ကိုသစ်(သီတဂူ) - နှလုံးသားမှာ ငွှားငွှားစွင့်စွင့်ပွင့်လို့


ကိုသစ်(သီတဂူ) - နှလုံးသားမှာ ငွှားငွှားစွင့်စွင့်ပွင့်လို့
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆

တစ်ရာ့တစ်နှစ် ပြည့်ပြီ
တဗိုလ်တက် တဗိုလ်ဆင်း မဟုတ်ဘူး
ခြေတောက်တစ်ချောင်း ပြုတ်ရုံနဲ့
စားပွဲတစ်ခုလုံး ဖရိုဖရဲဖြစ်သွားတဲ့ မနက်ခင်းဟာ
မင်္ဂလာမရှိတဲ့ ညနေခင်းလည်း ဖြစ်တယ်။

အောင်ဆန်းတဲ့....
ထိန်လင်းတဲ့.....
မှန်ရာလုပ် ဟုတ်တာပြော
မဟုတ်ရင် မခံတတ်တဲ့ပြယုဂ်တစ်ခု
အသားခပ်လတ်လတ်
လေသံခပ်ပြတ်ပြတ်နဲ့
သူဟာ
သူ့လောကဓာတ်အတွက်
ကမ္ဘာတစ်ခုလည်းဖြစ်တယ်။

သူ့ သွေးနဲ့ရေးသွားတဲ သမိုင်းတွေ
ငါတို့နှလုံးသားမှာ ငွှားငွှားစွင့်စွင့်ပွင့်လို့
ဘယ်တော့မှ မသေ
အောင်ဆန်းတဲ့လေ..။

ကိုသစ် (သီတဂူ)
၂၊၁၃၊ ၂၀၁၃