ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဒေါက်ထက် (ယူကေ) - ဒေါက်တာ လက်ဆေး



ဒေါက်ထက် (ယူကေ) - ဒေါက်တာ လက်ဆေး

(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၆

ဒေါက်ထက်ငယ်ငယ်ဘဝ အဖိုးအဖွားအိမ်တွင် ကြီးပြင်းခါ ကာလက ဒေါက်တာလက်ဆေးအကြောင်း နားစွန်နားဖျား ကြားခဲ့ဘူးပါသည်။

အဲဒီအချိန်အခါက သမဝါယမ ခွဲတမ်းရလျှင် ပျော်ရွှင်စွာဖြင့် ဆီ၊ ဆန်၊ သကြား၊ နို့ဆီ တန်းစီ၍ ဝယ်ရသော ၁၉၇၀ ခုနှစ်များပင် ဖြစ်ပါသည်။ ရွှေဝါဆပ်ပြာ၊ ကာဘော်လစ်၊ လုံချည်စ၊ မျက်နှာသုတ်ပုဝါ ဘာလေး ညာလေး ခွဲတမ်းရ အလွန်ပျော်ရသော မဆလခေတ် ဖြစ်ပေသည်။ လူတိုင်း ဆင်းရဲကြသော်လည်း လောဘ ဒေါသ နည်းကြပါသည်။ ပြည်သူပိုင်ပစ္စည်း အလစ်သုတ်လျှင် အများကနှာခေါင်းရှုံ့ခဲ့ကြဘူးလေသော ထိုခေတ်တခု မြန်မာနိုင်ငံတွင် ထိုခေတ်က တကယ်ကို ရှိခဲ့ဘူးပါသည်။

ပြည်သူလူထုကို သာတူညီမျှ ဆိုရှယ်လစ်စံနစ်ဆိုပြီး ဘရိန်းဝပ်ခ်ျ လုပ်၍ တယောက်တည်း လုပ်ချင်ရာလုပ် အလစ်သုတ်သွားသောသူကြီးကား သွားလေပြီ။ ဒေါက်ထက်လေးမွေးကာနီး လပိုင်းအလိုတွင် အဖိုးအဖွားများကား ပြည်သူပိုင် အသိမ်းခံရသောကြောင့် သူဌေးဘဝမှ အထည်ကြီးပျက် ဖြစ်ခဲ့ကြရလေသည်။ ဂျိုကောင်လေးဟု သဘောမထားပဲ မြေးဦးမို့ အချစ်သည်းကာ ပြုစုခဲ့ကြသော အဖိုးအဖွားများ၏ ကျေးဇူးကို အောက်မေ့မိပါသည်။ မဆလခေတ် ရှားပါးသည်ကြောင့် အထက ၂ ကျောင်းမှ ပညာရည်ချွန်ဆုပေးသော ဗလာစာအုပ် တဒါဇင်နှင့် ခဲတံတဗူးကို ဒေါက်ထက်လောင်းကလေးက မက်သည်။ ဤသို့ဖြင့် လောဘကြောင့် ကျိုးစားချင်စိတ်ကလေးက မွေးလာခဲ့ကာ ဘုမသိဘမသိဖြင့် ဆေးတက္ကသိုလ်ရောက်ပြီး ဒေါက်ထက်ဖြစ်လာခဲ့သည်။

စာရေးသူငယ်ငယ်က နေထိုင်ရာ ပျဉ်းမနားမြို့အရှေ့ဘက် ၆ မိုင်အကွာလောက်တွင် ပြည်သူပိုင် သကြားစက်ကြီး ရှိလေသည်။ ပျဉ်းမနားမြို့အလယ်မှ အရှေ့အနောက် ဖြတ်သွားသည့် တခုတည်းသောလမ်းမကြီးကား ဗိုလ်ချုပ် လမ်းမဟုခေါ်ပါသည်။ 
ဗိုလ်ချုပ်လမ်းမအတိုင်း မြို့အရှေ့ဘက်သို့ ထွက်လျှင် လမ်း၏ ဘယ်ညာတလျှောက် ကြံခင်းများကို တွေ့ရလေ့ရှိသည်။ ယခုခေတ်တွင်ကား ကြံစိုက်ပျိုးစားရိတ်၊ သယ်ပို့စားရိတ်များ မကိုက်ကြသောကြောင့် မတ်ပဲ သို့မဟုတ် တခြားဆီထွက်သီးနှံများကိုစိုက်ကြသည်ဟု သိရသည်။ ဆောင်းတွင်းနံနက်ခင်း အမေနှင့် လမ်းလျှောက်လျှင် လမ်းဘေးတလျှောက် ကောက်၍အလကားရလေ့ရှိသော ကြံရိုးများကို လွမ်းမိပါသည်။ ယခုအခါ တောင်သူမလုပ်ပဲ မြေရောင်းစားပြီး စီးပွားဖြစ်နေသူများလည်း ရှိကြသည် ဆို၏။ နေပြည်တော်စီမံကိန်းအရ မြေသိမ်းခံရ၍ လျော်ကြေးမရ ငိုချင်းချနေသူများ၏ သတင်းကလည်း နားဝတွင် မချမ်းသာစရာပင်။ သူများရီဖို့ ကိုယ်ငိုမယ် ဆိုသည်မှာ နေပြည်တော်မှ လယ်သမားများအတွက်များ ကြိုတင်၍ ဆိုခဲ့သလား တွေးမိရသည်။

