွန်းသော်လည်း သူက ရီဘဲ ရီနေလိုက်သည်။ စဉ်းစားပါ့မယ် အစ်ကိုတို့။ စိတ်မပူပါနဲ့။ အစ်ကိုတို့ အခြေကျပြီးသားစီးပွားရေးကို ကျွန်တော် ဘာမှ အနှောင့်အယှက် မပေးပါဘူး။ စိတ်ချပါဟု ကတိ အတန်တန် ပေးလိုက်ရသည်။
  
နောက်ရက် မနက် အစောကြီးရောက်တော့ မနက်အစောကြီး သူနိုးနေသည်။ သူ့အိပ်မက်ထဲက အတိုင်း မနက်လင်း အိပ်ရာနိုးတာနှင့် အဲယားကွန်း လည်ပါတ်သံ၊ ကားသံ၊ လူသံတွေ မကြားရဘဲ ငှက်ကလေးတွေ အသံ၊ သစ်ရွက်တွေ အချင်းချင်း ပွန်းတိုက်လှုပ်ရှားသံ။ နောက်ပြီး ရေစီးဆင်းသံတွေကို အိပ်ရာထဲကနေ အတိုင်းသားကြားနေရသည်။ မြစ်ကြီးနဲ့ သူ့မြေကွက်လေးက လှမ်းသော်လည်း ရေသံတွေကို ပီပီသသ ကြားနေရသည်။ မြစ်တွေမှာ ကိုယ်ပိုင် အသံတွေ ရှိတယ်ဆိုတာ ဟုတ်တယ်လို့ တွေးမိလိုက်သည်။ ထို့နောက် အိပ်ရာထဲကနေ လူးလဲထပြီး ခြံနောက်ဖက်သို့ သူထွက်ခဲ့ပြန်သည်။ ဆိုင် အလုပ်သမားတွေ ထပြီး အလုပ်စနေကြပြီ ဖြစ်ပေမယ့် သူ့ကို ဘယ်သူမှ သတိမထားမိကြ။
  
ခြံနောက်ဘက် ထောင့်မှာ မြေကွက်လပ်လေး တစ်ခု လွတ်နေသည်။ သူတို့က သက်သက်မဲ့များ ဒီနေရာကို အလွတ်ထားသလား။ ဘာကြောင့်လဲသူမသိ။ ဘာသဘောလဲ သူမသိ။ အဲဒီနေရာက တကယ်ဆိုရင် ခြံတစ်ခုလုံး၏ အကွက်အကွင်း အကောင်းဆုံးနေရာ။ မြစ်ကြီးအပေါ်မှာ လင့်စဉ်ထိုးပြီး အိပ်စက် နေသလို ခံစားရသည့် နေရာ။ ထိုမြေကွက်လပ်လေးပေါ်မှာ သူ အပြန်အလှန် လျှောက်မိသည်။ အနံ ရှစ်လှမ်း။ အလျား ဆယ်လှမ်း။ သူ့စိတ်အတွေး တစ်ခုကြောင့် သဘောအကျကြီးကျကာ တစ်ယောက်တည်း နှစ်နှစ်ခြိုက်ခြိုက်ကြီး ပြုံးမိလိုက်သည်။
  
မနက် ကိုးနာရီခန့် မနက်စာစားပြီးလို့ သူပြန်တော့မယ်ဆိုတော့ သူတို့ လင်မယားက ထပ်ပြောပြန်သည်။ သူတို့ သံယောဇဉ်ဖြစ်နေပြီ ဖြစ်သည့် ဒီမြေကွက်ကို ရောင်းဖို့။ မရောင်းရင်လဲ အပြတ်ပြောဖို့။ ဒီပြင်နေရာ ရှာထားရမည်ဟု ဆိုသည်။ ဆိုင်ကယ်ပေါ် တက်ပြီးမှာ သူပြန်ဆင်းလိုက်သည်။ ပြီးမှ..
  
“အစ်ကိုလာ..အမနေခဲ့နော်..အစ်ကိုနဲ့ ကျွန်တော် ပြောစရာ ရှိတယ်…ခြံနောက်ဖက်ကိုသွားရအောင်..”
  
သူ့ယောက်ဖ၏ သူငယ်ချင်း ဖြစ်သူက အူကြောင်ကြောင် မျက်နှာ၊ တွေးမရသည့် မျက်နှာဖြင့် အနောက်မှ လိုက်လာသည်။ မနက်က သူအပြန်ပြန် အလှန်လှန် လမ်းလျှောက်ခဲ့သည့် ဆယ်ပေပါတ်လည်ခန့် ရှိသည့် မြေကွက်လပ်လေးပေါ်ရောက်မှ..
  
