ခိုင်ဇင် (မန္တလေး) - အကြောက်တရားတွေနှင့် မြို့တော် (သို့မဟုတ်) လုံခြုံမှုမရှိသော လုယက်မှုမြို့တော်


ခိုင်ဇင် (မန္တလေး) - အကြောက်တရားတွေနှင့် မြို့တော် (သို့မဟုတ်) လုံခြုံမှုမရှိသော လုယက်မှုမြို့တော်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၆
 
'မန္တလေး'' ဟု ဆိုလိုက်သည်နှင့် မြန်မာနိုင်ငံ၏ ရှေးဘုရင်များ နောက်ဆုံး နန်းစိုက်ရာမြို့၊ ယဉ်ကျေးမှုမြို့တော်၊ ဘာသာ သာသနာထွန်းကားရာ မြို့တစ်မြို့အဖြစ် လူသိများကြပါလိမ့်မည်။

မန္တလေးသည် ခန့်ညားထည်ဝါသော နန်းတော်ကြီးနှင့် ရေပတ်လည်ဝန်းရံထားသော ကျုံးမြို့ရိုး၊ မဟာမုနိဘုရား၊ သကျဟီဟ၊ အိမ်တော်ရာ၊ ရွှေကျီးမြင်၊ မန္တလေးတောင်နှင့် ကုသိုလ်တော်၊ ကျောက်တော်ကြီးဘုရား၊ တောင်သမန် ဦးပိန်တံတားတို့ ကြောင့်လည်း နိုင်ငံခြားခရီးသွားဧည့်သည်များနှင့် ပြည်တွင်းဘုရားဖူးများ နှစ်စဉ် လာရောက်လေ့လာလည်ပတ်ကြသော မြို့တစ်မြို့လည်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ တတိယမြို့တော်ဖြစ်သော မန္တလေးမြို့သည် တချိန်က စာပေယဉ်ကျေးမှုနှင့် အနုပညာအရာတွင် လျှမ်းလျှမ်း တောက် အောင်မြင်မှုများ ရှိခဲ့သည်။ နာမည်ကျော် မြို့မတူရိယာအသင်းကြီးနှင့် မန္တလေးသီချင်းများသည်လည်း မန္တလေး၏ အလှကို ပိုပြီး လှပစေခဲ့သည်။

တချိန်က မန္တလေး၏ ဂုဏ်ကျက်သရေသည် နူးညံ့သိမ်မွေ့စွာလှပခဲ့သော်လည်း ယခုအချိန်တွင် မန္တလေး၏ အလှတရား များနှင့် ယဉ်ကျေးမှုတို့သည် မန္တလေးမြို့တွင်း နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားလာသည့် ဆိုင်ကယ်နှင့် လုယက်မှုများကြောင့် လည်း မန္တလေး၏အလှတရားများသည် အကျည်းတန်လာခဲ့သည်။ တရားဥပဒေ စိုးမိုးရေးသည် ဤနိုင်ငံတွင် ရှိပါသေးရဲ့လား၊ ပြည်သူတွေကို ကူညီပါရစေဟုဆိုသော ပြည်သူ့ရဲများသည်လည်း ပြည်သူတွေအတွက် တကယ်ရှိခဲ့ပါရဲ့လားဟု မေးခွန်း ထုတ်ရမလိုကိစ္စရပ်များသည် နေ့စဉ်နီးပါးဖြစ်ပွားနေသော မန္တလေးမြို့၏ ဆိုင်ကယ်နှင့် လုယက်မှုများသတင်းသည် သက် သေခံလျက် ရှိနေပေသည်။

မန္တလေးမြို့ပြင်တွင်သာမက မန္တလေးမြို့ထဲ လူစည်ကားရာ ဈေး၊ ရှော့ပင်းစင်တာ၊ ကျောင်းများဝန်းကျင်တွင် လုယက် မှုများသည် နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်ကို သတင်းစာများနှင့် ကိုယ်တွေ့အဖြစ်အပျက်များအရ ထိတ်လန့်စွာ ကြုံတွေ့ ရသည်။ မြို့သစ် ညနေခင်းအချိန် လူစည်ကားရာ ၆၂-လမ်းနှင့် ဇလပ်ဝါလမ်းပေါ်တွင် လုပ်ငန်းခွင်မှ ပြန်လာသော ဆိုင်ကယ် စီးအမျိုးသမီး၏ လက်ကိုင်အိတ်ကို လုယက်မှု ဖြစ်ပွားခဲ့သေးသည်။ ထိုအမျိုးသမီး၏ လက်ကိုင်အိတ်ကို လုယက်သူသည် ကျောင်းသားအရွယ် ဆယ်ကျော်သက် လူငယ်နှစ်ဦးဖြစ်နေသည်။ လုယက်သူ လူငယ်နှစ်ဦး စီးလာသော ဆိုင်ကယ်အမျိုး အစားသည် လုယက်ခံရသူ အမျိုးသမီး၏ ဆိုင်ကယ်အမျိုးအစားထက် အဆပေါင်းများစွာ သာလွန်သော ဆိုင်ကယ်ဖြစ် နေသည်ကိုသိရသည့်အခါ အဘယ့်ကြောင့် လုယက်မှုမျိုးကို ငယ်ရွယ်နုပျိုသော ကျောင်းသားအရွယ် ဆယ်ကျော်သက် လေးများက ကျူးလွန်ရခြင်းအကြောင်းကို ကျွန်မ သိလိုက်ရသည်။ လူငယ်များအကြား စိတ်ကြွဆေးပြားများ သုံးစွဲမှုမြင့် တက်လာ ဆိုသည့်သတင်းနှင့် လုယက်မှုများသည် အကျိုးအကြောင်း ဆက်စပ်၍နေပေသည်။

ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ရတနာပုံတက္ကသိုလ်မှ ဆရာမတစ်ယောက် မောင်းနှင်လာသော ဆိုင်ကယ်ကို မဟာမုနိ ဘုရားကြီး အရှေ့ဘက်မုခ်အနီးတွင် ဆိုင်ကယ်နှင့် လူငယ်နှစ်ဦးမှ ထိုဆရာမ၏ ပိုက်ဆံအိတ်ကို လုယက်သည့် သတင်းဖတ်လိုက်ရသည်။မဟာမုနိဘုရားကြီး အရှေ့မုခ်အနီးဆိုသောနေရာသည် မန္တလေးမြို့တွင် လူစည်ကားရာနေရာတစ်နေရာ ဖြစ်သည်။ ထိုသို့သော နေရာမျိုးတွင် အတင့်ရဲကာ လုယက်မှုများကို ကျူးလွန်ကြခြင်းသည် တရားဥပဒေကို စိန်ခေါ်နေသည့် အလားပင်။ ထို့အပြင် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၁၉ရက်နေ့တွင်လည်း ပြည်ကြီးတံခွန်မြို့နယ်ရှိ လူစည်ကားသော လမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ်ပြေးသူများနောက်လိုက်ရင်း ဆိုင်ကယ်မှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြန်သည်။ အလားတူ ပင် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့ ည (၈း၃၀) ခန့်အချိန်တွင် မန္တလေးမြို့၏ လူစည်ကားဆုံး နေရာတစ်ခုဖြစ်သည့် Friend လက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင် ကေဇော် စာရေးကိရိယာဆိုင် လမ်းကြားတွင် ဖုန်းလုယက်ခံရသဖြင့် အနောက်မှလိုက်သော ကျောင်းသူတစ်ဦး ကားကိုဝင်တိုက်မိကာ သေဆုံးသွားခဲ့သည်။ ထိုသို့ ဆိုင်ကယ်နှင့် လုယက်သူများ ကြောင့် အပြစ်မဲ့ပြည်သူများသည် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ကြရသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လက်လုပ်လက်စား အလုပ်သမားများ၊ ဝန်ထမ်းများ၊ အလုပ်ကြမ်းလုပ်သူများ အများစု နေထိုင်ကြသည်။  ထိုမြို့နယ်ရှိ ရပ်ကွက်တချို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ်အသုံးပြုသူများရှိနေသော်လည်း ဝင်ရောက်ဖမ်းဆီးမှုများ နည်းပါးသည့်ဖြစ်ရပ်များကြောင့် အတင့်ရဲစွာ တရားဥပဒေကို စိန်ခေါ်နေသည့် လုပ်ရပ်များ ဆက် တိုက်ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထိုဖြစ်ရပ်များကြောင့် အဓိကထိခိုက်ခံရသူများမှာ အပြစ်မဲ့ပြည်သူများပင် ဖြစ်သည်။      
ကားမှန်ရိုက်ခွဲမှု၊ ရပ်ထားသော ကားရှိ ပစ္စည်းများ ခိုးယူမှု၊ ကျုံးနံဘေးတွင် လုယက်မှု၊ ဆွဲကြိုးဖြတ်မှု၊ ဘဏ်မှ ငွေထုတ်လာ သူများကို လုယက်မှု၊ ညအချိန်တွင်သာမက နေ့ခင်းအချိန်များတွင်ပါ လူစည်ကားရာ မန္တလေးရှိလမ်းမများတွင် ဒုစရိုက် ဆန်ဆန် အဖြစ်အပျက်များ ဖြစ်ပွားနေသည်မှာ မင်းမဲ့တိုင်းပြည်အလားပင်။ ကူညီပါရစေဟူသော ပြည်သူ့အတွက် ပြည်သူ့ရဲ များသည်လည်း ပြည်သူတွေအတွက် အမှန်တကယ်ပင် လိုအပ်နေခဲ့ပြီ။  

ကျွန်မတို့ချစ်သော ယဉ်ကျေးမှုမြို့တော်ကို အရုပ်ဆိုးအကျည်းတန်စေသော အဖြစ်အပျက်များမှာ နေ့စဉ်နီးပါး ဖြစ်ပွားနေ သော ယာဉ်မတော်တဆမှုများ၊ လုယက်မှုများ၊ ဒုစရိုက်မှုများ၊ လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါး လုပ်ငန်းများကြောင့် ဖြစ်သည်။ ခမ်းနားထည်ဝါပြီး ဂုဏ်ကျက်သရေရှိသော မန္တလေးမြို့သည် လုံခြုံမှုမရှိသော လုယက်မှုမြို့တော်အဖြစ်သို့ ပြောင်းလဲ သွားမည်ကို မလိုလားပါ။ ထို့ကြောင့် လုယက်မှုများ ခပ်စိတ်စိတ်မှ ခပ်ကျဲကျဲ ထို့နောက် လုံးဝပပျောက်သွားအောင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုပူးပေါင်း၍ဖြစ်စေ ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီးနိုင်စေဖို့ ပြည်သူတစ်ယောက် အနေနှင့် မျှော်လင့်မိပါသည်။

ခိုင်ဇင် (မန္တလေး)