ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော - “မုန်း၍မဟူ” မှ ဇာတ်လိုက်များ

၁၉၉၃ ခုနှစ်က ဖေဖေနဲ့ မေမေ

လှကျော်ဇော - “မုန်း၍မဟူ” မှ ဇာတ်လိုက်များ
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၆
 
မေမေက အဲဒီဂျပန်တော်လှန်ရေးနီးလာတော့ စစ်ပြေးဖို့ စီစဉ်တဲ့အခါ ဖေဖေက အရေးကြီးတဲ့ဓာတ်ပုံတို့၊ စာရွက် စာတမ်းတို့ (အထူးသဖြင့် မေမေဟာ ဗိုလ်ကျော်ဇောဇနီးဆိုတာ သိနိုင်တဲ့ အထောက်အထားပစ္စည်းများ) အားလုံးကို မီးရှို့ဖျက်ဆီးခိုင်း ပါတယ်။ မေမေဟာ ဖေဖေရဲ့ရည်းစားစာတွေ အပါအဝင် ပစ္စည်းပစ္စယ အတော်များများကို မီးရှို့လိုက်ရပါတယ်။ အဲဒီထဲမှာ သူအမြတ်နိုးဆုံး၊ အနှမြောဆုံးပစ္စည်းတခု (တကယ်ကတော့ ဓာတ်ပုံတပုံ) ပါသွားခဲ့ပါတယ်။

ဖေဖေနဲ့ မေမေလက်ထပ်ပြီးခါစက ဗိုလ်ရဲထွဋ်က “ခင်ဗျားကို လက်ဆောင်တခုပေးမယ်” ဆိုပြီး စာအိတ်လေးနဲ့ ထည့်ထားတဲ့ ဓာတ်ပုံလေးတပုံ ပေးဖူးသတဲ့။ အဲဒီဓာတ်ပုံကလေးက သူတို့ရဲဘော်သုံးကျိပ်ဝင်တွေ ဂျပန်က ဗမာပြည်ကို ပြန်ရတော့မယ် ဆိုပြီး လုပ်ရမယ့် ပတ်စပို့မှာသုံးဖို့ ရိုက်ခဲ့တဲ့ ဖေဖေ့ပုံလေးတဲ့။ ခေါင်းတုံးဆံထောက်လေးနဲ့ မျက်နှာလေးက နုနုလေးမို့ မေမေ က အတော်ကြိုက်ခဲ့တဲ့ ဓာတ်ပုံလေးဆိုပဲ။ အဲဒီပုံကလေးကို မေမေက ကိုယ်နဲ့မကွာထားခဲ့ပေမယ့် ဖေဖေက အဲဒါတွေ အားလုံးကို မီးရှို့ခိုင်းတော့ မေမေ့မှာ မီးရှို့ရတော့တာပေါ့။ မီးရှို့ခါနီး သူက အတော်ချီတုံချတုံဖြစ်ခဲ့တယ်တဲ့။ နောက်မှ သြော် သူ့ပုံက ငါ့ရင်ထဲမှာ အမြဲရှိနေတာပဲလေလို့ ကိုယ့်ကိုယ်ကိုယ် အားပေးပြီး မီးရှို့လိုက်ရဆိုပဲ။

ဂျပန်တော်လှန်ရေးပြီးတော့ ဖေဖေက အလုပ်အလွန်များလို့ မေမေ့ကို သုံးဆယ်အိမ်မှာပဲ ဆက်ထားပါတယ်။ အဲဒီအိမ်မှာပဲ ၁၉၄၆ ခုနှစ်မှာ ကျွန်မကို မွေးပါတယ်။ ကျွန်မ ၆ လသမီးလောက်မှာ ဖေဖေ မေမြို့ပြောင်းပြီး စစ်တက္တသိုလ် တက်ရမယ် ဖြစ်လာပါတယ်။ ပထမဆုံးတခေါက်မှာတော့ ကျွန်မတို့မိသားစုသုံးဦးလုံး ပြောင်းသွားခဲ့ပါတယ်။ အဲဒီကာလတုန်း ကလည်း မေမေ့အဖေကြီးက မျက်နှာသုတ်ပဝါကြီး လည်ပင်းပတ်ပြီး “ဟိုကောင်က ထားဆို ထားခဲ့မှာ၊ သူကိုယ်က လိုက်ချင်နေတာ” လို့ဆိုပြီး မေမေ့ကို ငိုငိုပြီး ရန်တွေ့သတဲ့။ အဲဒီအကြောင်းတွေကို မေမေက ပြန်ပြောပြရင်း “ဟိုကောင်က ကြိတ် ကြိတ်ခေါ် နေတာတော့ သူက မသိဘဲနဲ့” လို့ ပြောပါတယ်။ မေမေက အဲသလို ကျွန်မတို့ကိုပြောပြတော့ ဖေဖေက ရှက်ပြုံးကြီး ပြုံးနေ ပါတယ်။

