ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ - လုပ်ကြံသတ်ဖြတ်မှု၏ ခန္ဓာဗေဒ




ဂါမဏိ - လုပ်ကြံသတ်ဖြတ်မှု၏ ခန္ဓာဗေဒ
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆
 
စစ်တိုက်ရာမှာ တဖက်ရန်သူရဲ့ခေါင်းကို ဖောက်စားရေးဟာ ထုံးတမ်းစဉ်လာရည်မှန်းချက် ဖြစ်ပါတယ်။ ဘယ်တပ်မဆို အခြေအနေ အချိန်အခါပေးရင် လုပ်နိုင်ဖို့ အားထုတ်ကြတာပါဘဲ။ ဒါပေမဲ့ မြန်မာပြည်မှာတော့ တော်လှန်ရေးတပ်တွေက ဖဆပလ၊ မဆလ၊ နဝတ-နအဖ ခေါင်းကို ဖောက်စားလုပ်ကြံနိုင်တာ မရှိပါဘူး။

ဗမာစစ်တပ်ဟာ ၁၉၅ဝ ခုနှစ် သြဂုတ်လမှာ ကရင်ခေါင်းဆောင်ကြီးစောဘဦးကြီးကို တိုက်ပွဲအတွင်း အသေပစ်သတ်ခဲ့သလို ၁၉၇၅ မတ်လမှာလည်း ဗကပ ခေါင်းဆောင်တွေဖြစ်တဲ့ သခင်ဇင်နဲ့ သခင်ချစ်တို့ကို တိုက်ပွဲအတွင်း သုတ်သင်ပစ်ခဲ့ပါတယ်။

၁၉၄၉ ခုနှစ်တုံးက ဗိုလ်မှူးချုပ် တဖြစ်လဲ အိုင်စီအက်စ်အရာရှိဟောင်း ဦးတင်ထွဋ် ရန်ကုန်မြို့တွင်း ကားဗုံးခွဲလုပ်ကြံခံရတာ၊ ၁၉၈၅ ခုက မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အယ်လ် ကွန်ဖန် မြစ်ကြီးနားမှာ ချောင်းမြောင်းပစ်ခတ်လုပ်ကြံခံရတာနဲ့ ၂ဝဝ၁ ခု ဖေဖော်ဝါရီလက နအဖ အတွင်းရေးမှူး-၂ ဗိုလ်ချုပ်ကြီးတင်ဦးရဲ့ ရဟတ်ယာဉ်ဖောက်ခွဲလုပ်ကြံခံရတာတွေကလည်း စစ်တပ်ကဘဲ စီစဉ်တဲ့ လုပ်ကြံမှုတွေဖြစ်ပါတယ်။

၂ဝဝ၃ ခု မေလမှာလည်း အဲန်အယ်လ်ဒီဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ အတွင်းရေးမှူး ဒေါ်အောင်ဆန်း စုကြည်ကို နအဖက ဒီပဲယင်းမှာ ဗြောင်အတိအလင်း အကြမ်းဖက်လုပ်ကြံဖို့ ကြိုးစားခဲ့တာ အောင်မြင်လုနီး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂ဝဝ၇ စက်တင်ဘာမှာတော့ နိုင်ငံရဲ့ အမြင့်ဆုံး နာမ်ပိုင်း ဆိုင်ရာခေါင်းဆောင်တွေဖြစ်တဲ့ သံဃာတော်တွေကို ဗြောင်လူသိရှင်ကြား သတ်ပစ်ရုံမက မသေ မရှင်ဖြစ်နေတဲ့ သံဃာတွေနဲ့လူတွေကို အရှင်လတ်လတ် မီးရှို့သတ်ပစ်ခဲ့သေးတယ်။

