တင်ဇာမော် ရဲ့ ` ကိုယ့်မွေးနေ့ ´ တစ်ကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်


တင်ဇာမော် ရဲ့ ` ကိုယ့်မွေးနေ့ ´ တစ်ကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲ ကျင်းပပြုလုပ်

ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဖေဖေါ်ဝါရီ (၈) ရက် - ၂၀၁၆
အဆိုတော် တင်ဇာမော်၏ အသက်လေးဆယ်ပြည့် အထိမ်းအမှတ်အဖြစ် တစ်ကိုယ်တော်စင်မြင့်ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ ကွင်းအတွင်း တွင် ဖေဖေါ်ဝါရီလ (၆) ရက် စနေနေ့ ည (၈)နာရီက ကျင်းပပြုလုပ်ခဲ့သည်။



အဆိုတော် တင်ဇာမော်သည် အသံအား အထူးကောင်းသော အဆိုတော် တယောက် ဖြစ်သဖြင့် သူ့အား ကြိုက်နှစ်သက်သူ ပရိသတ်များမှာ သူ၏ ပထမဦးဆုံးသော တစ်ကိုယ်တော်ဖျော်ဖြေပွဲအား ကွင်းလုံးပြည့်မျှ လာရောက်အားပေးခြင်းကို တွေ့ခဲ့ရသည်။








လက်မှတ်တစောင်လျှင် သုံးသောင်း၊နှစ်သောင်း၊တသောင်း တန်ဖိုးရှိသော်လည်း ခုံအပြည့် ဖြစ်နေသည်မှာလည်း ယခုတလော ပြုလုပ်သောစင်မြင့်ဖျော်ဖြေပွဲများတွင် ထူးခြားမှု တခုဖြစ်သည်။

တင်ဇာမော်သည် သူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအား အပိုင်းသုံးပိုင်းဖြင့် တင်ဆက် ဖျော်ဖြေခဲ့သည်။






ပထမပိုင်းတွင် Unplugged ပုံစံဖြင့် စတင်ဖျော်ဖြေပြီး အချစ်ကျောင်းသူ၊ တစ်နာရီထဲ၊ တစ်ယောက်ထဲကမ်းခြေ၊ မမြဲသောတရား၊ ဘာမဆိုဖြစ်နိုင်တယ်၊ပြန်မယ် ပြန်မယ၊ သိပ်မခက်ဘူး၊ အခွင့်ပေးပါတယ်၊ အချစ်မရှိနေ့ရက်များ၊ စွဲလန်းမှုပြဿနာ စသော သီချင်းဆယ်ပုဒ်ကို ဖျော်ဖြေခဲ့သည်။

သီချင်းအပုဒ်တိုင်းကို သီချင်းရေးသူ အမည်များ ဖော်ပြ၍ ဂုဏ်ပြုခဲ့ရာ ပွဲတက်လာသော တေးရေး ဆရာ ရွှေဂျော်ဂျော် နှင့် မြင့်မိုးအောင် တို့ နှင့်လည်း ပရိတ်သတ်ကို မိတ်ဆက်ပေးခဲ့သည်။ ` ပြန်မယ် ပြန်မယ် ´ သီချင်းသီဆိုချိန်တွင်တော့ ကွယ်လွန်သွားရှာပြီဖြစ်သော တေးရေး မောင်သစ်မင်း အတွက် ဆိုနေရင်းတန်းလန်း လွမ်းဆွတ်မျက်ရည်များကျပြီး သီဆိုဖျော်ဖြေသည်ကိုလည်း တွေ့ရှိခဲ့ရသည်

ထို့နောက် တင်ဇာမော် အဝတ်လဲရန် စင်ပေါ်မှ ဆင်းသွားချိန်တွင် အဆိုတော်ညီအမများဖြစ်သော ကော်နီ၊မီမီဝင်းဖေ၊ချောစုခင်၊ဆုန်သင်းပါရ် တို့မှ ပရိသတ်အား တင်ဇာမော် နှင့် သူတို့အကြောင်းအား မိတ်ဆက်ကာ ပြောကြားခဲ့သည်။

ဒုတိယပိုင်းဆက်လက် ဖျော်ဖြေသောအခါတွင်ကား အော်ခက်စထရာ ပုံစံဖြင့် တီးခတ်ဖျော်ဖြေပြီး ကြယ်စင်လိုအချစ်များ၊စုန်းမ၊ တီအားမိုး၊ သံသရာအဆုံးတိုင်၊ ဧည့်သည်၊ အိမ်စောင့်သူ၊ နေမဝင်အလွမ်းများ သီချင်းများဖြင့်ဖျော်ဖြေခဲ့သည်။












တတိယပိုင်းတွင် နမ်းရှိုက်မိုး၊ လွင့်နေပြီ၊ သိပ်ချစ်ရင်ခါးမယ်၊ အချစ်အက်ဆစ်၊ ရက်ရက်စက်စက်၊ တခါကလက်ဆောင်၊ ပထမခြေလှမ်း၊ မှားပြန်တယ်၊ ပြင်ဆင်ခွင့်၊ ကိုယ့်မွေးနေ့ သီချင်းများကို သီဆိုပြီး အဆိုတော်ညီအမများ ပူးပေါင်း၍ စွဲလန်းမှု ပြဿနာသီချင်းကို အတူတူ ဆိုခဲ့ကြသည်။

တင်ဇာမော်၏ မွေးနေ့မှာ ဖေဖေါ်ဝါရီလ (၇) ရက်နေ့မှ ဖြစ်သော်လည်း ပွဲပြုလုပ်သော (၆) ရက်နေ့တွင်လည်း မွေးနေ့အကြို အဖြစ် ကိတ်မုန့်များ၊ အရုပ်များကို ပရိသတ်က လက်ဆောင်ပေးကြသလို ပွဲစီစဉ်သူကိုစိုးနိုင်ထွန်း(အီကြာကွေး) မှလည်း စင်ပေါ်တွင် မိုးပျံပူဖေါင်းများ၊ ကိတ်မုန့် များကို စင်ပေါ်တင်၍ မွေးနေ့ အကြိုဂုဏ်ပြုပေးခဲ့ကြသည်။

သီချင်းအပုဒ် သုံးဆယ်နီးပါးကို အရင်ပုံစံအတိုင်းဆိုနိုင်သေးတာကို အရမ်းအံ့သြမိတယ်။ ကျမတို့က မှော်ဘီကနေ လာကြည့်တာပါ။ ငယ်ငယ်လေးကတည်းက ကြိုက်ရတဲ့အဆိုတော်ပါ ဟု မှော်ဘီမြို့မှ လာရောက်ကြည့်ရှုသူတဦးမှလည်း ပြောပြခဲ့ပါသည်။

ဖျော်ဖြေပွဲတွင် တီးခတ်မှုကို Plus Three Band မှ တီးခတ်ဖျော်ဖြေခဲ့သည်။