ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် (၄)


ဗိုလ်ထက်မင်း - ပြောင်းလဲချိန်တန်ပြီဆိုရင် ပြောင်းလဲရေး မဟာဗျုဟာ နည်းဗျူဟာအစီအစဉ် တိုက်တွန်းချက် (၄)
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၆

၃၈။ ပီတာဇီမန်းက ထောက်လှမ်းရေးသဘာဝနဲ့ဒီမိုကရေစီစံနှုန်း ယှဉ်ထိုးသုံးသပ်ပြသွားပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ ထောက်လှမ်းရေးဌာနဟာ ဥပဒေက ပေးတဲ့ လုပ်ပိုင်ခွင့်ပဲ ရှိရမယ်ဆိုတာကို လူတိုင်းနားလည်ကြတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်း လွတ်လပ်မှုရှိတဲ့ ဒီမိုကရေစီနိုင်ငံများရှိ အစိုးရနဲ့ ပြည်သူများရဲ့ ဆက်ဆံရေးမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေကို အုပ်စု သုံးခုမှာ ဘယ်အုပ်စုကမှ မသိကြ၊ နားမလည်ကြသေးတာ ရှိပါတယ်။ လျှို့ဝှက်ချက်ဆိုတာ အချိန်အကန့်အသတ်တော့ ရှိရမယ် ဖြစ်ပြီး၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနဲ့ ထောက်လှမ်းရေးတို့ ဆက်ဆံရေးမှာ ပိုပြီးပွင့်လင်းရတဲ့အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ ထောက်လှမ်းရေးဌာနရဲ့ နှစ်ပတ်လည် အစီရင်ခံစာ ထုတ်ပြန်ပေးရတာရှိတယ်လို့ဆိုပါတယ်။ စာနယ်ဇင်းတွေနဲ့ (အတိုင်းအတာ တစ်ခုထိ) ဆက်သွယ်ကြတယ်ဆိုတာနဲ့ ထောက်လှမ်းရေးဌာနဟာ ပါလီမန်ရဲ့ထိန်းချုပ်မှုကို နာခံရမယ် ဆိုတာတွေကို ဘယ်အဖွဲ့ကမှ အပြည့်အဝ သဘောမပေါက်ကြတာတွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီ အချိန်က (၁၉၉၀ ပြည့်လွန် နှစ်အစပိုင်းမှာ) အနောက်ဥရောပရှိ ထောက်လှမ်းရေး ဌာနတွေကလည်း ဒီတာဝန်ခံမှု မူဝါဒသဘောတွေကို အကောင်အထည်ဖေါ်စဘဲ ရှိသေးနေတယ်ဆိုတာ သူက အလေးထား ထောက်ပြထားတယ်။ ဒါကြောင့်  ဒီမူတွေကို နောက်ပိုင်းကျမှ သူတို့အပြည့်အဝစွဲကိုင်မိတာ အံ့သြစရာတော့ မဟုတ်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက သူတို့က အနောက်နိုင်ငံတွေနဲ့ မတိမ်းမယိမ်း လိုက်နိုင်တာကို ပြောတာဖြစ်ပါတယ်။

