ကိုသစ် (သီတဂူ) - အာရှတိုက်ရဲ့ လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့် (သို့) ဒေါက်တာရီဇော်


ကိုသစ် (သီတဂူ) - အာရှတိုက်ရဲ့ လင်းလက်တောက်ပတဲ့ ကြယ်တစ်ပွင့် (သို့) ဒေါက်တာရီဇော်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆

ဘာကြောင့်မှန်း မသိ။ အခုတလော ကျနော့်ခေါင်းထဲကိုရောက်ရောက်လာသောပုဂ္ဂိုလ်မှာ ဒေါက်တာ ရီဇော်ပင်ဖြစ်သည်။ သူ့နာမည်အပြည့်အစုံက Jose Protasio Rizal Mercado y Alonso Realonda ။ အလွယ်ခေါ်တော့ ဟိုဆေးရီဇော်တဲ့။ ဒေါက်တာဟိုဆေးရီဇော်ဟုပြောလျှင် ဖိလစ်ပိုင်အမျိုးသား ခေါင်းဆောင် ကြီးမှန်း လူတိုင်းနီးပါး သိထားကြပြီးဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာ ဟိုဆေးရီဇော်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် လူ့လောကကြီးထဲက ထွက်ခွါသွားခဲ့ရသည့်တိုင် သူက ဘ၀စုံသည်။ သူက ဆရာဝန်၊ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီဆရာ၊ ပန်းပုဆရာ၊ ဗိသုကာပညာရှင်၊ စသဖြင့် စသဖြင့် ဘ၀စုံမှာ ကျင်လည်ခဲ့သူဖြစ်သည်။ သူ့ကို ဖိလစ်ပိုင်ပြည်သူတွေက အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ယနေ့ထိတိုင် လွမ်းဆွတ်တသ သတိရနေကြဆဲပင်ဖြစ်သည်။

၁၈၆၁-ခု ဇွန်လ ၁၉-ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံက ကလမ်ဘူခေါ်သော အရပ်ဒေသမှာ ဒေါက်တာရီဇော်ကို မွေးဖွားခဲ့သည်။ မွေးချင်း ၁၁-ယောက်ထဲမှာ သူက ၇-ယောက်မြောက်ဖြစ်သည်။ မိဘများက တရုတ်အနွယ် များဖြစ်ပြီး ငွေကြေးပြည့်စုံသည့် လယ်သမားများဖြစ်သည်။

ဒေါက်တာရီဇော်က ငယ်ငယ်ကတည်းက ထူးချွန်သူဖြစ်သည်။ မြေတိုင်းပညာရပ်ဖြင့် ၁၈၇၈-ခုနှစ်၊ မေလထဲမှာ ဘွဲ့ရခဲ့သော်လည်း သူ့အသက်က ၁၇-ခုနှစ်သာရှိသေးသောကြောင့်ဟုဆိုကာ လုပ်ခွင့်လိုင်စင် ချမပေးခဲ့။ ၁၈၈၁-ခုနှစ်မှာမှ လုပ်ခွင့်လိုင်စင်ရသည်။ ၁၈၇၈-ခုနှစ်မှာ ဆန်တိုတိုမက်စ်တက္ကသိုလ်မှာ ဆေးကျောင်း သားတစ်ယောက်အဖြစ် တက်ရောက်ခဲ့ဘူးသည်။ ပါမောက္ခတွေက ဖိလစ်ပိုင်ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံသောကြောင့် ဆေးကျောင်းက ထွက်ပစ်လိုက်သည်အထိ ဟိုဆေးရီဇော်က သတ္တိပြောင် မြောက်သူဖြစ်သည်။

