ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်လေး - ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေ တ၀ုန်းဝုန်း


 ခင်လေး - ပင်လယ်ကြီးက အကျယ်ဆုံး လှိုင်းတွေ တ၀ုန်းဝုန်း
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆


သမီးနာမည်က လုံးလုံး။ အမေကတော့ သမီးကို "မိလုံး" တဲ့။  ပုဇွန်လုံးတွေ အရမ်းပေါတဲ့အချိန် မွေးလို့ ဒီနာမည်ပေးထားတာလို့ အမေ တခါပြောဖူးတာ မှတ်မိတယ်။  လူတွေက သမီးကို လုံးလုံး လို့ ခေါ်ကြပေမယ့်လည်း “သမီးဟာ ဖွံ့ဖြိုးမှုနောက်ကျတယ်” တဲ့ မနေ့ညနေက ကမ်းခြေလာတဲ့ မမလှလှလေးတွေက ပြောတယ်။  ဘာကိုပြောချင်တာလဲတော့ နားမလည်ပါဘူး။  သူတို့ ပြောတဲ့ စကားလုံးတွေကို ပြန်ပြောပြတာ......။

သြော်…. ဘယ်ကမ်းခြေလဲဆိုတော့ ချောင်းသာကမ်းခြေလေ….။  သမီးက အဲ့ဒီကမ်းခြေမှာ ကဏန်းတွေရောင်းတာ။  တချို့ ကမ်းခြေလာတဲ့လူတွေက သမီးတို့ဆီက ကဏန်းတွေဝယ်ပြီး ပင်လယ်ထဲ ပြန်လွှတ်ကြတာလေ။   သမီးတို့က အဲ့ဒီ ကဏန်း တွေကို ပြန်ဖမ်းပြီး ပြန်ရောင်းတာပေါ့။

မလှလှတွေက ပြောပါတယ် "ငရဲကြီးမယ်" တဲ့လေ..။

သမီး ညနေပိုင်း ကဏန်းရောင်းလို့ရတဲ့ ပိုက်ဆံနဲ့မှ ဈေးထဲမှာ ဆန်ဝယ်ဖို့လောက်တာလို့ သူတို့ကို ပြန်ပြောပြရတယ်။  အဲလို ပြောလို့ သူတို့ စိတ်ဆိုးပြီး သမီးဆီက ကဏန်းတွေ မ၀ယ်တော့မှာလည်း စိုးရိမ်မိတယ်။

သမီးလည်း အဲဒီ မမလှလှတွေလို အင်္ကျီလှလှလေးတွေဝတ်ပြီး ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်တာပေါ့။ ဒါပေမယ့် ခြင်း ထဲက ကဏန်းတွေကုန်မှ ဆန်ဝယ်လို့ရမှာကို သူတို့ကမှ မသိတာ…..။

ဟိုတရက်ကတော့ သူတို့တွေကို ကြည့်ပြီး ဓာတ်ပုံထဲမှာဆို ငါကော ဘယ်လိုလေး ဖြစ်နေမှာလဲလို့ စိတ်ကူးယဉ်မိတယ်။  အဲလို တွေးပြီး ငေးနေတုန်း မမလှလှတွေထဲက တယောက်က သမီးကို ဓာတ်ပုံခေါ်ရိုက်တယ်လေ။  အမလေး ပျော်လိုက်တဲ့ ဖြစ်ခြင်း…။  အိုက်တင်တွေ စွတ်လုပ်လိုက်တာ ကဏန်းရောင်းဖို့တောင် မေ့သွားတယ်။  ဒါပေမယ့် အဲဒီ မမလှလှတွေက သမီးကို မုန့်ဖိုးတွေ ပေးသွားတော့ ပျော်လိုက်တာလေ။  ဓာတ်ပုံလည်းရိုက်ရ ဆန်ဖိုးလည်းရဆိုတော့ ခြင်းထဲက ကဏန်း တွေကို ရေထဲ အကုန်ပြန်လွှတ်ပြီး ကမ်းခြေမှာ လျှောက်ပြေးဆော့ပစ်လိုက်တယ်။  သမီး ဒီလိုပြေးလွှားမဆော့ရတာ တော် တော်တောင် ကြာပေါ့…..။


အမေလား…..။  သူက မနက်အစောကြီးထပြီး ကမ်းခြေကို ရောက်အောင်သွားရတယ်။  မနက်ပိုင်း ကမ်းခြေမှာ လမ်းလျှောက် တဲ့ လူတွေရှိတဲ့နေရာမှာ ဈေးရောင်းဖို့ပေါ့။  အမေဘာရောင်းတာလဲလို့ သိချင်တာလား၊ အုန်းလက်နဲ့လုပ်ထားတဲ့ ဦးထုပ် လေ။  အမေက အဲဒီလို ဦးထုပ်တွေလုပ်တာ သိပ်တော်တာ။  ညနေထဲကနေ ဦးထုပ်တွေထိုင်လုပ်တာ ညဘက် ရောက်ပြီးဆို တော်တော်များများ လုပ်ပြီးသွားပြီ။  မနက်စောစော ရွာထဲဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်ပြီဆို ထပြီး ကမ်းခြေကို သွားရောင်းရတာလေ။

