ဇော်အောင်(မုံရွာ) - အင်တာနက်မရှိသော တက္ကသိုလ်အတွက် အခမဲ့-ဝိုင်ဖိုင်




ဇော်အောင်(မုံရွာ) - အင်တာနက်မရှိသော တက္ကသိုလ်အတွက် အခမဲ့-ဝိုင်ဖိုင် 
Free Wifi for Myanmar Universities
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၆
 

 နေဘုန်းလတ်ရဲ့ "ရှားပါးမှုမှသည် ပိုလျှံမှုဆီသို့" ဆောင်းပါးကို " ဒီလှိုင်းဂျာနယ် D-wave Vol.5 No.5 "  အင်တာနက် ဒရော့စ်ဘောက်ကနေ အခမဲ့ဖတ်ခွင့်ရလိုက်ပါတယ်။ Dwave ဖေ့စ်ဘုတ်ကတဆင့် ရရှိပါတယ်။ ဒီလှိုင်းဂျာနယ်ကို http://www.nldofficial.org/ အင်အယ်ဒီ တရားဝင်ဝက်ဆိုဒ်ကတဆင့် ရရှိပေမဲ့ နာမည်ကြီးဂျာနယ်၊ သတင်းစာများလို အင်တာနက်က အလွယ်တကူဒေါင်းလုပ်ဖတ်ရှုဖို့ ခက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က လူတွေကို ဒီလှိုင်းစာစောင်ကို ဖတ်ရှုကြဖို့ ပြောဆိုတိုက်တွန်းပေမဲ့ ဘဏ္ဍာရေးအားနည်းမှုကြောင့် ဒီမိုကရေစီသတင်းစာ နဲ့ အစိုးရသတင်းစာများလို လူထုလက်ထဲရောက်ဖို့ အရမ်းခက်ခဲနေပါတယ်။ ဘာပဲဖြစ်ပါစေ အခုချိန်မှာတော့ လူများကို ဒီလှိုင်းစာစောင်လို စာစောင်ကောင်းများ ဖတ်ရှုဖို့ရာ အားပေးရပါမယ်။ အလွယ်ကူဆုံး နဲ့ ငွေအသက်သာဆုံးနည်းလမ်းကတော့ မိုဘိုင်းဖုန်းများကနေ အလွယ်တကူ ဖတ်ရှုနိုင်တဲ့ ဖေ့ဘုတ်နည်းလမ်းနဲ့ဒေါင်းလုပ်နည်းလမ်းပဲ ဖြစ်ပါတယ်။ မြန်မာတနိုင်ငံလုံး အခမဲ့စာကြည့်တိုက်များကို ဈေးနှုန်းသက်သာစွာ ဖြန့်ချိပေးနိုင်ဖို့လည်း လုပ်ဆောင်နေမယ်လို့ မျှော်လင့်ပါတယ်။

ဒိဆောင်းပါး ရေးရခြင်းကတော့ အင်တာနက်မရှိသောတက္ကသိုလ် ဆိုတဲ့အကြောင်းပါ။


အင်တာနက် အလွန်အရေးပါတဲ့ ယခုခေတ်လူငယ်များအတွက် သမ္မတဦးသိန်းစိန် အစိုးရလုပ်ပေးခဲ့တဲ့ မိုဘိုင်းဖုန်းစနစ်ကျေးဇူးကြောင့် အင်တာနက် အလွယ်တကူ ရရှိလာကြပါပီ။ သို့ပေမဲ့ မိုဘိုင်းဖုန်းကုမ္ပဏီများရဲ့ စီးပွားရေး ဦးစားပေးမှုကြောင့် အစိုးရရဲ့ အမ်ပီတီ မြန်မာ့ဆက်သွယ်ရေးကော်ပိုရေးရှင်းပါ အင်တာနက်ဈေးနှုန်းတွေ ကမ္ဘာမှာ အမြင့်ဆုံးဈေးနှုန်းနဲ့ သုံးစွဲနေရပါတယ်။ လူငယ်များအတွက် မိုဘိုင်းအင်တာနက်ကို ဘယ်လိုချွေတာသုံးစွဲရမလဲ ဆိုတာ အလွန်အရေးကြီးတဲ့ ချွေတာရေးစနစ်များ ဖြစ်နေပါတယ်။