၁၈၈၂-ခုနှစ်တွင် စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ထွက်ခွါသွားပြီး ဆေးကျောင်းဆက်တက်ပါသည်။ သူ့အသက် ၂၃-နှစ်မှာ မက်ဒရစ်ဆေးတက္ကသိုလ်က ဒေါက်တာဘွဲ့ရရှိခဲ့ပြီး နောက်တနှစ်မှာ ဖီလိုဆိုဖီဘာသာရပ်ဖြင့် ဘွဲ့ထပ်ယူပစ်လိုက်သည်ထိ ဒေါက်တာရီဇော်က စာတော်သူဖြစ်သည်။

သူစပိန်နိုင်ငံမှာရောက်ရှိနေသည့်နှစ်များတွင် မိခင်ဖြစ်သူမှာ မျက်စိကွယ်သွားလေသည်။ သည်အကြောင်းကို ဒေါက်တာရီဇော်သိလိုက်ရတဲ့အချိန်မှာ အမေဖြစ်သူရဲ့ မျက်လုံးကို သူကိုယ်တိုင် ခွဲစိပ်ကုသလိုစိတ် ဖြစ်ပေါ် လာခဲ့သည်။ သူ မျက်စိခွဲစိပ်ပညာ သင်မှရတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။ သူအမေရဲ့ မျက်လုံးကို သူကိုယ်တိုင် ကုသပေးချင်သည့်စိတ်ကြောင့် ပြင်သစ်နိုင်ငံကို ထွက်လာခဲ့သည်။ ဟိုက်ဒင်ဘာ့ တက္ကသိုလ်မှာ မျက်စိခွဲစိပ်ပညာကို သင်ယူလေသည်။ သူ့ဆရာက နာမည်ကျော်ပါမောက္ခကြီး အောတိုဘေ ကာဖြစ်သည်။ ၁၈၈၇-ခုနှစ်မှာ မျက်စိခွဲစိပ်အထူးကုဘာသာရပ်ဖြင့် ဒုတိယမြောက်ဒေါက်တာဘွဲ့ကို ရရှိခဲ့လေသည်။

ဒေါက်တာရီဇော်သည် ဥရောပမှာ ၁၀-နှစ်ကြာ နေထိုင်ခဲ့ပြီး ဘာသာစကား ၁၀-မျိုးကို ကျွမ်းကျင်တတ်မြောက် သည်အထိ ထူးချွန်သူဖြစ်သည်။ အဲဒီအချိန်တုန်းက ဒေါက်တာရီဇော်သည် ဥရောပရောက် ဖိလစ်ပိုင် ကျောင်းသားတို့ ငေးမောအားကျရသည့် ပညာတတ်လူငယ်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူဖြစ်ပါသည်။