အဆိုပါ သကြားစက်အနီးတွင် ဆရာဝန်တယောက်ရှိခဲ့ပါသည်။ ပျဉ်းမနားမြို့အရှေ့ဘက် ညောင်ပင်သာ၊ ဆင်သေ၊ ကျွန်းဦး၊ ဝဲကြီး စသောရွာများမှ လူနာများက ထိုဆရာဝန်ကို အားကိုးကြရသည်။ ဆရာဝန်အမည်ကို သေချာမသိသော်လည်း သူ့ကို လူအများက ပေးထားသည့် နာမည်ကို အမှတ်ရနေသည်။ ထိုနာမည်ကား ''ဒေါက်တာလက်ဆေး'' ဟူ၍ပင် ဖြစ်ပါသည်။

ဒေါက်တာ လက်ဆေးကား လူနာတယောက်ကို စမ်းသပ်ပြီးတိုင်း လက်ဆေးသောကြောင့် ဒေသခံများက နာမည်ပြောင် ပေးထားခဲ့ကြခြင်း ဖြစ်ပေသည်။ ထိုခေတ် ထိုအခါက ''ဒေါက်တာလက်ဆေး'' ဟုဆိုလျှင် ပျဉ်းမနားမြို့ခံအတော်များများက သိကြသည်။ တမြို့လုံးမှ ရှာကြည့်လျှင် ဆရာဝန် ၁၀ဦးထက် မပိုနိုင်သော ခေတ် ဖြစ်ခဲ့သည်။ စာရေးသူလည်း ငယ်စဉ်အခါ လူကြီးများက ရယ်စရာလို့ မြင်ခဲ့ကြသည်မို့ ကလေးပြီပြီ ရယ်စရာတခုလို့သာ မြင်ခဲ့ပေသည်။ ''ဒေါက်တာလက်ဆေး''သည်ကား မြို့နေ လူအများအတွက် ရယ်စရာ ပြောစမှတ် တခုထက် မပိုခဲ့ပါချေ။

နှစ်ပေါင်းများစွာကြာခဲ့ပြီး ကလေးလေးထက်လည်း ဒေါက်ထက် ဖြစ်လာခဲ့ပါသည်။ ဒေါက်ထက်လည်း ရေကြည်ရာ မြက်နုရာရှာရင်း အင်္ဂလန်နှင့် ရေစက်ပါသည်ကြောင့် မျက်စေ့လည် လမ်းမှား၍ အင်္ဂလန်သို့ ရောက်လာပြီး သောင်တင်နေသည်မှာ အနှစ် ၂၀ ကျော် ကြာချေပြီ။ ပျော်ရာမှာမနေ တော်ရာမှာနေဟု ဆိုရိုးစကားအတိုင်း ပျော်ရွှင်ရာအရပ်၊ အမိမြေကို ဘိုင့်ဘိုင် လုပ်၍ မျက်နှာဖြူတို့ကြီးစိုးရာတွင် ခြေချရပေသည်။

