ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခက်ဦး - စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ

ပန်းချီ မုတ်သုံ

ခက်ဦး - စနေတစ်နေ့ ဆရာမြနှင့် စာဖတ်သံများ 
(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၆
ဆရာမြသန်းတင့်ရဲ့ပုံတစ်ပုံ ဖေ့စ်ဘွတ်ခ်ပေါ်မှာတွေ့လိုက်ရသည် ဆရာမြသန်းတင့်ချစ်သူများဆိုတဲ့ ဂရုတစ်ခု ဆက်တွေ့ရပြန်သည် ။ လွန်ခဲ့သော ၁၈နှစ်ခန့်က မထင်မရှားရှိခဲ့သည့်ကျွန်တော့်ရဲ့ အတိတ်က ရက်စွဲတစ်ခု၊  စာမျက်နှာတရွက်၊  ကျွန်တော့်ကို ဖတ်ရှုသွားခဲ့ဖူးသော စာမျက်နှာတရွက်။

အခု ကျွန်တော့်ကို ဖုန်မှုန့်ကလေးများ ခပ်ရွရွမှုတ်ထုတ်ပြီး ပြန်လည်လှန်လှော ဖတ်ရှုခံနေရသလို ခံစားလိုက်ရပြန်ပါသည် ။

လွန်ခဲ့သော ၁၈ နှစ်ခန့်က ရက်စွဲတစ်ခု၏ တနေ့သော စနေ တရက်တွင်ဖြစ်ပါသည် ။ ကျွန်တော်က ထိုနေ့တွင် တောင်ငူမြို့ ရေတာရှည်၊ ဇေယျဝတီ၊ ကြံလုပ်ငန်း ရုံးတစ်ရုံးတွင် တယ်လီဖုန်းစောင့် ဝန်ထမ်းတစ်ဦးဘဝနှင့် ရုံးအချိန်ပိုဆင်းနေခဲ့ရပါသည် ၊ ထိုနေ့က ရုံးပိတ်ရက်အချိန်ပိုဆင်းရသူက ကျွန်တော် တစ်ယောက်ထဲသာဖြစ်သဖြင့် ရုံးတွင်အထက်အရာရှိလည်းတစ်ဦးတစ်ယောက်မျှရှိမနေ ဘဝတူဝန်ထမ်းများလည်း ရုံးမတက်ကြရဘဲ ကျွန်တော်တစ်ယောက်ထဲသာ မြို့လယ်က အိမ်တစ်လုံး၏ အပေါ်ထပ်တစ်ခုကို ငှားဖွင့်ထားသော ရုံးခန်းကျဉ်းလေးတစ်ခုထက်ဝယ် တယ်လီဖုန်းတစ်လုံးနှင့် သကြားစက်နှစ်လုံးမှ ပေးပို့ရောက်ရှိလာသော ရုံးချုပ်သို့ပို့ရန်စာရင်းဇယားများ စောင့်ယူ တဆင့်ပေးပို့ဖို့ ရုံးစောင့်သာသာ တယ်လီဖုန်းစောင့်ဝန်ထမ်းငယ်လေးအဖြစ် တစ်ယောက်ထဲရှိနေခဲ့ဖူးချိန်လည်းဖြစ်ပါသည်။

မှတ်မှတ်ရရပြောရလျှင် နေ့လည်စာထမင်းဘူးကလေး ဖွင့်စားပြီးကာစ မွန်းလွဲ ၁နာရီဝန်းကျင်ခန့်က ဖြစ်ပါသည် ၊ ရုံးရှေ့သို့ ၊ တီအီးအမျိုးအစား ခပ်စုတ်စုတ်ရုံးကားကြီးတစ်စီး ဆိုက်ရောက်လာပါသည် ၊ ကျွန်တော်ပြတင်းပေါက်က ထွက်ကြည့်တော့ ရေတာရှည်သကြားစက်ကား ၊ ရုံးမှအရေးကြီးစာရင်းများ လာပို့သောကားဖြစ်မည်ဟု တွေးမိသဖြင့် စာရင်းများတယ်လီဖုန်းနှင့်ပို့ပေးရန် ကျွန်တော့်အချိန်ပိုတာဝန်ထမ်းဖော် တယ်လီဖုန်း ဖြူရော်ရော်ညိုရောင်သမ်းကလေးနား အသာကပ် မတ်တတ်ရပ်၍ အသင့်အနေအထားနှင့် မတ်တတ်ရပ်စောင့်နေလိုက်မိသည်။