အင်တာနက်က အကောင်းဆုံးသော ဆရာကြီးဖြစ်နေပါတယ်။ တီဗွီ၊ သတင်းဂျာနယ်များကမှာလည်း အချက်လက်တွေ ရနိုင်ပေမဲ့ တိကျမှန်ကန်တဲ့အချက်အလက်များကို အင်တာနက်မှာပဲ အလွယ်တကူ၊ စိတ်ချစွာ၊ မှန်ကန်စွာ ရရှိပါတယ်။ ဒါကြောင့် တိုးတက်မှု လိုလားသူများကတော့ အင်တာနက် ဂူဂယ် Google.com ဝီကီပီဒီယာ Wikipedia နဲ့ နည်းပညာဝက်ဆိုဒ်များကနေ ရရှိပါတယ်။
နိုင်ငံခြားမှာတော့ ရုပ်ရော၊ အသံပါ မြင်ရတဲ့ ဆရာကြီး ယူကြု ကဲ့သို့ ဗွီဒီယိုဝက်ဆိုက်များ Youtube.com  Vimeo.com စတဲ့ ဗွီဒိယိုဝက်ဆိုက်များမှာ တယ်လီဖုန်းပြင်နည်း၊ စပါးစိုက်နည်း၊ မြေသြဇာသုံးစွဲနည်း တို့ကအစ ကား၊ ဆိုင်ကယ်၊ စက်ကရိယာ ပြုပြင်ဝယ်ယူနည်း၊ ပစ္စည်းမှန်ဈေးနှုန်းရှာဖွေနည်းများကို အင်တာနက် Alibaba.com ကဲ့သို့ ဝက်ဆိုဒ်များကနေ အလွယ်တကူ ရှာနိုင်ပါတယ်။ နောက်ဆုံး ဖေ့ဘုတ်ထဲမှာတောင် မြန်မာလိုရိုက်နှိပ်ပြီး ဒီလှိုင်းဂျာနယ် လို့ရိုက်နှိပ်လိုက်ရင် အလွယ်တကူပေါ်လာပါတယ်။ ဒါလောက်အထိ အင်တာနက် အလွန်အရေးပါလှတဲ့ ခေတ်ကာလကြီး ဖြစ်ပါတယ်။

လူငယ်များ လူမှုကွန်ယက်များနဲ့အချိန်ဖြုန်းနေခြင်း
မြန်မာခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်က လူငယ်များ ဖေ့ဘုတ်၊ သတင်း၊ အတင်းများနဲ့ အချိန်၊ ငွေကုန်၊ လူပမ်း အားလပ်ချိန်များကို အကျိုးမဲ့သုံးစွဲနေတာတွေ ဂရုဏာဒေါသနဲ့ ပြောဆိုတာကို ကြားလိုက်ပါတယ်။ ဟုတ်ပါတယ်။ အခုခေတ် လူငယ်လူကြီး အားလုံး ၉၀%လောက် အချိန်တွေကို အင်တာနက်ဖေ့ဘုတ်ကတဆင့် နာမည်ကျော် အဆိုတော်၊ ရုပ်ရှင်၊ ကြော်ငြာ၊ အတင်း၊ အဖျင်းများမှာ အချိန်ကုန်နေတာ ဝမ်းနည်းဖွယ်ဖြစ်ပေမဲ့ ခေတ်အခြေအနေအရ မတတ်သာပါဘူး။

လူငယ်များကို အင်တာနက်နဲ့ မိတ်ဆက်ပေးခြင်းကြောင့် တက္ကသိုလ် ပရဝဏ်များမှာ အချိန်များများပေးနိုင်ဖို့တော့ အစိုးရအနေနဲ့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ပညာတတ်လူငယ်များစွာ တပြည်လုံး တက္ကသိုလ်ကောလိပ်များစွာမှာ ပညာသင်ကြားနေကြပါတယ်။ ပညာရေးစနစ်က သိပ်မကောင်းလို့ လူငယ်တွေ တက္ကသိုလ်ပရဝဏ်များမှာ မနေပဲ အိမ် (သို့မဟုတ်) အပြင်လောကမှာပဲ ရှိနေကြပါတယ်။ ငွေတတ်နိုင်တဲ့ လက်တဆုပ်စာ ကျောင်းသားများကတော့ မိုဘိုင်းဖုန်းနဲ့အင်တာနက်ရှိလို့ ဘယ်မှာနေပါစေ အင်တာနက်နဲ့အဆက်သွယ်မပြက်သလို အင်တာနက်အချက်အလက်များလည်း သူတို့အဖို့တော့ အလွယ်တကူရရှိပါတယ်။