“ကျွန်တော် အရှင်းအပြတ် ပြောခဲ့ပါ့မယ်။ ကျွန်တော် အသက်ရှင်နေသရွေ့..ဒီမြေကြီးကို ကျွန်တော် မရောင်းဘူး အစ်ကို..ဘယ်သူ့ကိုမှလဲ အမွေအနှစ်အဖြစ် ချန်ထားခဲ့မှာ မဟုတ်ဘူး။ ကျွန်တော် သေရင်တော့ ဒီမြေကြီးကို မိဘမဲ့ ဂေဟာတစ်ခုအတွက် လွှဲပေးခဲ့ဖို့ စီစဉ်ပြီးပြီ။ သူတို့ ကြိုက်ရာ လုပ်ပါစေ။ နောက်ပြီး.. ကျွန်တော် အသက်ရှိနေသရွေ့ အစ်ကိုတို့ ဒီစီးပွားရေးကို ဆက်လုပ်ပါ။ မြေငှားခကိုလဲ ဘယ်သူ့ဘက်မှ မနာရအောင် ပြန်ညှိပါ။  ငါတို့ကို ဘယ်အချိန်၊ ဘယ်တော့၊ ဘယ်လို မောင်းထုတ်မှာလဲဆိုတဲ့ အတွေးလဲ ဖယ်ပါ အစ်ကို..ကျွန်တော် မလုပ်ပါဘူး။ ဘယ်သူမှလဲ မလုပ်စေရဘူး။ ဒီမြေနေရာဟာ ကျွန်တော့် နာမည်ပေါက်။ ထားခဲ့ရပေမယ့် ဒီဘ၀မှာ ကျွန်တော် ပိုင်တယ်။ ဒါပေမယ့် ကျွန်တော် အနားယူဖြစ်ခဲ့ရင်..ဘ၀ရဲ့ နေ၀င်ချိန်တွေ ရောက်လို့ ကျန်းမာရေးလဲ ကောင်းခဲ့ရင် အခု အစ်ကိုနဲ့ ကျွန်တော် ရပ်နေတဲ့ ဆယ်ပေပါတ်လည် ဒီနေရာလေးကိုတော့ ကျွန်တော့်ကို ပေးပါ။ ဒီအပေါ်မှာ နှစ်ထပ် ပျဉ်ထောင်အိမ်သေးသေးလေး ကျွန်တော် ဆောက်မယ်။ ခွေးတစ်ကောင်ပါမယ်။ ကြောင် တစ်ကောင်ပါမယ်။ နောက် ကျွန်တော် ချစ်တဲ့လူတစ်ယောက် ပါချင် ပါမယ်။ အဲဒီလူဟာ ဒီမြေကြီးနဲ့ ရုပ်ဝတ္ထုတွေကို မတပ်မက်၊ မမက်မောသူ ဖြစ်စေရမယ်။ ဒါပါဘဲ။ ကျွန်တော် အချိန်လင့်နေပြီ။ မေမြို့က သူငယ်ချင်းဆီကိုလည်း ခဏ၀င်ချင်တယ်။ သွားတော့မယ်” ဟု ပြောကာ လှည့်ထွက်ခဲ့သည်။ ဆိုင်ရှင်က သူတို့ရပ်နေခဲ့သည့် မြေကွက်လပ်လေးကို လှည့်ကြည့် လှည့်ကြည့် လုပ်ရင်း သူ့နောက်က ပြန်လိုက်လာသည်။
  
ဆိုင်ကယ် အမြင့်ကြီးပေါ် တက်ကာ မောင်းထွက်သွားသော သူ့ကို သူတို့လင်မယားနှစ်ယောက်က နားမလည်သော မျက်နှာဖြင့် ငေးကြည့်ရင်း လက်ပြ နှုတ်ဆက်ကြသည်။ သူ့စိတ်ထဲမှာတော့ လီယိုတော်စတွိုင်းရေးတာလား၊ ချက်ကော့ရေး တာလား မမှတ်မိပေမယ့် လူတစ်ယောက် မြေ ဘယ်လောက် လိုသလည်း ဆိုသည့် မေးခွန်းပါသည့် ၀တ္ထုတိုလေးကို သတိရလာသည်။ လူတစ်ယောက်ဟာ နောက်ဆုံးမှာတော့ ခြောက်ပေ၊ နှစ်ပေဘဲ လိုသည်တဲ့။ အခု သူလိုတာက ဆယ်ပေပါတ်လည်။ လောဘကြီးသလိုလို ဖြစ်နေသော်လည်း သူတကယ်လိုအပ်တာ အဲဒီ မြစ်ကြီးပေါ်က ဆယ်ပေပါတ်လည် မြေနေရာလေးသာ ဖြစ်သည်။

ဖိုးထက်