 ကျွန်တော်ကျောပေးထားသောနံရံနောက်လှေကားထစ်သို့တက်လာသော ခပ်ပြင်းပြင်းခြေသံတစ်ခု၊ လေးလေးပင်ပင် တစ်လှမ်းချင်း ဖိတက်လာဟန်ရှိသော ခြေသံ နောက်ထပ်တစ်စုံနှင့် ခပ်ရွှပ်ရွှပ်အသံပေး၍ နောက်မှပါလာသော ခြေသံ နောက်တစ်စုံ၏ အသံကိုကြားလိုက်ရပါသည် ။

 ရုံးပေါ်သို့ပထမဦးဆုံး မျက်မှန်ငယ်တစ်လက်တပ်လျက်အနေအထား ကွမ်းတွေဝါး၍ ဝင်လာသော ခပ်ဝဝ ပုဂ္ဂိုလ်တစ်ဦး ၊ သူ့နောက်မှ မီးခိုးရောင်တိုက်ပုံဖြင့် ခပ်ဝဝကိုယ်ခန္တာနှင့်ပင် အတော်ထူထူမျက်မှန်မှုန်မှုန်ဖြင့် နဖူးကျယ်ကျယ် မျက်နှာပိုင်ရှင်ကြီးကတစ်ဦး၊ နောက်တော်ပါးမှ လိုက်ပါလာသူက နံ့သာရောင်ခပ်နွမ်းနွမ်းတိုက်ပုံ ခပ်ဖျော့ဖျော့ နီညိုရောင်အဆင်အသွေးဖြင့် ရခိုင်လုံချည်နွမ်း မျက်မှန်ထူမှိုင်းမှိုင်းဖြင့် စာအုပ်အနီရောင် ပါးပါးတစ်အုပ်ကို လက်ဖဝါးထဲရွရွကိုင်၍ နဖူးမြင့်မြင့်ကျဉ်းကျဉ်း မျက်နာနှင့်ပုဂ္ဂိုလ်တစ်ဦးတို့ဝင်လာကြပါသည်။

 ထိုစဉ်က လစဉ်ထုတ်မဂ္ဂဇင်းများ မလွတ်တမ်းဖတ်နေသော ကျွန်တော် သည်လူတွေကိုမြင်ရုံနှင့် ဘယ်သူတွေလဲဆိုတာ တန်းသိခဲ့ပါသည်။ ရှေ့ဆုံးမှပုဂ္ဂိုလ်သည် ဆရာရဲမြလွင်၊ ဒုတိယပုဂ္ဂိုလ်ကား ဆရာပါရဂူ ၊ တတိယမှာမူ ဆရာမြသန်းတင့်တို့ဖြစ်ပါသည်။ ကျွန်တော်အလွန်အံ့သြသွားခဲ့မိပါသည်။