မဆလခေတ် ၁၉၆၈ ခုမှာ ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ သခင်သန်းထွန်းကို မဆလသူလျှို ကြုံတိတ် ခေါ် လုံတိတ် ခေါ် မြကြီး က လျှို့ဝှက်လုပ်ကြံနိုင်ခဲ့တယ်။ ဒီကြုံတိတ် ခေါ် လုံတိတ်ကဘဲ ကရင်ခေါင်းဆောင်တွေကို လုပ်ကြံဖို့လာတာကို ကေအဲန်ယူက ၁၉၇၂ ခုမှာဖမ်းမိပြီး ရှင်းပစ်ခဲ့ရပါတယ်။ ဒီတော့ ဗမာပြည်သမိုင်းမှာ ခေါင်းဖောက်စားမှုတွေ၊ လုပ်ကြံမှုတွေကို စစ်တပ် ကဘဲ တလျှောက်လုံး ထိရောက်အောင်မြင်စွာ လုပ်ခဲ့တာ ထင်ရှားနေပါတယ်။ ဒီလိုဘဲ အခု ဖေဖော်ဝါရီ ၁၄ ရက်လုပ်ကြံမှုကလည်း ဗမာစစ်တပ်ရဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဒုတိယမြောက် အောင်မြင်တဲ့ လျှို့ဝှက်လုပ်ကြံမှု ဖြစ်သွားပါတယ်။

နအဖ စစ်တပ်တွင်းမှာ တဖက်ရန်သူ့ခေါင်းဖောက်စားရေး (ဝါ) လျှို့ဝှက်လုပ်ကြံသတ်ဖြတ် ရေးကို ရန်သူ့စစ်သင်တန်းကျောင်း တွေ စစ်တက္ကသိုလ်တွေမှာကတည်းက သင်တန်းသား စစ်အရာရှိလောင်းတွေကို ရိုက်သွင်းထားတာဖြစ်ပါတယ်။ ဒါဖြစ် မြောက်ဖို့ နအဖဗိုလ်ချုပ်တွေဟာ ၂၄ နာရီ စဉ်းစားကြံစည် ပြင်ဆင်လုံးပမ်းနေရတာဖြစ်ပါတယ်။ အခွင့်သာတာနဲ့ အကောင် အထည် ဖော်တာဖြစ်တယ်။

ပဒိုမန်းရှာဟာ ကရင်အမျိုးသားအစည်းအရုံးရဲ့ အထွေထွေအတွင်းရေးမှူးဘဲဖြစ်ပါတယ်။ စစ်ဦးစီးချုပ် မဟုတ်ပါဘူး။ တနည်းအားဖြင့်ပြောရရင် ကရင့်တော်လှန်ရေးရဲ့ နိုင်ငံရေးခေါင်း ဆောင်သာဖြစ်ပါတယ်။ စစ်ဆင်ရေးကို ကွပ်ကဲစီမံနေတဲ့ စစ်ရေးခေါင်းဆောင်မဟုတ်ပါဘူး။ ဒါကြောင့် စစ်ရေးခေါင်းဆောင်မဟုတ်သူတဦးကို လုပ်ကြံသတ်ဖြတ်ပစ်တာဟာ စစ်ရေးအဓိပ္ပာယ် မဟုတ်တော့ဘဲ တခါက နအဖဗိုလ်ချုပ်မောင်လှ ကြုံးဝါးခဲ့တဲ့အတိုင်း ကရင်အမျိုးသားထုအပေါ် စစ်ဆင်ခြင်းကို ပြဆိုတာဖြစ်ပါတယ်။ တဖက်ကကြည့်ရင်လည်း စစ်ဖက်ပစ်မှတ်မဟုတ်တာကို ဗြောင်အတိအလင်း တိုက်ခိုက်ခြင်းဟာ နအဖစစ်အစိုးရရဲ့ အရူးမီးဝိုင်း ဆပ်ပြာသည်လင်ပျောက် အခြေအနေကို ပြလိုက်တာဘဲဖြစ်ပါတယ်။