ဒေါက်ထက်တို့ငယ်ငယ်ကတည်းက ဆိုရှယ်လစ်စံနစ်ကြီးအလိုအရ အင်္ဂလိပ်လူမျိုးဆိုလျှင် ကြောက်တတ်အောင် ဖြဲချောက်ထားသည်ကြောင့် ဘာမှန်းမသိ အင်္ဂလိပ်လူမျိုးမြင်လျှင် ကြောက်သလို ဖြစ်ကြရသည်။ ဒီလိုမျိုး ဦးဏှောက်ဆေးခံထားရသည်ကို အင်္ဂလန်ရောက်သည့်အခါတွင် မနည်းပင် ပြန်၍ ပြုစုပျိုးထောင်ရသည်။ အင်္ဂလန်တွင် အင်္ဂလိပ်လူမျိုးပေါင်းစုံ လူကောင်း၊လူဆိုး၊ ရဲကောင်း၊ ရဲညစ် ပေါင်းစုံ တွေ့ဘူးတော့မှ သူတို့လည်း အသားဖြူကိုယ်ခန္တာငှားသုံးသည်မှ လွဲ၍ အဆိုးအကောင်းဆိုသည်မှာ လူဆိုသည့်အတိုင်း ရှိသည်ကို သဘောပေါက်ရပေသည်။ ဦးဏှောက်ဆေးသည့်လူကြီးများ ဘာကြောင့် အင်္ဂလိပ်လူမျိုးကို ကြောက်အောင် ဖြဲချောက်သည်ကို ဒေါက်ထက် သဘောမပေါက်နိုင်အောင် ဖြစ်ရသည်။ နိုင်ငံခြားသားကိုယ့်ဆီလာပြီး အုပ်ချုပ်သည်ကို ကြောက်အောင် ရိုက်သွင်းသော်လည်း နိုင်ငံခြားသားကြောက်ခြင်းဆိုသော မဟုတ်သည့် အကျိုးဆက်ကိုသာရသည်ဟု ဒေါက်ထက် မှတ်ချက်ချမိသည်။

ဒေါက်ထက်တယောက် နှစ်နှစ်ဆယ်ကျော်ကြာအထိ ငါးပိသံမပျောက်သော်လည်း အင်္ဂလန်ရောက်တာကြာ၍ အင်္ဂလိပ်တို့ကို ကြောက်သည့်စိတ်က မရှိတော့ပေ။ မကြောက်ဆို၍ အထင်ကြီးစရာတော့မဟုတ်ချေ။ ခံရပေါင်းကလည်း များချေပြီကိုး။ ဒေါက်ထက်တယောက် မျက်နှာဖြူတွေကို အထင်ကြီးခဲ့မိ၍ ခံရသည်များကို စာအုပ်ထုတ်လျှင်ပင် ရကောင်းနိုင်သည်။ သို့သော်လည်း သူတို့၏ လေးစားစရာ စည်းကမ်းရှိပုံကိုတော့ သတိပြု အသိအမှတ်ပြုရသည်။ စည်းကမ်းတခုထားလျှင် အယုတ်အလတ်အမြတ်မရွေး လိုက်နာရသည်။ တခါက အင်္ဂလန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန် တိုင်းခန်းလှည့်လည်ရင်း ဆေးရုံ၌ လူနာဆောင်ဝင်ကြည့်သည်တွင် ဆေးရုံစည်းကမ်းနှင့်အညီ အင်္ကျီကို လက်မခေါက်သဖြင့် မုန့်ဟင်းခါးအကျွေးခံရပေသည်။ အင်္ဂလိပ်လူမျိုးကား စည်းကမ်းတခုရှိလျှင် မည်သူမျှ၊ အဘမျှ မရပါ။ ဝန်ကြီးချုပ်သည်ပင် လိုအပ်သည်ထင်လျှင် ညွှန်ကြားခံရပေသည်။ သူတို့နိုင်ငံကား သည်ကမ်းဆိုလျှင် ဘယ်သူဖြစ်ဖြစ်လိုက်နာရသော အာဂနိုင်ငံပါလားဟု လိုအပ်သည်များကို ညွှန်ကြားသည့် သတင်းစာပုံထဲတွင် လူဖြစ်လာခဲ့သည့် ဒေါက်ထက်က တွေးမိလိုက်သည်။

အင်္ဂလိပ်လူမျိုးများ၏ ထူးခြားချက်မှာ အသေးအမွှားများကိုပင် အသေးစိပ် သေချာလုပ်သည်။ ယခုလည်း ဒေါက်ထက်တို့ ဆေးရုံက ''လက်ဆေး ပေါ်လစီ''ကြောင့် မိမိလည်း ထောက်လှမ်းရေးအောက်က စောင့်ကြည့်ခံရသူတယောက်နှယ်ပင် စောင့်ကြည့်ခံရသည်။
 တို့ဆီမှာလို စာရွက်ထဲဆေးလည်း မရဘူးလားဟု ထင်မိထင်ရာ တွေလိုက်သည်။ မိမိ ခံရပြီကိုး။ လစဉ် ''လက်ဆေး အောဒစ်'' တွင် မိမိဌာနက ''အောဒစ် ဒေတာ''များ ထွက်လျှင် ''အောဒစ်ရီဇတ်'' အခြေအနေမကောင်းလျှင် ကျိုးစားပြီး ဝိုင်းလုပ် ဝိုင်းဆေး လုပ်ရသည်။

