မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ၊ ခလေးများဖြစ်တယ် ။


မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ၊ ခလေးများဖြစ်တယ် ။
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆


ကြေကွဲမှုဆိုတာ
အလျား အနံ ထုထည်
တိုင်းထွာလို့ ရကောင်းစရာလား
သုံးဆယ့်နှစ်နှစ်ဆိုတဲ့
သက်တမ်းလေးတခုအတွင်းမှာ
တာဝန်ကျေခဲ့ပုံများ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။


သုံးဆယ်နှစ်နှစ်ဆိုတဲ့
လူ့ ဘုံမှာ-
သူယုံကြည်တဲ့ အလုပ်
တိုင်းပြည်ကို နယ်ချဲ့ ဖက်ဆစ် လက်ထဲက
ဆွဲထုတ်ခဲ့ပုံများ
ကြားရ ဖတ်ရ မှတ်ရတဲ့အခါ
ငါတို့ မှာ ရင်သတ်ရှု့ မော
အံ့သြ မှင်သက် အားကျလျက်ပါ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။


ငါတို့ ဗမာပြည်မှာကွယ်
မိဘတိုင်းကကွယ် ဗိုလ်အောင်ဆန်းလို
သူရဲကောင်းမွေးရမယ်
အဲဒီလို သူရဲကောင်းရဲ့ နေ့ ဟာ
ဗမာပြည်ရဲ့ ခလေးများနေ့ တဲ့လေ
အနာဂတ်ကိုဆုပ်ကိုင်မယ့် လက်များရဲ့ နေ့ 
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။


သူရဲဘောကြောင်တဲ့အာဏာရူးတို့ ရဲ့  အတွေးမှာ
အနာဂတ်ဘာဆိုတာ မသိရှာဘူး
အနာဂတ် မသိသူများရဲ့  အကြည့်ဟာ
မျက်စေ့တဆုံး မမြင်နိုင်ဘူး
မျက်စေ့တဆုံးမမြင်နိုင်သူတွေရဲ့  လုပ်ရပ်ဟာ
တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဘူး
တိုင်းပြည်အတွက် အကျိုးမရှိမှတော့
အနာဂတ်ရဲ့ ဥသျှောင်
တိုင်းပြည်ကို ဦးဆောင်မယ့်
ခလေးသူငယ်တို့ ရဲ့ ခေါင်းဆောင်မှု့ အခန်း
နွံနစ်ရတဲ့လမ်းမှာ
တမလွန်တဘက်ကမ်းက
ဗိုလ်အောင်ဆန်းခမျာ ရင်ဝယ်မချိရှာဘူး ။
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ် ။


မည်သို့ ပင်ဖြစ်စေ ချစ်နေသေးသည်
စူးနစ်ရဲရဲ ဘ၀ထဲမှ
ခလေးများနေ့  ထိုတနေ့ မှာ
မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်
မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ်


ကမ္ဘာကုန်ကျယ်သရွေ့ သူ့ ရဲ့ မွေးနေ့ ဟာ
တောက်ပတဲ့ မျှော်လင့်ချက်တွေနဲ့ 
ခေတ်သစ်ဗမာနိုင်ငံကို တည်ဆောက်မယ့်
ခလေးများရဲ့ နေ့ ဖြစ်တယ် ။


ခလေးများရဲ့ နေ့ ဟာ
အာဏာရှင်တွေကို ဇီဝိန်ချုပ်စေဘို့ 
အားသစ်လောင်းတဲ့ နေ့ လည်းဖြစ်တယ်


မြန်မာပြည်မြေပုံဟာ သူဖြစ်တယ်


မြန်မာပြည်မြေပုံဟာ ခလေးများဖြစ်တယ် ။


ရဲရင့်သက်ဇွဲ