နောက်ပိုင်း ပြောင်းရွှေ့တာတွေကျတော့ ကျွန်မအဘိုးက ကျွန်မကို မထည့်နိုင်ဘူး။ ထားခဲ့ရမယ်လို့ဆိုလာပါတယ်။ အဘိုး သဘောကတော့ ကျွန်မကိုဆွဲထားရင် မေမေက လိုက်သွားမှာမဟုတ်ဘဲ၊ ကလေးနဲ့နေခဲ့မှာလို့ တွက်ချက်ပြီး ဆွဲတာပါ။ ဒါ ပေမဲ့ မေမေက နို့တောင်မပြတ်သေးတဲ့ သမီးကျွန်မကိုထားခဲ့ပြီး ဖေဖေ့နောက် ကောက်ကောက်ပါအောင် လိုက်သွားပါ တော့တယ်။

မေမေက ဖေဖေ့နောက် လိုက်လို့သာ လိုက်တာ။ ဖေဖေက စည်းကမ်းအင်မတန်ကြီးတာ။ မုန့်ပဲသရေစာ သူလည်း မစား တတ်၊ စားတာလည်းမကြိုက်။ အပျော်အပါး အလည်အပတ်လည်း ဝါသနာမပါနဲ့ မေမေ့ခမျာ အတော်အောင့်အီး သည်းညည်း ခံရရှာတယ်။ ဂျာနယ်ကျော်မမလေးရဲ့ “မုန်း၍မဟူ” ဝတ္ထုထွက်လာတော့ အဲဒီထဲက အဓိကဇာတ်ကောင်များဖြစ်တဲ့ “ဦးမင်း ဟန်နဲ့ ဝေဝေ”တို့ဟာ ဖေဖေနဲ့ မေမေတို့လိုပဲလို့ ကျွန်မအဒေါ် ဒေါ်ကျင်မြက ကျွန်မတို့ကို ပြောပြဖူးပါတယ်။

မေမေ အဲဒီအခေါက် မေမြို့မှာနေစဉ်က တနေ့ နေ့လယ် ဖေဖေရုံးသွားနေတုန်း လမ်းလျှောက်ရောင်းတဲ့ မုန့်လက်ဆောင်း သည်ကြီးခေါ်ပြီး မုန့်လက်ဆောင်း ဝယ်သောက်ပါတယ်။ ဖြစ်ချင်တော့ ဖေဖေကလည်း အဲဒီနေ့မှာပဲ နေ့ခင်းကြီး အိမ်ပြန် လာပါတယ်။ မေမေက မုန့်လက်ဆောင်းသည်ကြီးရဲ့ဗန်းကိုချခိုင်းပြီး အကျအနကို ထိုင်သောက်နေတာ။ တခါတည်း မိတာ ပဲ။ ဖေဖေက ဘာမှမပြောပေမယ့် ဒါမျိုးမကြိုက်မှန်းသိနေတော့ မေမေက နောင်ဘယ်တော့မှ ဝယ်မစားတော့ဘူးတဲ့။

တခါလည်း ရုပ်ရှင်သိပ်ကြည့်ချင်လွန်းလို့ မေမေက ဖေဖေ့ကို ရုပ်ရှင်လိုက်ပြဖို့ပြောတာနဲ့ ဖေဖေနဲ့ မေမေ ရုပ်ရှင်သွား ကြည့်ကြပါသတဲ့။ ကျွန်မကို ကလေးထိန်းကလေးမလေးနဲ့ ထားခဲ့တာ။ ကျွန်မကလည်း အဲဒီနေ့မှ ဘာဖြစ်တယ်မသိ၊ မရပ်မ နား အရမ်းငိုတော့ ကလေးမလေးကလည်း လန့်လန့်နဲ့ ကျွန်မချီပြီး အိမ်ရှေ့က ရုပ်ရှင်ရုံကို လိုက်လာသတဲ့။ မေမေက ရုပ်ရှင် ကြည့်ချင်လွန်းလို့သာ ကြည့်နေပေမယ့် အိမ်မှာကလေးထားခဲ့ရလို့ စိတ်က မဖြောင့်ဘူးတဲ့။ စိတ်ထဲမှာ ကလေးငိုသံချည်းပဲ ကြားနေလို့ ဖေဖေကို မကြာခဏလက်တို့ပြီး ကလေးငိုသံကြားတယ်၊ အိမ်ပြန်ချင်တယ်လို့ချည်း ပြောနေမိတာတဲ့။ နောက် စိတ်ထဲ မသင်္ကာလို့ နောက်ဘက်မှာရှိတဲ့ ရုံတံခါးပေါက်ကို လှည့်ကြည့်တော့ ဆွယ်တာအင်္ကျီအနီလေးဝတ်ပြီး ငိုနေတဲ့ ကျွန်မကို အထိန်းကလေးမလေး ချီထားတာ တွေ့လိုက်ရဆိုပဲ။