 တက္ကသိုလ်ကျောင်းသား ၉၅% လိုအပ်ချက် အင်တာနက် (အခမဲ့-ဝိုင်ဖိုင်)
တကယ်တော့ ၉၅% သော တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက် အင်တာနက်ဈေးကြီးမှုဟာ ပြသနာကြီးဖြစ်ပါတယ်။ လူငယ်များက အလွန် တတ်လွယ်၊ မှတ်လွယ်ပါတယ်။ သူတို့က အချက်အလက်များကို အင်တာနက်ကနေ နက်ဝပ်ကွန်ယက်လုပ်ပြီး တယောက်နဲ့တစ်ယောက် လျှင်မြန်စွာ ဆက်သွယ်နိုင်သလို၊ ဂူဂယ် ဝီကီ ဝက်ဆိုဒ်များကလည်း တမဟုတ်ခြင်း အချက်အလက်များ ရယူပြီး၊ တိုးတက်ကြီးပွားဖို့ မြန်ဆန်ပါတယ်။

ဒါကြောင့် စင်ကာပူ၊ ဟောင်ကောင်၊ တောင်ကိုးရီးယား စတဲ့ ကမ္ဘာ့ထိတ်တန်း အတိုးတက်ဆုံးနိုင်ငံများမှာ အင်တာနက်ဈေးနှုန်း အချိုသာဆုံးဖြစ်သလို အင်တာနက်အမြန်နှုန်းကလည်း အမြင့်မားဆုံးဖြစ်နေပါတယ်။ ဒါမျိုး အခြေအနေရောက်အောင်လည်း အစိုးရကိုယ်တိုင်က ရင်းနှီးမြှတ်နှံမှုတွေ နိုင်ငံအင်တာနက်ကို တက္ကသိုလ်ကျောင်းများမှာ အခမဲ့ဝိုင်ဖိုင် လုပ်ခွင့်ပေးထားပါတယ်။ တက္ကသိုလ် ပညာတတ်လူငယ်များကို တိုးတက်စေဖို့ အခမဲ့ တက္ကသိုလ်ပညာသင်ဆု၊ ပညာချွန်ဆုများစွာ ပေးခြင်းအပြင် ဦးနှောက်မြင့်မားတိုးတက်စေရေးအတွက် အင်တာနက် အခမဲ့အသုံးပြုခြင်း (အခမဲ့-ဝိုင်ဖိုင်)  ပေးထားပါတယ်။

မြန်မာနိုင်ငံ အစိုးရအဖို့ တက္ကသိုလ်ကောလိပ်များမှာ အခမဲ-ဝိုင်ဖိုင် ပေးဖို့ ပြသနာရှိပါသလား မေးခွန်းရဲ့ အဖြေထုတ်ကြည့်ပါတယ်။ လူငယ်များအတွက် တက္ကသိုလ်များမှာ အခမဲ့-ဝိုင်ဖိုင် ပေးသုံးရင်၊ ဒီလူငယ်တွေ ဒေါ်အောင်ဆန်းစုကြည် ပြောသလို မဟုတ်တရုတ် ဖေ့ဘုတ်၊ ချစ်ချက်တွေနဲ့ပဲ အချိန်ပိုကုန်ပြီး သူတို့ပိုပျက်စီးကြမယ် ဘာညာနဲ့ ကန့်ကွက်သူများ ရှိကောင်းရှိနိုင်ပါတယ်။ စီးပွားရေးကွန်ယက်များဖြစ်တဲ့ စားသောက်ဆိုင်၊ ကဖေး၊ ဟိုတယ်၊ တည်းခိုခန်းတွေကတော့ အခမဲ့-ဝိုင်ဖိုင် ပေးကြပါတယ်။ ဒါကတော့ စီးပွားရေးလုပ်ခြင်းဖြစ်ပါတယ်။ အဲဒီနေရာတွေမှာ လူတိုင်း အခမဲ့-ဝိုင်ဖိုင် သုံးနိုင်ပေမဲ့ ငွေကြေးမပြည့်စုံတဲ့  ၉၅% သော တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများအတွက်တော့ တက္ကသိုလ် ပရ၀ဏ်မှာ အခမဲ့-ဝိုင်ဖိုင် တပ်ဆင်ပေးခြင်းသာ အကောင်းဆုံး လူငယ်မြှင့်တင်ရေးဖြစ်ပါတယ်။