တလောကလည်းဒေါက်ထက် ဆေးရုံတွင် လူနာကြည့်ပြီး လူနာကို မထိသောကြောင့် လက်မဆေးပဲ ထားလိုက်မိသည်။ ဘယ်ကနေ ထောက်လှမ်းရေးလုပ်နေသည်မသိသော ခင်မင်နေသည့် သူနာပြုဆရာမလေးတယောက်က အနားလာ အသာလေး လက်တို့ပြီး ''တို့ လက်ဆေး အောဒစ် လုပ်နေတယ်''ဟု မသိမသာ လာပြောသည်။ ကိုယ်က ''အော် ဟုတ်လား'' ဟု မသိချင်ယောင်လိုလိုလုပ်ပြီး လက်ဆေးပြလိုက်ရသည်။
နောက်ဆိုလျှင် လူနာကြည့်ပြီးပါက ''ဟိုင်း'' လုပ်ရင်း သူနာပြုများစားပွဲနားက လက်ဆေးခွက်တွင် မြင်အောင် သွားဆေးပြရသည်။ ရေစိုနေသောလက်ကလေးပါ မမြင် မြင်အောင် ဟယ်လိုလုပ်ကာ လက်ပြရသည်။

အင်္ဂလန်တွင်အနေကြာသော်လည်း ဒေါက်ထက်တယောက် ဆေးရုံတွင်လူနာကြည့်၍ လက်ဆေးရတိုင်း ဒေါက်တာလက်ဆေးကို သတိရမိပါသည်။ သူ့ကို လှောင်ပြောင်ခဲ့ကြဘူးသည့် မြန်မာပြည်မှ အိမ်နီးနားချင်း ဆွေမျိုးသင်္ဂဟ၊ ရပ်ဆွေရပ်မျိုး အပေါင်းတို့ပင် မသန့်ရှင်းသော လက်အပေါင်း၊ အပ်အပေါင်းတို့ ကျေးဇူးကြောင့် ကူးစက်ရောဂါအစုံဖြင့် ဘဝတပါးသို့ ပြောင်းသွားခဲ့ကြလေပြီ။ ရန်ကုန်ဆေးရုံကြီးအနီး ပစ်ထားသော သုံးပြီးပလပ်စတစ်ဆေးထိုးပြွန်နှင့် ဆေးထိုးအပ်များကို အမှိုက်ကောက်ကြသော မိသားစုအကြောင်း၊ ရင်သားကင်ဆာလူနာကို လက်အိပ်မပါပဲ ရွှေလက်စွပ်ကြီးစွပ်လျှက် အားရပါးရဖြင့် ရင်သားအကျိတ်ထဲ ဆေးထိုးနေသော မန္တလေးရွှေမြို့တော်ကြီးမှ ကင်ဆာအရမ်းကုအကြောင်းများ မကြာသေးမီက ဖတ်ရလျှင် ရွှေပြည်တော်ကြီးသည် မျှော်တိုင်း ဝေးသထက်သာ ဝေးလာကြောင်း လွန်စွာ စိတ်မကောင်း ဖြစ်မိရပေသည်။ မြန်မာ့ကျန်းမာရေးစံနစ်ကြီးသာ မြန်မာဆရာဝန်အပေါင်းတို့ကို ဆေးပညာဘုတ်အုပ်အတိုင်း ဒေါက်တာလက်ဆေးကဲ့သို့ တိတိကျကျ ကျင့်ကြံလုပ်ပိုင်ခွင့် ပြု၍ လိုအပ်သည်များကို ညွှန်ကြားခွင့် ရလျှင်ကား ရွှေမြန်မာတို့ တကမ္ဘာလုံး၏ အောက်ဆုံးအဆင့်မှ တက်ရန်သာ ရှိသည်ဟု တွေးမိရင်း ဒေါက်ထက် တခါမှ မတွေ့ဆုံဘူးသူ မြန်မာဆရာဝန် ဒေါက်တာလက်ဆေးအား ဦးညွှတ်လိုက်မိပါသည်။ ။

ဒေါက်ထက် (ယူကေ)