ဒေါက်တာရီဇော်က ကျောင်းစာမှာတင် တော်သူမဟုတ်၊ သူက သိုင်းပညာ တတ်သည်။ စာသင်စာရေးလည်း ကောင်းသည်။ သတင်းစာပညာနဲ့ ပန်းချီဆွဲခြင်းတို့မှာလည်း ထူးချွန်ပြောင်မြောက်သူဖြစ်သည်။ သူရဲ့ နာမည်ကြီးလက်ရာ ပထမဆုံးစာအုပ် No li Me Tangere ကို ဥရောပမှာ နေထိုင်စဉ် စပိန်ဘာသာဖြင့် ရေးသား ခဲ့လေသည်။ သည်စာအုပ်က စပိန်ကိုလိုနီအစိုးရနဲ့ ခရစ်ယာန်ဘုန်းတော်ကြီးတွေရဲ့ လွှမ်းမိုးခြယ်လှယ်နေမှုကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ထားသည့် မျိုးချစ်စိတ်ဓာတ်ကို နိုးကြားစေသည့် စာအုပ်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံကို စပိန်တို့ အုပ်စိုးနေချိန်မှာ ဒေါက်တာရီဇော်ရဲ့ သည်စာအုပ်က သူဟာ စပိန်ကိုလိုနီတို့အတွက် အန္တရာယ်အရှိဆုံးလူတစ်ယောက်အဖြစ် ပိုမိုခိုင်မာသွားစေခဲ့သည်။ မိခင်နိုင်ငံဖိလစ်ပိုင်ကို ပြန်ဝင်ချိန်မှာ စပိန်တာဝန်ရှိပုဂ္ဂိုလ်တို့က ဒေါက်တာရီဇော်ကို ခေါ်ယူစစ်ဆေးခဲ့ပြီး စပိန်အစိုးရကို အနှောင့်အယှက်မပေးဖို့ သတိပေးခဲ့သေးသည်။ ဒေါက်တာရီဇော်ရဲ့ ရှင်းလင်းချက်များကို အစိုးရပိုင်းက လက်ခံကျေနပ်သည့်တိုင် ခရစ်ယာန်ဘုရားကျောင်းအသိုင်းအ၀ိုင်းက ခွင့်မလွှတ်နိုင်ခဲ့။ ဒေါက်တာရီဇော်က ၁၈၉၁-ခုနှစ်မှာ သူ့ရဲ့ ဒုတိယမြောက်စာအုပ်ကို ထုတ်ဝေလိုက်သည်။ သည်စာအုပ်က နိုင်ငံရေးစာအုပ်ဖြစ်ပြီး စပိန်အစိုးရ အနေဖြင့် ဖိလစ်ပိုင်ပြည်သူတွေအပေါ် ချမှတ်ထားသည့် တင်းကျပ်မှုများကို အဆုံးသတ်ရန် နှင့် ဖိလစ်ပိုင်နိုင်ငံ ကို လွတ်လပ်ရေးပေးရန် လှုံ့ဆော်ထားလေသည်။ သည်စာအုပ်ကြောင့် ဒေါက်တာရီဇော်ကို အန္တရာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ဦး၊ တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီး တိုင်းပြည်ရဲ့ ရန်သူစာရင်းထဲမှာ ထိပ်ဆုံးက ရေးသွင်းထားလိုက်လေသည်။ သိပ်မကြာခင်မှာပဲ ဖိလစ်ပိုင်တော်လှန်ရေး အတွက် ကြိုးပမ်းနေသည့် ဒေါက်တာရီဇော်ကို ဒါပီတန်သို့ ပြည်နှင်ဒဏ်ပေးလိုက်ပါတော့သည်။ ဖိလစ်ပိုင်ပြည်သူများအကြားတွင် အမျိုးသားရေးစိတ်များ ပိုမိုပြင်းထန်လာခဲ့သည်။ ဒါပီတန်တွင် လေးနှစ်ကြာ ပြည်နှင်ဒဏ်ခံနေရစဉ် Josephine Bracken ဆိုသောမိန်းကလေးနှင့် ချစ်ကြိုက်ခဲ့ပြီး ဘုရားကျောင်းမှာ လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် ဘုရားကျောင်းက သူတို့ချစ်သူနှစ်ဦးကို လက်ထပ်ခွင့်မပေးခဲ့သည်အထိ ဒေါက်တာရီဇော်အပေါ် အငြိုးတေးကြီးမားခဲ့ဖူးသည်။

၁၈၉၆-ခုနှစ်မှာ ဖိလစ်ပိုင်တော်လှန်ရေးကြီးပေါ်ပေါက်လာသောအခါ ဒေါက်တာရီဇော်က အကြမ်းဖက် တိုက်ခိုက်မှုများကို လူသိရှင်ကြား ပြစ်တင်ရှုတ်ချလိုက်ပါသည်။ ကျူးဘားနိုင်ငံသို့အသွား လမ်းခုလတ်မှာ ဒေါက်တာရီဇော်ကို စပိန်အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီး စစ်ခုံရုံးဖွဲ့ပြီး စစ်ဆေးခဲ့သည်။ နိုင်ငံတော် လျှို့ဝှက်ကြံစည်မှုဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုတို့ဖြင့် စွပ်စွဲလိုက်ပြီး ဒေါက်တာရီဇော်ကို သေဒဏ် ချမှတ်လိုက်ပါသည်။ သေဒဏ်ပေးဖို့ နှစ်နာရီအလိုမှာမှ သူ့ချစ်သူ ဟိုဆေးဖင်းနှင့် လက်ထပ်ဖို့ ဘုရားကျောင်းက ဒေါက်တာရီဇော်ကို သဘောတူခွင့်ပြုခဲ့လေသည်။