ရုတ်တရက်မို့ ကျွန်တော့်ပေစုတ်စုတ် ရုံးခန်းအိုလေးထက် အဆိုပါဆရာကြီးများဝင်လာကြခြင်းကို ကျွန်တော်အံ့သြသွားခဲ့မိသည် ။ ဆရာ ရဲမြလွင်က ကျွန်တော်မတ်တတ်ထမိလျက်သား ခုံတန်းရှေ့ စားပွဲကျယ်တစ်ဘက်က ဖင်ထိုင်ခုံ ခပ်ရွဲ့ရွဲ့တစ်လုံးကို တယ်လီဖုန်းနှင့် တည့်တည့်နေရာကို ဆွဲယူပြီး သူ့ခန္ဓာကိုယ်ကြီးနှင့် ကျွီကျွီအသံမြည်အောင် ထိုင်ချ လိုက်သည်။ ပြတင်းပေါက်ကို ခေါင်းပြူ  ဘောင်ပေါ်လက်ထောက်၍ အောက်ထပ် အဖီ သွပ်ခေါင်မိုးညစ်ထေးထေးပေါ် ကွမ်းသွေးတွေ ဗြုန်းကနဲ အသံမြည်အောင် ထွေးချသည် ။ ပြန်ထိုင်သည် ။ ပတ္တာပြုတ်လျက်သား သစ်သားခွက်နှင့် တယ်လီဖုန်းကို ဂျွိကနဲ ဆွဲယူပြီး ကျွန်တော့်ကို တစ်ချက်မော့ကြည့် "ညီလေး ဖုန်းဆက်ဦးမယ်" ဆိုကာ စတင်ဖုန်းဆက်ပါတော့သည်။

ဘယ်ကို ဆက်တာလဲတော့ မသိ။ ဖြစ်နိုင်တာက ရန်ကုန်က မိတ်ဆွေတစ်ဦးဦးဆီဖြစ်မည်။ ကျွန်တော် သူတို့ အခုဘာကြောင့်ရောက်လာကြသည်ကို တမင်စပ်စုနေစရာမလို သူပြောနေတဲ့စကားထဲမှာ ကျွန်တော်သိချင်နေတဲ့ အဖြေများပါလေသည်။ သူနှင့်အတူ ဆရာပါရဂူ ဆရာမြသန်းတင့် တို့ပါကြောင်း ၊ သူတို့မနေ့ညက ရေတာရှည်သကြားစက်တွင် စာပေဟောပြောပွဲဟောပြောလာကြကြောင်း၊ ယခု တောင်ငူမှာရောက်နေကြကြောင်းနှင့် ရန်ကုန်ကို ပြန်ရန်အတွက် ရေတာရှည်သကြားစက်မှ ရထားလက်မှတ် ကြိုတင်စီစဉ်ထားပေးခဲ့ပါသော်လည်း ဘူတာသွားသောအခါ အဆင်မပြေဖြစ်ခဲ့ကြပြီး ရထားလက်မှတ် ညဘက်ရရန် မသေမချာဖြစ်နေသဖြင့် တောင်ငူမှာ နေ့ခင်းဘက် အချိန်ဖြုန်းရတော့မလို ဖြစ်နေကြောင်း၊ ရေတာရှည်ဝန်ထမ်းများမှ ဆက်လက်၍ ဘူတာတွင်ကြိုးပမ်းနေဆဲဖြစ်ကြောင်းနှင့် သူတို့နေ့လည်စာစားပြီးကြကြောင်းအထိ ပါ ပါပါသည် ။