ဒီကေဘီအေတပ်မှူးတွေ တပ်သားတွေဟာ မဲဆောက်ကို နေ့စဉ်နဲ့အမျှ ဝင်ထွက်သွားလာ နေတာဖြစ်ပါတယ်။ အဲဒါတွေကို ကေအဲန်ယူ တာဝန်ရှိသူတွေ မသိမဟုတ်ပါဘူး။ စစ်မြေပြင် မဟုတ်တဲ့ တဖက်နိုင်ငံနယ်မြေထဲမှာ ထောက်ထားရမှာ တွေရှိလို့တကြောင်း၊ ကရင့်ညီညွတ်ရေး စိတ်ဓာတ်အရတကြောင်း လွှတ်ထားပေးတာဖြစ်ပါတယ်။ ဒီကေဘီအေရဲဘော်တွေ ဟာ သဘော ထားကြီးလှတဲ့ ကေအဲန်ယူခေါင်းဆောင်တွေကို လုပ်ကြံချင်ရင် စောစောကတည်းက လုပ်ကြံလို့ရ ပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း တဖက်နိုင်ငံအပေါ် မှီခိုရပ်တည် စီးပွားရှာနေရတာတွေ ရှိလို့ တဖက်နိုင်ငံကို စစ်မြေပြင်အဖြစ် သဘောမထားနိုင်ခဲ့ပါဘူး။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကဘဲ ဒီကေဘီအေ နာယက မြိုင်ကြီးငူဆရာတော်ဟာ ချင်းမိုင်မှာ ဆေးရုံတက်ရာကအပြန် မဲဆောက် ကိုဝင်ပြီး ကေအဲန်ယူအမာခံလို့ နာမည်ကျော်တဲ့ ငယ်သူငယ်ချင်း ရမ်ဘိုဘုန်းကြီးကို လိုက်လံရှာ ဖွေပြီး တရင်းတနှီးနှုတ်ဆက်သွားခဲ့ပါသေးတယ်။


အခုတော့ နအဖရဲ့ သွေးရူးသွေးတန်း အရူးမီးဝိုင်းအခြေအနေက ဒီကေဘီအေရဲ့ ရပ်တည် ချက်ဟောင်းကို ဖျက်ဆီးပစ်လိုက်ပါပြီ။ ရွှေဝါရောင်တော်လှန်ရေးရဲ့ အရှိန်အဟုန်ကြောင့် ဂယောင် ခြောက်ခြားဖြစ်နေတဲ့ နအဖဟာ ပြည်တွင်းမှာ သံဃာတွေ၊ ကျောင်းသားတွေ၊ အိမ်ရှင်မတွေ စတဲ့ အလွှာပေါင်းစုံကပြည်သူတွေ အကြောက်တရားများ သိသိသာသာကြီးလျော့ကျ ရဲတင်းလာပြီး အချိန်မရွေးပေါက်ကွဲ စိန်ခေါ်ဖို့ အသင့်ဖြစ်နေတာကို တွေ့ရ၊ နိုင်ငံရေးကို နားမလည် စိတ်မဝင်စား ခဲ့တဲ့ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေ သိန်းနဲ့ သန်းနဲ့ချီပြီး တော်လှန်ရေးရေစီးကြောင်းထဲ တားမနိုင်ဆီးမရ အပြုံ လိုက်ကြီးစီးဝင်လာတာကိုမြင်ရ၊ တဆင့်ထက်တဆင့် မြင့်တက်လာနေတဲ့ နိုင်ငံတကာဖိအားတွေ ကိုရင်ဆိုင်ရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကြိုဆွေးနွေးပွဲကို ရှေ့လည်း မတိုးရဲ နောက်လည်းပြန်ဆုတ်လို့မဖြစ် ဆိုတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်တိုင်နဲ့ ထိပ်တိုက်တွေ့လာရတဲ့အခါမှာ အခုလို ဗရမ်းဗတာအခြေအနေကို မဆင်မခြင်ဖန်တီးလာပါ တော့တယ်။ တပ်တွင်းအခြေအနေ ဘယ်လောက်လှုပ်နေသလဲဆိုတာတော့ နအဖဗိုလ်ချုပ်တွေ အသိဆုံးပါဘဲ။