၃၉။ ပီတာဇီမန်းက တန်ပြန်ထောက်လှမ်းရေးဌာနကို ဘယ်သူ့ကွပ်ကဲမှုအောက်မှာထားမလဲ စိန်ခေါ်မှူကို ရှင်းပြထားပါတယ်။ ဖိနှိပ်ချုပ်ချယ်နိုင်တဲ့အာဏာရှိတဲ့ နိုင်ငံတော် လုံခြုံရေးတာဝန်ကို ပြည်ထဲရေးဝန်ကြီး ဌာနနဲ့ ရဲတပ်ဖွဲ့တို့ကို မပေးရဘူးဆိုတဲ့ အယူအဆကို ထောက်ခံတဲ့သူက အများစု ဖြစ်ပါတယ်။ ဆိုလိုတာက
ပြည်တွင်းလုံခြုံရေးဌာနကို ဘယ်ရဲနဲ့ ရာဇဝတ်ဌာနမှ မပါဘဲ ဗြိတိသျှနဲ့ ဂျာမဏီတို့ရဲ့ ပုံစံနဲ့အညီ ဖွဲ့စည်းဖို့ ဖြစ်ပါတယ်။ (ပိုလန်ကတော့ တမျိုး ဖွဲ့စည်းပါတယ်။ သူတို့ရဲ့ တန်ပြန် ထောက်လှမ်းရေး ဌာနမှာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးဖို့ အာဏာလည်း ရှိပါသေးတယ်) တန်ပြန်ထောက်လှမ်းရေးဌာနကို ပြည်ထဲရေး ဝန်ကြီး ဌာနကနေ ဘယ်တော့ ခွဲထုတ်မလဲ။ ဘယ်လို ခွဲထုတ်ရမလဲ ဆိုတာက နိုင်ငံရေးအရ ငြင်းခုံစရာ ကိစ္စ ဖြစ်လာတယ်။ ပါလီမန်မှာကော စာနယ်ဇင်းတွေမှာပါ ငြင်းခုံကြတယ်။ အဲဒီအချိန်က ဒီဌာနက ဝန်ထမ်းတချို့က ပြည်ထဲရေးဝန်ကြီး ဌာနရဲ့ ခေါင်းဆောင်တွေရဲ့ လုပ်ဆောင်မှုတွေကို သံသယရှိကြတယ်။ ပြည်ထဲရေး ဌာနကလည်း ဒီအတိုင်းပါပဲ။ ထောက်လှမ်းရေးဌာနကို ပါလီမန်ရဲ့ လက်အောက်ခံ လုပ်ဖို့ကိုလည်း ဆွေးနွေးကြပါတယ်။

၄၀။ ပီတာဇီမန်းက ထောက်လှမ်းရေးအဖွဲ့ဝင် အဟောင်းနဲ့အသစ်တို့လုပ်ငန်းခွင်မှာ မထင်မှတ်တဲ့ ဆက်ဆံရေးဟာ ထူးထူးခြားခြား သဟဇာတ ဖြစ်နေပါတယ်။ အလွယ်ပြောရရင် လူသစ်တွေက ဦးစီးပဲ့ကိုင် နေရာက၊ အရင် ထောက်လှမ်းရေးတဖြစ်လဲတွေက မူတွေချပြီး လူဟောင်းကြီးတွေက တကယ် လုပ်ရမဲ့နည်းလမ်းတွေကို ဆုံးဖြတ်ကြတယ်။ ဒါပေမဲ့ သဟဇာတ ဆိုတာက အပြန်အလှန် အကျိုးအတွက် မှီခိုနေရတာနဲ့ ပုံသဏ္ဍာန်တစ်ခုသာ ဖြစ်တယ်။ လူသစ်တွေက ရည်ရွယ်ချက်ကောင်းထားတဲ့ လက်သင်တွေ ဖြစ်တယ်။ လျှို့ဝှက် ပုလိပ်တွေနှိပ်စက်တာ ကိုယ်တိုင်ခံရဖူးတွေဟာ စိတ်ချရသူတွေ ဖြစ်လာတယ်။ သူ့အရှေ့က လူတွေရဲ့ စက်ဆုပ်စရာနည်းနာတွေကို ပြန်သုံးတာမျိုး အာဏာ အလွဲသုံးမှာကိုတော့ အပြည့်အဝ အာမ မခံနိုင်ဘူးလို့သူကဆိုပါတယ်။ အချင်းချင်း ငြင်းခုံကြတာတွေနဲ့ ဌာနကို ကာကွယ်ရတာအပြင် လုပ်စရာအလုပ်တချို့ ရှိနေပါတယ်။ လူသစ်တွေကလည်း အလုပ် ဝတ္ထရားတွေကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ကြတာတွေ့ရပါတယ်။ တချို့ နိုင်ငံခြားမှာ အချိန်တိကျ သွားသင်လာတာတောင် ဆေးကြိမ်လုံးနဲ့ တို့လိုက်သလို တကယ့်ပညာရှင် မဖြစ်စေနိုင်ဘူးလို့ ဆိုပါတယ်။လူဟောင်းကြီးတွေဟာ သူတို့လုပ်အားအတွက် အပြန်အလှန်အနေနဲ့ အကာအကွယ် ရကြတယ်။ လုပ်ဖေါ်ကိုင်ဖက်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် မကြာခဏ အပြန်အလှန် မှီခိုကြရပြီး တစ်ခါတစ်လေ မိတ်ဆွေတွေတောင် ဖြစ်လာတတ်တာတွေ့ရပါတယ်လို့သူကပြောပါတယ်။

၄၁။ ထောက်လှမ်းရေးဌာနအသစ်တွေထဲ ဝင်လာကြတဲ့လူတွေအပေါ် လူထုအမြင်ဟာ နှစ်နှစ်လောက် အတွင်းမှာ တော်တော်ကြီး ပြောင်းလဲသွားတယ်။ သားရဲတွင်းထဲ ဆင်းရဲတယ်ဆိုပြီး ၁၉၉၀ ပြည့်နှစ် ဧပြီလမှာ သူတို့ကို ချီးမွမ်း လေးစားကုန်ကြပါတယ်။ တကယ် ဟုတ်တာရော မဟုတ်တာရော အလေးထားစရာကိစ္စတွေကို ပြည်သူတွေကို ထုတ်ဖေါ် အသိပေးဖို့ အသုံးဝင်တဲ့ လမ်းကြောင်း တစ်ခုအဖြစ် အချိန်အတန်ကြာ သူတို့ကို ယူဆထားကြတယ်။ လက်သင် ဖြစ်ရတာလဲ အကျိုးတချို့တော့ ရှိပါတယ်။ ဥပမာ လောကကို အမြင်သစ်နဲ့  မြင်တာ၊ အလုပ်မှာ စိတ်အား ထက်သန်တာတွေဖြစ်တယ် လို့သူကသုံးသပ်ပါတယ်။ အရင် StB အရာရှိဟောင်းတွေ ဝင်နှောက်မှာကို အစက တွေးပူခဲ့ပါသေးတယ်။ ဒီကိစ္စကို ခဏတာ စောင့်ကြည့် စစ်ဆေးလိုက် ပြီးတော့ ခြိမ်းခြောက်မှုဟာ မမှုလောက်ဘူးလို့ ပြည်တွင်း တန်ပြန်ထောက်လှမ်းရေးအဖွဲ့က ကောက်ချက်ချလိုက်တယ်။ အရင် StB ထောက်လှမ်းရေးတွေဟာ စီးပွားရေး လုပ်ငန်းတွေမှာ အခြေလှနေပြီး သူတို့အများစုကြီးဟာ ဘာဒုက္ခမှ မပေးကြပါတာ သူကတွေ့ရပါတယ်လို့ ဆိုပါတယ်။