၁၈၉၆-ခု၊ ဒီဇင်ဘာလ ၃၀-ရက်နေ့ လူနီတာပန်းခြံ၊ နံနက် ရ-နာရီအချိန်တွင် ကွပ်မျက်ရေး လက်ဖြောင့် တပ်သားများက သေနပ်ဖြင့် ပစ်၍ ဒေါက်တာရီဇော်ကို သေဒဏ်ပေးလိုက်ပါသည်။

"ဒီမှာ ဒေါက်တာရီဇော် ခင်ဗျား မတ်တပ်ရပ် အပစ်ခံမလား၊ ဒူးထောက်အနေအထားနဲ့ အပစ်ခံမလား"လို့ မေးတော့ "ကျနော်က ဘယ်တော့မှ ဒူးမထောက်ဘူးဗျ၊ မတ်တပ်ရပ်ပြီး အသေခံမယ်၊ မျက်လုံးကိုရော အ၀တ်စီးဦးမလား"ဆိုတော့ "မလိုပါဘူးဗျာတဲ့။ သူဟာတိုင်းပြည်ရဲ့ သစ္စာဖောက်မဟုတ်သည့်အတွက် ရှေ့တည့်တည့်ကနေ ပစ်သတ်ရန် ပြောသော်လည်း စပိန်အာဏာပိုင်တို့က လက်မခံ။ သေနတ်ဖြင့် နောက်ကနေပစ်ခံရရင် ဘယ်သူမဆို မှောက်လျှက်သေကြရသည်ချည်းဖြစ်သည်ဟု သူကြားဖူးထားသည်။ ဒေါက်တာရီဇော်ဆိုသူက သူ့တိုင်းပြည် သူ့လူမျိုးများရှေ့တွင် မှောက်လျှက်မသေချင်၊ ကောင်းကင်ကြီးကို ကြည့်ပြီး ပြုံးပြုံးကြီး သေပြသွားလိုက်ချင်သူဖြစ်သည်။ သေနတ်ဖြင့်ပစ်၍ သေဒဏ်ပေးသည့်အခါ မြန်မြန် သေရန် အဆုတ်ကို ပစ်ကြသည်ဟု သူသိထားသည်။ ပစ် ဟူသောအမိန့်ပေးသံအဆုံးတွင် သူက ခန္ဓာကိုယ်ကို မသိမသာ ပြင်ထားလိုက်ပြီး သတိထားနေလိုက်သည်။

တခဏအတွင်းမှာပင် ကျည်ဆံများက သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကြလေပြီ။ တခဏမျှငြိမ်သက် သွားပြီးနောက် ခန္ဓာကိုယ်သည် တစ်ပတ်လည်ပြီးကျသွားသည်။ သူချစ်သောအမိမြေရဲ့ အဖြူရောင်မိုးသား ကောင်းကင်ကြီးကိုကြည့်လျှက် ဒေါက်တာရီဇော်သေဆုံးသွားခဲ့သည်။

"လူဆိုတာ တသက်မှာ တစ်ခါပဲ သေရတယ်။ ဒီလိုနှစ်ခါပြန်မရတဲ့ ရတောင့်ရခဲအခွင့်အထူးမျိုး၊ ဒီလောက် အဖိုးတန်တဲ့ သေခြင်းမျိုးဟာ မိမိတိုင်းပြည်အတွက်သာ ဖြစ်သင့်တယ်၊ လူတစ်ယောက်ဟာ တစ်ခါသာသေရမယ်၊ ကောင်းမြတ်သော သေခြင်းမဟုတ်ရင် အခွင့်အရေးကောင်းတစ်ခု ဆုံးရှုံးရသလို နောက်တစ်ကြိမ်လည်း ရတော့မှာ မဟုတ်ဘူး"လို့ ပြောခဲ့ဖူးတဲ့ ဖိလစ်ပိုင်အမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဟိုဆေးရီဇော်။ သူသေတော့ သူ့အသက်က ၃၅-နှစ်။