အခမဲ့-ဝိုင်ဖိုင် ကုန်ကျစရိတ်
မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်ပိုရေးရှင်းကို မြန်မာတပြည်လုံးက တက္ကသိုလ်ပရဝဏ်များအတွက် အခမဲ့-ဝိုင်ဖိုင် ပေးရင် ဘယ်လောက်ကုန်ကျမလဲ တွက်ချက်ကြည့်ပါ။ လျှပ်စစ်ဝန်ကြီးဌာနက လုပ်သားပြည်သူများအတွက် လျှပ်စစ်မီးထွန်းဖို့ ဈေးနှုန်းချိုသာစွာ အရှုံးခံပြီး ပေးနေပါတယ်။ အခွင့်ထူးခံများကတော့ ဈေးချိုတဲ့ လျှပ်စစ်ကို ည မီးထွန်းရုံသာမက အဲကွန်းကြီးများနဲ့ ဇိမ်ခံသုံးစွဲနေတာမျိုး၊ တချို့ အိမ်တွင်းစီးပွားရေးလုပ်နေတာမျိုးတွေ ရှိမှာပါ။ နေရာတကာမှာ စုန်းပြူး လူတန်းစားက ရှိနေမှာပဲ ဖြစ်ပါတယ်။ ကိစ္စမရှိပါဘူး။

လျှပ်စစ်မီး ဈေးနှုန်းချိုသာစွာ Government Subsidize ပေးသလိုပဲ တက္ကသိုလ် ပရဝဏ်များကို အင်တာနက် အခမဲ့-ဝိုင်ဖိုင် ပေးရင်၊ ကုန်ကျစရိတ် မဖြစ်စလောက်ပဲ ကုန်ကျမှာဖြစ်ပါတယ်။ အဲ ... ရန်ကုန်ကားကြပ်သလို အလွန်နှေးကွေးတဲ့ အင်တာနက်လိုင်း အခမဲ့-ဝိုင်ဖိုင် ကို ဖြစ်သလို တာဝန်ကျေ မလုပ်ဖို့တော့ လိုပါမယ်။

စာရေးသူ တွက်ချက်မှုအရဆိုရင် တနိုင်ငံလုံး တက္ကသိုလ် ဆရာများနဲ့ ကျောင်းသူကျောင်းသာများ လူဦးရေ တစ်သန်းလောက် ရှိပါမယ်။ သူတို့အတွက် အခမဲ့-ဝိုင်ဖိုင် ပေးမယ်ဆိုရင် စင်ကာပူဈေးနှုန်းအရ တစ်ယောက်ကို Unlimited Access တစ်လကို အလွန်ဆုံး ၁၀ ဒေါ်လာ မကုန်ကျပါဘူး။ မက်ဂါဘိုက် ဈေးနှုန်းနဲ့ကောက်မယ်ဆိုရင်တောင် တစ်ယောက်ကို 1GB per month နှုန်းနဲ့ အခမဲ့-ဝိုင်ဖိုင် ပေးသုံးရင်တောင် နိုင်ငံတော်က တစ်လ ဒေါ်လာ ၁၀ သန်း မကုန်ပါဘူး။ တစ်နှစ်ကို ဒေါ်လာ သန်း၁၀၀ အလွန့် အလွန်ဆုံး ကုန်ကျမှာဖြစ်ပါတယ်။ 