သူ စိတ်နည်းနည်းညစ်နေပုံ ရနေသည်။ မျက်ခုံးအနည်းငယ် ရှုံ့နေတာကိုကြည့်ပြီး ကျွန်တော် သုံးသပ်မိခြင်းဖြစ်ပါသည်။ နောက်ထပ်စိတ်ဝင်စားမိသော ပုဂ္ဂိုလ်တစ်ဦးအကြောင်းဆီ ဆက်ပါမည်။ ဆရာပါရဂူ ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆရာရဲမြလွင် မျက်နှာချင်းဆိုင်ရှိရာ စားပွဲနောက်တွင် ရေတာရှည်စက်ရုံအရာရှိထိုင် စားပွဲ၌ ဆရာပါ ရှိနေသည် ။ ဆရာပါသည် ကြိမ်ခင်း သစ်သား လက်ရမ်းပါ ကုလားထိုင်တွင် အနည်းငယ်ဝသည်ဟု ဆိုရမည့် သူ့ကိုယ်ကို နေရာချသည်။ မီးခိုးရောင်တိုက်ပုံကို ကြယ်သီးဖြုတ်ပါသည်။ ဆရာရဲမြလွင် ဖုန်းဆက်သည်ကို ကျွန်တော်တို့ဖက် လှည့်ကြည့်၊ စားပွဲပေါ်လက်တင်ထိုင်ပြီး၊ အတန်ငယ်သုန်မှုန်သောမျက်နှာထားဖြင့် အစမှအဆုံးတိုင် နားထောင်နေပါသည်။ မျက်ခုံး ၊ ဟုတ်ကဲ့ ... သူလည်း အနည်းငယ်ရှုံ့နေတာကို သူ့မျက်မှန်မှုန်မှုန်ထူထူကြီးအထက်မှာ တွေ့လိုက်ရပါသည်။ သက်ပြင်းချမချကိုတော့ မလှမ်းမကမ်းမှသာ ကြည့်နေမိသော ကျွန်တော့်အနေနှင့် တပ်အပ်မပြောတတ်ပါ။  ဆရာရဲမြလွင် မှသူ့အား မည်သူ့ကို ဖုန်းဆက်ကြောင်း ဖုန်းချပြီးပြောပါသည်။ ယခုပြန်စဉ်းစားတော့ ဘယ်သူ့နာမည်ပြောသည်ဟုတော့ မမှတ်မိတော့ပါ။ ကျွန်တော်မရင်းနှီးသောနာမည်ဖြစ်သဖြင့် မမှတ်မိတော့ခြင်း ဖြစ်ပါလိမ့်မည် ။

ဆရာပါ ဘာစကားမှဆက်မပြောတော့ပါ ဆရာရဲ က ဘယ်တုန်းက ထပ်ဝါးထားမှန်းမသိသော ကွမ်းတံတွေးတွေ ခုနကအတိုင်း အောက်က သွပ်ခေါင်မိုးပေါ် ဗြုန်းကနဲ အသံမြည်အောင် ထပ်ထွေးပြန်သည် ။ ထိုင်ခုံပေါ်ပြန်ထိုင်သည် နောက်ထပ်ဖုန်းနံပါတ်တစ်ခုကို တဂျောက်ဂျောက်အသံမြည်အောင် ထပ်နှိပ်ပြန်သည်။ ဒီတစ်ခါ ကျွန်တော့်ကို ခွင့်မတောင်းတော့ပါ။ သူ့တပည့် (သူက ဂျပန်စာသင်တော့ သူ့ဂျပန်စာသင် တပည့်တစ်ဦးလားတော့မသိ) ဆီ ဆက်ပြန်ပါသည်။ " အလုပ်ရနေပြီဆို ... အဆင်ပြေလား ...  အေး ဆရာလား - ဒီလိုပါပဲ ...." ။တခါတခါ ရယ်သည်။ ပြီးတော့ စကားတော်တော်ကြာအောင်ပြောသည်။ အရေးတကြီးတော့ဟုတ်ဟန်မတူ အလ္လာပ သလ္လာပများသာဖြစ်သည် ၊ ကျွန်တော်သတိပြုမိသည်မှာ စကားပြောကြာလာလေလေ ဆရာရဲ့ မျက်ခုံးအရှုံ့ပြေ သွားလေလေဖြစ်သည်ဆိုတာ ကိုပင် ။