ဟိုဆေးရီဇော်၊
ဖိလစ်ပိုင်လွတ်လပ်ရေးအမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဟိုဆေးရီဇော်။

သူကိုယ်တိုင် သူ့တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို အရှင်လတ်လတ် မြင်တွေ့ခွင့်ရမသွားသည့်တိုင် သူ့ရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အချည်းနှီးဖြစ်မသွားခဲ့။ ၁၈၉၈-ခုနှစ်၊ ဇွန်လ ၁၂-ရက်နေ့တွင် စပိန်ကိုလိုနီ လက်အောက်က လွတ်မြောက်လို့ ဖိလစ်ပိုင်နိုင်ငံ လွတ်လပ်ရေးရသွားခဲ့ပါသည်။ ကိုလိုနီလက်အောက်က လွတ်မြောက်လို့ လွတ်လပ်ရေးရယူခဲ့သော အာရှတိုင်းပြည်များတွင် ဖိလစ်ပိုင်နိုင်ငံသည် ပထမဆုံး လွတ်လပ်ရေးရယူနိုင်ခဲ့သော တိုင်းပြည်တစ်ခုပင်ဖြစ်သည်။

ဒေါက်တာဟိုဆေးရီဇော်။

ကျုပ်တို့တိုင်းပြည်ပေါ်မှာ
နေ၀န်းနီထွက်ပြူလာတာ မမြင်ရမီ ကျုပ်သေခဲ့ရတယ်။
အာရုဏ်ဦးကိုတွေ့မြင်ကြရမယ့် ခင်ဗျားတို့က
နေ၀န်းနီကို ကြိုဆိုကြပါ။
နောက်ပြီး
အကာလ ညအမှောင်မှာ
ကျဆုံးခဲ့ရတဲ့ ရဲဘော်တွေကို ဘယ်တော့မှ မမေ့ကြနဲ့လို့ နောက်ဆုံးသေခါနီးအချိန်မှာ မှာခဲ့တဲ့ ဖိလစ်ပိုင် လွတ်လပ်ရေးအမျိုးသားခေါင်းဆောင်ကြီး ဒေါက်တာဟိုဆေးရီဇော်။

ဖိလစ်ပိုင်နိုင်ငံလွတ်လပ်ရေးရဖို့ စာအုပ်သုံးအုပ်ပဲရေးမယ်လို့ ကြုံးဝါးခဲ့တဲ့ ဟိုဆေးရီဇော် ။

စာအုပ်နှစ်အုပ်ရေးအပြီးမှာ လူ့လောကကြီးထဲက ထွက်ခွါသွားခဲ့ရသည့် ဒေါက်တာဟိုဆေးရီဇော်။

ကမ္ဘာမြေပေါ်ကလူတွေက အထူးသဖြင့် ဖိလစ်ပိုင်ပြည်သူတွေက ယနေ့အချိန်ထိ လွမ်းဆွတ်တသ သတိရနေရသည့် အာရှတိုက်ရဲ့ အလင်းလက်အတောက်ပဆုံးကြယ်တွေထဲက ကြယ်တစ်ပွင့်ဖြစ်တဲ့ ဒေါက်တာဟိုဆေးရီဇော်။

အကာလ ညအမှောင်မှာ ကျဆုံးခဲ့ရတဲ့ ခင်ဗျားကို ကျနော်ကလည်း သတိရနေကြောင်းပါခင်ဗျား။


ကိုသစ် (သီတဂူ)

၂၊ ၉၊ ၂၀၁၆