ဒါကြောင့် ပထမဆုံး ဖေဖော်ဝါရီ ၁ဝ ရက်နေ့မှာ ၁/၂ဝဝ၈ နဲ့ ၂/၂ဝဝ၈ ဆိုတဲ့ ကြေညာချက် နှစ်ခုကို ကမူးရှူးထိုးထုတ်ပြီး ၂ဝဝ၈ မေလမှာ ဆန္ဒခံယူပွဲလုပ်မယ်၊ ၂ဝ၁ဝ ခုမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ (အခြေခံဥပဒေတောင် မမြင်ရသေး၊ လိုအပ်တဲ့ကော်မရှင်တွေ ဥပဒေတွေ မရှိသေးဘဲ) ကြေညာလိုက်ပါတယ်။ အဲဒီနောက် ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ပက်စက်လှတဲ့ လုပ်ကြံ သတ်ဖြတ်မှုကို အခုလိုရမ်းကားစွာကျူးလွန်ပစ်လိုက်တာဖြစ်ပါတယ်။

ဒီကေဘီအေရဲ့ ပုံမှန်ရပ်တည်လှုပ်ရှားမှုကို နားလည်မပေးတော့ဘဲ အုပ်ချုပ်မှုကိစ္စတွေ အတွက် တဖက်နိုင်ငံအပေါ် ထောက်ထားရမှာတွေကို လုံးလုံးလျားလျားဖောက်ဖျက်ပစ်ခိုင်းလိုက် တာဟာ နအဖရဲ့အခြေအနေ ဘယ်လောက်ကြပ်တည်း နေတယ်ဆိုတာကို သက်သေပြနေပါတယ်။

အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်သားလုပ်ခိုင်းရတာ ဘာမှ မောက်မာဝင့်ကြွား အထင်မကြီးစရာ မရှိပါဘူး။ ဒီတော့ ကိုယ့်တပ်တွေက ကိုယ့်ကိုပြန်အထင်ကြီးအောင်၊ အထူး သဖြင့် ငြိမ်းချမ်းရေးအဖွဲ့တွေရဲ့တပ်တွေ အထင်ကြီးအောင်လို့ နအဖဟာ အခုလိုလုပ်ကြံ သတ်ဖြတ်တာတွေ လုပ်ပြ၊ တဖက်ကလည်း ရွေးကောက်ပွဲတွေနဲ့ စည်းရုံးဆွဲဆောင်ရတာ ဖြစ်ပါတယ်။

အခုလို ဆန္ဒခံယူပွဲကြေညာတာ၊ ပဒိုမန်းရှာကိုလုပ်ကြံတာတွေဟာ ငါတို့အတွက် အသက် ရှူပေါက်ရမယ်၊ သက်ဆိုးရှည်ဖို့ အခွင့်အလမ်းရမယ်လို့ နအဖက ထင်နေရင်တော့ လုံးဝ လဒူကျ တဲ့စဉ်းစားချက် ဖြစ်သွားပါလိမ့်မယ်။ မြန်မာပြည်သူတွေဟာ သူငယ်နှပ်စားတွေ မဟုတ်ပါဘူး။ သူတို့လို ပုဇွန်ဦးနှောက်တွေမဟုတ်ပါဘူး။ စစ်တပ်ထဲက အောက်ခြေတပ်မှူး တပ်သားတွေကို လည်း အရင်လို မှိုင်းတိုက် လှည့်ဖျားဖို့ ခက်နေပါပြီ။

တကယ်တော့ နအဖဗိုလ်ချုပ်တွေလည်း ဒါကိုသိပါတယ်။ ဒါပေမဲ့ ရမလားလို့ စမ်းကြည့်တာဘဲ ဖြစ်ပါတယ်။

အားလုံးဟာ အချိန်ကိုစောင့်နေတာ ဖြစ်တယ်။

ထပ်ပြောမယ်။ အားလုံးဟာ အချိန်ကိုစောင့်နေတာ ဖြစ်တယ်။

ဂါမဏိ
(၂၀၀၈ ခု မေလထုတ် မိုးကြိုးစာစောင်မှာ ဖော်ပြခဲ့ပြီး)