ထိုစဉ် ထိုအချိန်တွင် ... စာပိုဒ်များကို အသံထွက်ဖတ်ချလိုက်သော အသံကို ကြားလိုက်ရပါသည်။ ဆရာပါ စားပွဲတွင် ခပ်ငိုက်ငိုက်ထိုင်နေရာမှ အနည်းငယ်ရှုံ့ထားလျက်သား မျက်ခုံးဖြင့် မှုန်တုန်တုန်မျက်မှန်ကြီးထဲမှ မျက်လုံးအနည်းငယ်ပြူးလျက် အနေအထားဖြင့် ဝင့်ကြည့်လိုက်တာ တွေ့လိုက်ရသည်။ ဆရာရဲ ခပ်ဖိုင့်ဖိုင့်ခန္တာကိုယ်ကြီး တစ်ခုလုံး ဘေးလှည့်တော့မတတ် ကြည့်၍ မျက်မှန်သေးနောက်မှ မျက်ဝန်းများ အနည်းငယ်ပြူး၍ သေသေချာချာ လှမ်းကြည့်သည် ။

ဟုတ်ကဲ့ - စာဖတ်ချလိုက်သော အသံရှင်သည် ဆရာမြ ဟု ကျွန်တော်အမှတ်သညာပြုမိသော ဆရာမြသန်းတင့် ဖြစ်ပါသည်။ အချိန်ကာလကြာပြီဖြစ်ပါသဖြင့် သူဖတ်ချလိုက်သောစာကိုတော့ စာသားအတိအကျ ခုနေခါ ပြန်မမှတ်မိတော့ပါ။ သို့သော်  စာအုပ်ကိုတော့ ရေးတေးတေး မှတ်မိနေပါသေးသည်။ သိပ်အကောင်းစား ဈေးကြီးပေးဝယ်ရသော စာအုပ်မျိုးကား မဟုတ်ပါချေ။

ယခုအချိန်တွင်ပင် လမ်းဘေးမှာ အလွယ်တကူ ဈေးပေါပေါဖြင့် ဝယ်ယူ၍ရနေနိုင်သေးသော ဆရာကြီးပီမိုးနင်း၏ လူငယ်များဖတ်ဖို့ရာ ရေးသားသည့် တက်ကျမ်းတစ်စောင်ဖြစ်ပါသည်။ ဆရာမြသည် သူ့ကို ကြည့်လိုက်ကြသည့် ဆရာပါ ၊ ဆရာရဲ ၊ ကျွန်တော်တို့ ၃ ဦးသားကို စိတ်ပင်ဝင်စားဟန် မတူပါ။ မတိုးမကျယ် အသံအနေအထားဖြင့် ထပ် ရွတ်ဖတ်နေတော့ပြန်ပါသည်။

စာပိုဒ်တစ်ခုကို ထပ်ဖတ်အပြီးမှာ - သူက သူ့တစ်ယောက်ထဲပြောဟန်ဖြင့် "ကောင်းထာဗျာ။ ဆရာကြီး တော်တော်လုပ်ခဲ့တာပဲ၊" ဒီလို သူထပ်ပြောသည်။ ပြီးတော့ နှုတ်ဖျားကို လျှာဖြင့်သပ်၍ သူ့ နံ့သာရောင်တိုက်ပုံနွမ်းလေးကို ခပ်လျော့လျော့ အနေအထားရအောင် အသာအယာခေါက်လိုက်ကာ သူထိုင်နေသော ကျွန်တော်တို့နှင့်မလှမ်းမကမ်းမှ စားပွဲနောက်ဘက်က ကြံစိုက်တောင်သူများ လှူဒါန်းပါသည်ဟု ကမ္ဗည်းထိုးထားသော တန်းလျားရှည်ကြီး၏ လက်ရမ်းပေါ်တင် သူ့ဦးခေါင်းကိုအသာချဖို့ ကိုယ်ခန္ဓာတစ်ခုလုံးကို လှဲချတော့မည့်ဟန် ပြင်လိုက်ပါတော့သည်။ သေချာသည်။ သူ စာကို ကိုယ်တစောင်းကလေးလှဲ၍ ဖတ်တော့မည် ။