ဒီအလုပ်က သမီးတို့ ပိုက်ဆံစိုက်ထားစရာ မလိုဘူးလေ။  ရွာထဲက အုန်းပင်တွေရှိတဲ့ အိမ်တွေကနေ အဖေက အုန်းသီးခူး ပေးပြီး အုန်းလက်တွေပါရတော့ အမေက ဦးထုပ်တွေ ထိုင်ထိုးရုံပဲ။  အဲဒါ မနက်ပိုင်း ဆန်ဖိုးရတာပေါ့။  အဖေအုန်းပင် တက်နိုင်တုန်းကတော့ သမီးတို့တွေ ပုစွန်ဟင်းတွေ၊  ကဏန်းဟင်းတွေ စားနိုင်တာပေါ့။  အဖေက ညပိုင်းဆို ကမ်းခြေ တလျှောက်မှာ ပလတ်စတစ်ဘူးတွေ သံဘူးတွေလိုက်ကောက်တယ်။  ပြီးရင် ညဘက် ပုစွန်တွေ ကဏန်းတွေရှာပြီး ပြန်လာ၊ သမီးက မနက် အမေဈေးရောင်းသွားတုန်း အဲဒါတွေကို အမေပြန်လာရင်ချက်ဖို့ အဆင်သင့် လုပ်ပေးထားတာပေါ့။ အခု တော့ အဖေက ခါးနာလိုတဲ့လေ ဘာမှ မလုပ်နိုင်ဘူး။  ချောင်းတွေလည်း အရမ်းဆိုးပြီး ဖျားနေတော့ အခု အိမ်မှာပဲ အိပ်.. အိပ်နေရတယ်။


သမီးမှာ ညီမလေးတယောက်ရှိတယ်။  မမလှလှတယောက်ကတော့ ပြောတယ်၊ သမီးကော ညီမလေးကောက ချောတယ် တဲ့….၊ ပျော်လိုက်တာ ဟီး ဟီး…. ။  မနက်ပိုင်း အမေပြန်လာရင် ဟင်းချက်ဖို့ သမီးလုပ်ပေးနေတော့ ညီမလေးက လမ်းမှာ တခြားကလေးတွေလိုပဲ ဆော့နေတာပေါ့။  အီအီးတွေ ရှူးရှူးတွေ ခဏခဏပေါက်ချတော့ အောက်ပိုင်း ဘာမှ မ၀တ်ပေး ထားတာတော့ဘူးလေ။ မမလှလှတွေကတော့ သမီးတို့ကို ကြည့်ပြီး သူတို့အချင်းချင်း တိုးတိုး တိုးတိုးနဲ့ ပြောနေကြလေရဲ့။  "ဟိုင်ဂျင်း" နဲ့ " ရိတ်ပ်" လို့တော့ နားစွန်နားဖျား ကြားလိုက်တာပဲ။  ကိုရီးယားကထဲက နာမည်တွေထင်ပါရဲ့…..။

"ကျောင်းမတက်ဘူးလားတဲ့" မမလှလှတွေထဲက တယောက်က မေးတယ်…။ သမီး ဘာဖြေရမလဲဟင်…..။ သမီးမှာ ကျောင်းတက်ဖို့ အချိန်မှ မရှိတာ…။  သမီးနဲ့ရွယ်တူ ကောင်မလေးတွေ အဖြူအစိမ်း ဂါဝန်လှလှလေးတွေဝတ်ပြီး ကျောင်း တက်နေတာ တွေ့တော့လည်း … …. …. ….။

"အမေဈေးရောင်းသွားတဲ့အချိန်၊ သမီးကျောင်းသွားတဲ့ အချိန် ညီမလေးကို ဘယ်သူ ကြည့်ပေးမှာလဲ၊ ချောင်းဆိုးပြီး ကိုယ်တွေပူနေတဲ့ အဖေ့ကို ဘယ်သူ ကြည့်ပေးမှာလဲ…" လို့ မမလှလှတွေကို ပြန်မေးလိုက်ချင်တယ်။

ဒါပေမယ့်လည်း သမီး မမေးနိုင်တော့ပါဘူး ထင်းမီးဖိုက ထွက်လာတဲ့ မီးခိုးတွေမွှန်လို့လားမသိ၊ သမီး မျက်လုံးတွေစပ်လာတယ်၊ မျက်ရည်တွေလည်း ကျလာလို့ အဝေးကို လှမ်းကြည့်လိုက်ရတယ်။

သမီးနေ့တိုင်း တွေ့နေရတဲ့ အဆုံးအစမရှိတဲ့ ပင်လယ်ကြီးက ဒီနေ့တော့ မျက်ရည်တွေကြားမှာ မှုန်ဝါးဝါးနဲ့။  စောစောက သမီးဘေးနားမှာရှိနေတဲ့ မမတွေ ဓာတ်ပုံရိုက်ဖို့ ပင်လယ်ကြီးဆီကို လှလှလေး ထွက်သွားကြပြီလေ။

သမီးလည်း စီးကျလာတဲ့ မျက်ရည်တွေသုတ်ပြီး တ၀ုန်းဝုန်းနဲ့ ကမ်းခြေကို ရိုက်ခတ်နေတဲ့ လှိုင်းသံကို အန်တုပြီး သူတို့ကြားအောင်လို့ အော်ပြောလိုက်တယ် … … …

"သမီးလည်း ကျောင်းတက်ချင်ပါတယ်……."။

ခင်လေး
28-12-2015 (11:25 am.)

(Education Digest အပတ်စဉ် ဂျာနယ်တွင်လည်း ဖော်ပြခဲ့ဖူးပါသည်။)