၄၂။ သူက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ လုံခြုံရေးကဏ္ဍတွေကို အရပ်သားတွေက အုပ်ချုပ်သင့်တယ်။ ဒီမိုကရေစီ အင်အားစုတွေရဲ့ လက်အောက်ခံ ဖြစ်သင့်တယ်။ ဒီတပ်ဖွဲ့တွေဟာ နိုင်ငံရေး ပါတီတွေဆီက အမှီအခို ကင်းသင့်တယ်။ သူတို့ရဲ့အနေအထားကို ဥပဒေနဲ့ ကာကွယ်ပေးသင့်တယ်။ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို ဥပဒေနဲ့ ကန့်သတ်ထားသင့်တယ်။ သူတို့ဟာ ပါလီမန် ဒါမှမဟုတ် အလားတူ ပြင်ပ အဖွဲ့အစည်းရဲ့လက်အောက်ခံ ဖြစ်သင့်တယ် ဆိုတာတွေ ဖြစ်ကြောင်း သူကထောက်ပြသွားပါတယ်။ သူတို့ရဲ့ ထောက်လှမ်းရေးအဖွဲ့ကို နိုဝင်ဘာ တော်လှန်ရေး မတိုင်ခင်က ထောက်လှမ်းရေးဟောင်းတချို့နဲ့ ဖွဲ့စည်းထားတာနဲ့ ပတ်သက်လို့  သူတို့ရဲ့ အနောက်တိုင်း လုပ်ဖေါ် ကိုင်ဖက်တွေက မကန့်ကွက်ကြပါဘူးလို့ ဆိုပါတယ်။

၄၃။ သူက ခွဲထွက်သွားတဲ့ စလိုဗက်ကီးယားနိုင်ငံရဲ့ ထောက်လှမ်းရေးအဖွဲ့အကြောင်းနဲ့သုညဖြေရှင်းနည်းကို မလုပ်ရတဲ့ အကျိုးဆက်ကို ဆက်ပြောပါတယ်။ ထောက်လှမ်းရေး အဖွဲ့ဟာ ၁၉၉၃ နဲ့ ၂၀၀၄ ခုနှစ် အတွင်း ဝန်ထမ်း ခါးပြတ်မှု တချို့နဲ့ ကြုံရတယ်။ FBIS ရဲ့အရင် စလိုဗက်အရာရှိတွေကို အဖွဲ့က ၁၉၉၃ ခုနှစ်မှာ ငြင်းပယ်လိုက်တယ်။ လူတွေအများကြီးကို ထုတ်ပစ်လိုက်တယ်။ ဒါပေမဲ့ အရင် StB အရာရှိတွေကိုတော့ တပ်ဖွဲ့ထဲ အများအပြား ထည့်သွင်းတယ်။ ၁၉၉၈ ခုနှစ်မှာ တက်လာတဲ့ ဒီမိုကရက်တစ် အစိုးရသစ်ကတော့ ဒီစုဆောင်းထားတဲ့ လူဟောင်းများကို ဖယ်ရှား ပစ်လိုက်တယ်။ဒါကြောင့် ၂၀၀၃ ခုနှစ်မှာ ညွှန်ကြားရေးမှူးသစ်က သုညဖြေရှင်းနည်းကို ရုတ်တရက် ရွေးချယ် ဆုံးဖြတ်လိုက်ပြီး ကျန်နေတဲ့ StB အရာရှိဟောင်းတွေကို အမှုထမ်းသက် အများကြီးရှိပြီးမှ သစ္စာရှိရင်တောင် ထုတ်ပစ် လိုက်တယ်။ ဒီလုပ်ရပ်က အဖွဲ့ရဲ့ ကျွမ်းကျင်ရင့်ကျက်မှုကို ထိခိုက်စေရုံမက စင်ပြိုင်အဖွဲ့ခေါ်တဲ့ စိုးရိမ်စရာ ဖြစ်ရပ်ကို ဖန်တီးပေးလိုက်တယ်။ အလုပ်ဖြုတ်ခံရတဲ့ အရာရှိတွေက တစ်ခါတစ်လေ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းမှာ ဝင်လုပ်တယ်။ ဖေါ်ပြခဲ့တဲ့ ဘယ်နိုင်ငံကမှ သုညဖြေရှင်းနည်းကို ပြုပြင်ပြောင်းလဲရေးအစမှာ အကောင်အထည် မဖေါ်တာ တွေ့ရှိရပါတယ်။။ ဒီအစား ခါးဆက်မပြတ်တဲ့ နည်းကိုဘဲ ရွေးကြပါတယ်။ ချက်သမ္မတနိုင်ငံမှာ နှစ်အတန်ကြာမှ သုညဖြေရှင်းနည်း နီးနီး ကို အရပ်ဘက်ထောက်လှမ်းရေး နဲ့ စစ်ဘက်ထောက်လှမ်းရေး VOZ တို့က ရွေးခဲ့ပါတယ်။ ဖေါ်ပြပြီးခဲ့သလိုပဲ စလိုဗေကီးယားက ရုတ်တရက် သုညဖြေရှင်းနည်း ကို နောက်ပိုင်းကျမှ ရွေးခဲ့တာပါ။