ကျွန်တော် ရုတ်တရက် ထိုင်ရမလို၊ ထရမလို သူ့အနား သွားရမလို ဖြစ်သွားသည် ။

သူကတော့ လှဲလိုက်ပြီ၊ ဘေးတစောင်းအနေအထားနှင့် ။

ပါလစ် တစ်ချက် သုတ်မထား၊ ချွေးဆီကြောင့်သာ အရောင်ပြောင်နေဟန်ရှိသော အခင်းသစ်ချောင်း ကြဲမျှသာရှိသည့် ညိုညစ်ညစ် တန်းလျားရှည်သည် နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ခေတ္တလဲလျောင်းရာ ဖြစ်တော့မည်။ လက်တင်စရာ သစ်သားလက်ရမ်း မာကြမ်းကြမ်းသည် နိုင်ငံကျော်စာရေးဆရာကြီးတစ်ဦး၏ ဦးခေါင်း ဖိတင်စရာ နေရာဖြစ်တော့မည်။ ကပိုကရို ခေါက်တင်ထားသော တိုက်ပုံနွမ်းသည် ဆရာ့ဦးခေါင်းနဲ့ လက်ရမ်းကြား ရှိမနေအပ်သောအရာဟု ကျွန်တော်ထင်သည်။

ကျွန်တော် အဲ့လိုသုံးသပ်မိလိုက်သောအချိန်မှာ ခြေလှမ်း ၄ လှမ်းစာမျှ လှမ်းပြီးလျက်သား သူ့အနား ရောက်မိလျက်သား ဖြစ်နေမိပြီ။ အခုမှ စဉ်းစားမိတော့သည်။ ကျွန်တော်များ သူ့အတွက် အနှောင့်အယှက်ဖြစ်သွားသဖြင့် အငြိုအငြင်ခံရလေမလား။ မတတ်နိုင်တော့ လူက သူ့အနား ရောက်နေမိပြီဖြစ်သဖြင့်၊ သူလှဲနေရာ အနောက် တစ်ဆင့်နိမ့်သောကြမ်းခင်းမှ ကြံအရောင်းကတ္တားစာရေးများအိပ်သော အိပ်ရာမှ ခေါင်းအုံးတစ်လုံးရရန် အမြန်ကြိုးစားမိသည်။ ထိုအခါမှ စိတ် ပိုညစ်သွား၊ ယောက်ယက်ခတ် သွားရပါသည်။ အဘယ့်ကြောင့်ဆိုသော် ကြံ ကတ္တားစာရေးဝန်ထမ်းများ၏ ခေါင်းအုံးအားလုံးက အစွပ်တစ်ခုမှ မပါ။ အစွပ်မပါသည်က ထားပါဦး၊ အစွပ်မပါသည့် ခေါင်းအုံးထက်တွင် ဦးခေါင်းများမှ ထင်စွဲကျန်နေခဲ့သော ဆီဂျီးတွေ မည်းချိပ်ညစ်ထေးနေပြီး၊ အောက်သိုးသိုးအနံ့က သဲ့သဲ့စွဲနေသည်။ ကျွန်တော် ဘာဆက်လုပ်ရအံ့နည်း ၊ ဘေးနားက ကြိုးတန်းပေါ်လွှားတင်ထားသော ခပ်လတ်လတ်အနေအထား ပုဆိုးတစ်ထည်နှင့် အနည်းငယ်သက်တောင့်သက်သာရှိသည့် ခေါင်းအုံးတစ်လုံးကို ဆန့်ဆန့်ရန့်ရန့်ဖြစ်အောင် ပတ်လိုက်ပါတော့သည် ။

အသာယို့ယို့အနားသွားရပ်တော့ မျက်နှာထက် စာအုပ်အပ်လျက် အနေအထားနှင့် ဆရာမြက စာအုပ်ကိုဖယ်ပြီး ကျွန်တော့်ကို မော့ကြည့်သည်။ ကျွန်တော် ဘာမှမပြောရသေးခင်မှာဘဲ ဆရာမြက အနည်းငယ်ပြုံး၍ စကားဆိုပါသည်။  "ကျေးဇူးပါ ခင်ဗျ" တဲ့လေ ။

ကျွန်တော် ကိုယ်ကလေးကိုင်း လမ်းလျှောက်ပြီး ကိုယ့်မူလနေရာ ကိုယ်ပြန်လျှောက်လာခဲ့ပါသည်။ ဆရာရဲ က နောက်တစ်ယောက်ကို ထပ်ဖုန်းဆက်နေပြန်ပါပြီ။ ရယ်ကာမောကာနှင့် ...