မိုဘိုင်းဖုန်း အော်ပရေတာကြီး (၃)ခုက တစ်နှစ်ကို အမြက်ငွေ ဒေါ်လာသန်း ထောင်ပေါင်းများစွာ ပြည်သူလူထုဆီက အင်တာနက်ဈေးကြီး၊ ဖုန်းပြောခ ဈေးကြီးစွာနဲ့ ခေါင်းပုံဖြတ် ယူငင်နေတာ အစိုးရလူကြီးမင်းများ မသိချင်ယောင်ဆောင် မနေသင့်ပါဘူး။ အင်တာနက်လိုင်းကို တက္ကသိုလ်ကျောင်းများမှာ အခမဲ့-ဝိုင်ဖိုင်ပေးဖို့ရာ အဲဒီ အမြက်များစွာ ရရှိနေတဲ့ အမ်ပီတီ၊ တယ်လီနော၊ အော်ရီဒူး ကုမ္ပဏီကြီူး (၃)ခုနဲ့ အစိုးရပညာရေးဌာန တာဝန်ရှိသူများ ညှိနှိုင်းရမှာဖြစ်ပါတယ်။ ပညာရေး ဘတ်ဂျတ်အဖြစ် ချပေးဖို့ ဖြစ်ပါတယ်။

ဒါမှလဲ ကျောင်းဆရာများ ကျောင်းသူကျောင်းသားများ တက္ကသိုလ် ပရဝဏ်များမှာ နေ့ည ပျော်ရွှင်စွာ ရှိနေကြမှာဖြစ်ပါတယ်။ ကမ္ဘာကျော် တက္ကသိုလ်များရဲ့ ဝိသေသတွေမှာ ဆရာ၊ ကျောင်းသားများကို တက္ကသိုလ်ပရဝဏ်အတွင်းက မထွက်အောင် နေထိုင်၊ စားသောက်တဲ့ Facilities အားလုံးပေးထားခြင်းပါပဲ။

  နိဂုံး

နိုင်ငံတော် အစိုးရအသစ် မတ်လ ၂၀၁၆ မှာ တက်ရောက်လာမယ်ဖြစ်ပါတယ်။ တက္ကသိုလ်များ အခမဲ့-ဝိုင်ဖိုင် ပေးခြင်းအားဖြင့် မြန်မာ့ပညာတတ် လူငယ်များရဲ့ တန်ဖိုးရှိလှတဲ့ ကိုယ်ပိုင်အချိန်များကို ပညာရေး၊ စီးပွားရေး တိုးတက်မှုအတွက် အသုံးချလာကြမှာပါ။ ဒါက မြန်မာ့ ပညာတတ်လူငယ်များကို မြှင့်တင်ပေးတဲ့ အစစ်မှန်ဆုံး ရင်းနှီးမြှတ်နှံခြင်း ဖြစ်တဲ့အတွက် အစိုးရ တာဝန်ရှိသူများ၊ အထူးသဖြင့် ပညာရေးဝန်ကြီးဌာန (သို့မဟုတ်) ပညာရေးပြင်ပ အင်စတီကြု (အဖွဲ့အစည်းများ) အတွက် တိုက်တွန်းလိုက်ရပါတယ်။ 


အခုချိန်က ပညာရေးဘတ်ဂျတ်အမြောက်အများ ဒေါ်လာ ဘီလျံနဲ့ချီ အကုန်ခံ ချပေးနေပါတယ်။ အဆောက်အဦချည်း ဆောက်လုပ်နေခြင်းကနေ Human Resource ဆိုတဲ့ ကျောင်းဆရာအရည်ချင်း မြှင့်တင်ရေး၊ ကျောင်းသားအရည်ချင်း မြှင့်တင်ရေးအတွက် အင်တာနက်နည်းပညာ အလွန်အရေးတကြီး မြှင့်တင်နေကြပါတယ်။ နိုင်ငံတကာနဲ့ အင်္ဂလိပ်လို ပြောဆို ဆက်သွယ်နေချိန်မှာ တက္ကသိုလ်နယ်မြေများက အခမဲ့-ဝိုင်ဖိုင်များကြောင့် တက္ကသိုလ် ဆရာများ၊ ကျောင်းသူကျောင်းသားများ အရည်အချင်း တဟုန်ထိုးမြင့်တက်လာကြမှာဖြစ်ပါတယ်။ 

 မြန်မာ့ တက္ကသိုလ်ပညာရေး မြန်ဆန်စွာ တိုးတက်အောင်မြင်ပါစေ။

  ဇော်အောင်(မုံရွာ)