၄၄။ သုညဖြေရှင်းနည်းကို ချက်နိုင်ငံကွန်မြုနစ်စနစ်နဲ့အုပ်ချုပ်နေစဉ်မှာပင် ကျင့်သုံးခဲ့တာတောင် မအောင်မမြင် ဖြစ်ခဲ့တာ အကျဉ်းတင်ပြသွားပါမယ်။ အထူးသဖြင့် ၁၉၆၈ နဲ့ ၁၉၇၂ နှစ်များအတွင်း လက်နက်ကိုင်တပ်ဖွဲ့၊ ရဲနဲ့ StB အဖွဲ့ဝင် အများအပြားဟာ အလုပ်ဖြုတ် ခံရတယ်။ (သူတို့ထဲက တချို့ဟာ အလုပ်ဖြုတ်ခံရပြီးတော့ ဖမ်းဆီး အကျဉ်းချခံကြရတယ်) ဒီနှိပ်ကွပ်မှုက လွတ်လပ်ခေတ်မှီပြီး ဒီမိုကရေစီ အတွေးအခေါ်ရှိတဲ့ တပ်ဖွဲ့ဝင်တွေကို သိပ်ထိခိုက်စေတယ်။ အထူးသဖြင့် ၁၉၈၆ ခုနှစ်မှာ နိုင်ငံ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြုပြင်ဖို့ စီစဉ်နေတဲ့ လူများကို စိတ်ထိခိုက်စေတယ်။ ဒီအလုပ်ဖြုတ်ခံထားရတဲ့ ထောက်လှမ်းရေးဟောင်းတွေကို ၂၁ နှစ်ကြာပြီး နောက်မှာ ပြန်လည် ထူထောင်ပေးတယ်။ သူတို့ထဲကတချို့ ( ခန့်မှန်းချက်အရ နိုင်ငံလုံခြုံရေးနဲ့ နယ်ဘက်မှာ လူတစ်ရာလောက်) ကို မူလတာဝန်တွေမှာ ပြန်လည် ထမ်းဆောင်ခွင့်ပြုတယ်။ ၁၉၆၈ ခုနှစ်နောက်ပိုင်းမှာ ချက်ကိုစလိုဗက်ကီးယား ကွန်မြူနစ်အစိုးရရဲ့ ထောက်လှမ်းရေး အဖွဲ့တွေမှာ ဝန်ထမ်းခါးဆက် ပြတ်သွားခဲ့ရပါတယ်။

၄၅။ မြန်မာနိုင်ငံမှာလည်း စစ်အာဏာရှင်ဦးနေဝင်းလက်ထက် မျက်မှန်ကြီးတင်ဦး ဦးစီးတဲ့ ထောက်လှမ်းရေးတဖွဲ့လုံး ဖြုတ်ထုတ်ချ၊ သုညဖြေရှင်းနည်းနဲ့ အထက်အရာရှိတွေကို အရေးယူခဲ့ပြီး ဗိုလ်ကြီးနဲ့အောက် အခြားအဆင့်တွေကို ခြေလျင်တပ် ပို့ခဲ့ပါတယ်။ အကျိုးဆက်က လုံခြုံရေးကွန်ယက်ကျိုးပေါက်ပြီး အာဇာနည်ဗုံးပေါက်ကွဲမှု ဖြစ်ကာ မြောက်ကိုးရီးယားကွန်မန်ဒိုများ ထိုးဖေါက် ဝင်ရောက်ခဲ့ပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ဦးခင်ညွှန့်ဦးစီးတဲ့ ထောက်လှမ်းရေးအဖွဲ့တွေဟာ အင်အားတိုးချဲ့လာကာ အရှိန်အဝါကြီးမားလာပေမဲ့ စစ်မြေပြင် ရန်သူ့သတင်း၊ တိုက်ပွဲထောက်လှမ်းရေး အားနည်းသလို တန်ပြန်ထောက်လှမ်းရေးဖြစ်တဲ့ (ဗုဒ္ဓစွယ်တော်မြတ်၊ သမ္မတရုပ်ရှင်ရုံ၊ အတွင်းရေးမှုး (၂) အိမ်) ဗုံးကွဲမှုဖြစ်စဉ်တွေနဲ့ ရဟတ်ယာဉ် ပျက်ကျမှုဖြစ်စဉ်တွေမှာ ဖေါ်ထုတ်နိုင်မှု အားနည်းကြောင်း ကက(ကြည်း)က ထုချေခဲ့ပါတယ်။ သူတို့တဖွဲ့လုံးကို သုညဖြေရှင်းနည်း (ဒုတိယအကြိမ်) နဲ့ စစ်ဆင်ရေးလုပ်ခဲ့ရာမှာ တပ်မ(၁၁)တပ်တွေဟာ (၈)မိုင် မြိုတော်စည်ပင်ဟိုတယ်တွင် အခြေပြုတဲ့ ထောက်လှမ်းရေးဌာနချုပ်အား ရန်သူ့ စခန်းကို ကျားထိုးယုံတမယ် တက်သိမ်းပြီး ရုံးခန်းတွေရှိ ကွန်ပျုတာများကို ကိုင်နေတဲ့ ထောက်လှမ်းရေးအရာရှိများရဲ့လက်ကို မြှောက်ခိုင်းတဲ့အထိ စီးနင်းခဲ့ပါတယ်။ အရာရှိတချို့ဆို (ရမခ၊ ထလတ တပ်မှူးတစ်ဦး) လက်ထိပ်ခတ်ကာ ကားပေါ်ပစ်တင်သည်အထိ ခြေလျင်တပ်များက ထောက်လှမ်းရေးတပ်တွေကို ဝင်စီးခဲ့သလို (N.I.B) ကို လည်း ဖျက်သိမ်းခဲ့ပါတယ်။ ထောက်လှမ်းရေးဆိုရင် အသံတောင် မကြားချင်ဖူးဆိုတဲ့ ဦးမောင်အေးက လမ်းညွှန်လို့ စစ်ဖက်ရေးရာလုံခြုံရေးဆိုပြီး အမည်ပြောင်း ဖွဲ့ရခဲ့ကာ (စရဖ) ကို တိုင်း စစ်ဌာနချုပ် ကွပ်ကဲမှု (တိုင်းမှူးတွေရဲ့အောက်) ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ ရဲသတင်းတပ် တပ်ဖွဲ့အား နိုင်ငံရေးပိုင်းဆိုင်ရာ လုပ်ပိုင်ခွင့် အပ်နှင်းခဲ့ပေမဲ့ အဆင့်မမှီ၊ ထောက်လှမ်းရေးကွန်ယက် ခါးဆက်ပြတ်မှုကြောင့် ရန်ကုန်မြို့ ၃ နေရာမှာ အင်အားပြင်းထန်ဆုံး အဆင့်မြင့်စနစ်နဲ့ဖေါက်ခွဲ့တဲ့ ဗုံးကွဲမှူကြီးဖြစ်စဉ်တွေမှာ ကာကွယ်ရန် မဆိုထားနှင့်၊ လက်သည်တရားခံ ယနေ့ထိ မဖေါ်ထုတ်နိုင်သလို ကိုးကန့်ဒေသ ဦးဖုန်ကြားရှင်တို့တပ်ဖွဲ့သတင်းကို အချိန်မှီ မဖေါ်ထုတ်နိုင်လို့ အကျအဆုံး များခဲ့ရပါတယ်။ (စရဖ) တပ်ဖွဲ့က တရုတ်ကြေးစားစစ်သား (၈) ဦး လက်နက်အပြည့်အစုံ၊ ကားနဲ့ လွယ်လင့်တကူ အရှေ့မှ အနောက် မြန်မာပြည်ရှိမြို့ကြီးများကို သာသာယာယာနဲ့ ဖြတ်နိုင်တာ ကြည့်ခြင်းဖြင့် ထောက်လှမ်းရေး အရည်အသွေး ကျဆင်းတာ ဖေါ်ပြနေပါတယ်။

(ဆက်လက်ဖော်ပြပါမည်)