ဆရာပါကကော တိုက်ပုံချွတ်ပြီးသွားပါပြီ။ ကြိမ်ခင်းနောက်မှီပါ လက်ရမ်းပါ သစ်သားကုလားထိုင်ပေါ်သို့ ကျောမှီလျက် အနေအထားနှင့် မျက်ခုံးအနည်းငယ်ရှုံ့လျက် အနေအထားနှင့် ဆက်ထိုင်နေပါသည်။ ချွတ်ထားသောတိုက်ပုံကတော့ လက်ရမ်းပေါ်တင်ထားပြီးသွားပြီ ။

သွပ်မိုးထားသဖြင့် အတန်ငယ်ပူသော ရုံးခန်းကျဉ်းသည် ပူလှသည်။ ပူလှ၍ထင့် ဆရာပါသည် မျက်ခုံးဆက်၍ စိုးစဉ်းမျှ ရှုံ့ထားဆဲဖြစ်ပါသည် ။ ချွေးတစီစီဖြင့် ဖုန်းဆက်နေဆဲ ဆရာရဲလည်း ဘာတွေပြောရသည်မသိ၊ စကားကောင်းနေဆဲဖြစ်ပါသည်။ ဆရာမြကတော့ သူ့ဟာသူ ဆရာကြီးပီမိုးနင်း၏စာသားတွေ ခပ်ကျယ်ကျယ်ထရွတ်လိုက်၊ ဝတ်ထားသော ရခိုင်လုံချည်နွမ်းလေးအောက်မှ ခပ်ပိန်ပိန်ခြေထောက်ကလေးနှစ်ဘက်ကို ခပ်စုစု ဆန့်လျက်အနေအထားဖြင့် ပိုသက်တောင့်သက်သာရှိသွားဟန်ဖြင့် "ကောင်းထာဗျာ၊ ဆရာကြီးက ......." စသဖြင့် ဆက်၍ သူ့တစ်ယောက်ထဲ အသံကျယ်ဖြင့်ပြောလိုက်နှင့် အချိန်အတော်ကြာအောင် ရှိနေကြပါတော့သည်။

ရထားလက်မှတ်ကိစ္စကတော့ အကြောင်းထူးသေးဟန်မတူ။ ရုံးရှေ့မှာရပ်ထားသော တီအီးကားအိုကြီးက နေပူထဲ ရပ်လျက်သား။ သူတို့ ရေတာရှည်သကြားစက်မှ တာဝန်ကျဝန်ထမ်းလည်း တစ်ဦးတစ်လေမှ ရုံးပေါ်ပြန်တက်မလာကြသေးပါ ။

သို့နှင့် ... သို့နှင့် ... ရက်အတန်ကြာသွားခဲ့ပြီးသောအခါ ကျွန်တော် ထိုဖြစ်ရပ်ကလေးကို မေ့မေ့ပျောက်ပျောက် ဖြစ်သွားမိပါသည်။

သို့ပါသော်လည်း တစ်ညတွင် ဘီဘီစီရေဒီယိုအသံမှ သတင်းဆိုးတစ်ခုက ကျွန်တော့်ရင်ထဲ မိုးကြိုးဝင်ပစ်ခဲ့ပါသည် ၊ ဆရာမြသန်းတင့် ဆုံးပြီဟူသောသတင်းဖြစ်ပါသည် ။

သတင်းဆိုးကြီး ရင်ဝ၊ နားဝမှာ အမွှေခံလိုက်ရချိန်မှာပင် ချက်ချင်းဆိုသလို ကျွန်တော့်မျက်ဝန်းထဲ ဆရာမြ စောင်းစောင်းကလေး တန်းလျားညစ်ထေးလေးပေါ်လှဲအိပ်နေပုံ၊ နံ့သာရောင် တိုက်ပုံနွမ်းလေး ကပိုကရိုခေါက်လိုက်ပုံ ၊ အနီရောင်စာအုပ်ပါးလေး ဖွင့်၍ ဆရာကြီးပီမိုးနင်း၏ စာသားများ ခပ်ကျယ်ကျယ်ရွတ်လိုက်၊ မတိုးမကျယ်ရွတ်လိုက်နှင့် သူ့ဟာသူ တစ်ယောက်ထဲ "ကောင်းထာဗျာ.... ဆရာကြီး အတော်လုပ်သွားခဲ့တာပဲ" အစရှိသဖြင့် ရေရွတ်ပြောဆိုနေပုံတို့ကို ပြန်မြင်ပြန်ကြားမိခဲ့ပါသည်။

မသေချာသော ရထားလက်မှတ်ကို စောင့်ရင်း အသေအချာကို ကြံတောင်သူများ လှူဒါန်းပါသည်ဟူသော ကမ္ဗည်းပါတန်းလျားပေါ် ဆရာမြလှဲအိပ်၍ စာတွေ အသေအချာ ရွတ်အော် ဖတ်ဖူးသွားခဲ့ခြင်းဖြစ်ပါသည် ။
သို့နှင့် သို့နှင့်ပင် အချိန်တွေလည်း အတော်ကြာခဲ့ရပြန်ပါသည်။ အမှန်အတိုင်းပဲ ရိုးသားစွာပြောလိုပါသည်။ ကျွန်တော်ကိုယ်တိုင်သည်ပင်လျင် ဆရာမြသန်းတင့်ဆိုသည်ကို စိတ်မှာ စွဲမထင်မိပဲ နေလာသည်မှာ အတော်ကြာပါပြီ။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် ဆရာတစ်ယောက် ရေးဆွဲထားသော လက်ရာမြောက်တစ်ကြောင်းဆွဲ ဆရာမြရုပ်ပုံလွှာလေးကိုတွေ့မှ အတိတ်က အဆိုပါ သကြားစက်ရုံးခန်းလေးထက်မှ ဆရာမြလှဲအိပ်နေပုံ၊ စာတွေ အသံထွက်ရွတ်ပြီး မက်မက်စက်စက် ဖတ်ချလိုက်ပုံ၊ ရုပ်သံပါ စာမျက်နှာလေးက ကျွန်တော့်ကို တစ်ခါပြန် လှန်အလှော အဖတ်ခံလိုက်ရပြန်ခြင်း ဖြစ်ပါသည် ။

ဟော ...
စာရှုသူ
နား စိုက်ထောင်ကြည့်လှည့်ပါ
ရင်ဘတ် စိုက်ထောင်ကြည့်လှည့်ပါ
ဆရာမြ
ပုဆိုးနှင့် ပတ်ထားသောခေါင်းအုံးလေးကို တန်းလျားညစ်လက်ရမ်းပေါ်တင် ခေါင်းအုံး၍
ဘေးတစောင်း အိပ်လျက်
တိုက်ပုံ နံ့သာရောင်နွမ်းလေး
ကပိုကရို ရင်ထဲပွေ့လျက် အနေအထားနင့်
ဆရာကြီးပီမိုးနင်း၏
လူငယ်တက်ကျမ်းစာအုပ် အနီရောင်ပါးလေးကို
အသံကျယ်ကျယ် အနေအထားနှင့်
ကောင်းထာဗျာ ကောင်းထာဗျာ ဆိုစကားနင့်
ပြန်လည်ရွတ်ဖတ်
နေပြန်ပါပြီ ။

ခက်ဦး
၁၈  ဖေဖော်ဝါရီ၊ ၂၀၁၆