အဲဒီကတည်းကစလို့ မေမေလည်း ဖေဖေ့ကို ရုပ်ရှင်ကြည့်ချင်တယ်လို့ မပူဆာရဲတော့ဘူးတဲ့။

အဲဒီကာလတုန်းက သင်တန်းတက်ကြတဲ့ အရာရှိတွေအားလုံးနီးပါးဟာ လူပျိုလူလွတ်တွေဖြစ်ပြီး၊ တချို့အိမ်ထောင် သည် တွေကလည်း မိသားစုတွေကို ခေါ်မလာကြပါဘူး။ အိမ်ထောင်နဲ့ လာသူတွေဟာ အနည်းစုပဲဖြစ်ပါတယ်။ မေမေက တပ်ထဲ လိုက်မနေဘဲ မြို့ထဲကအရပ်ထဲမှာ အိမ်ငှားနေတာပါ။ ဒါကြောင့် ဖေဖေတို့ မေမေတို့အိမ်ဟာ ရုံးပိတ်ရက်တွေမှာ အဲဒီသင် တန်းတက်ကြရတဲ့ တပ်ထဲမှာပဲ စုနေကြရတဲ့ စစ်ဗိုလ်တွေရဲ့စခန်းချရာနေရာ ဖြစ်နေပါတော့တယ်။

ရုံးပိတ်ရက်တွေမှာ အဲဒီလူတွေ ဖေဖေတို့အိမ်ရောက်လာကြပြီး စားကြသောက်ကြ ရုပ်ရှင်သွားကြည့်ကြနဲ့ တရုန်းရုန်းနဲ့ အလွန်စည်ကားခဲ့ပါတယ်။ ကျွန်မကလည်း လူမရွေး၊ မျက်နှာမရွေး ဘယ်သူချီချီ ခေါ်လို့ချီလို့ရလို့ ကလေးလာချီကြ၊ စကြနဲ့ တချို့လည်း အိမ်အလွမ်းပြေလည်း လာကြဆိုပဲ။ လူပျိုစစ်ဗိုလ်တွေကတော့ ကျွန်မက မြင်ရင် လက်တကမ်းကမ်းနဲ့ ချီခိုင်း တတ်လွန်းလို့ ရှိုးတွေမိုးတွေနဲ့လာရင် ကျွန်မမမြင်အောင် ရှောင်ကြဆိုပဲ။

ဖေဖေကသာ မျက်နှာတင်းတင်းနေတတ်ပေမယ့် မေမေကတော့ အားလုံးနဲ့ ရင်းရင်းနှီးနှီး ဖော်ဖော်ရွေရွေနေတတ်လေ တော့ သူတို့တတွေလည်း မေမေတို့အိမ်ကို စားအိမ်သောက်အိမ်လို သဘောထားကြပြီး ရဲရဲတင်းတင်းပဲ ဝင်ရောက် စား သောက်ကြပါတယ်။ မေမေက အဲဒီကာလက ဖေဖေ့ဗိုလ်မှူးလစာ တလ ၇၀ဝ (ခုနစ်ရာ) ကျပ်ဟာ နည်းနည်းမှ မစုနိုင်ဘူး။ တလဝင်ငွေ တလကုန်တာပဲလို့ ပြောပါတယ်။ အဲဒီကာလက အင်္ဂလိပ်ပြန်လာပြီဖြစ်လို့ ငွေဈေးလည်း ဂျပန်ခေတ်လိုမဟုတ်ဘဲ အတော်အသုံးခံတဲ့ခေတ်ပါ။

အဲဒီအချိန်က ချစ်ဒုက္ခရောက်နေသူ နှစ်ဦးဖြစ်တဲ့ ဗိုလ်တင်မောင် (နောင် ဗိုလ်မှူးကြီး တင်မောင်၊ စာရေးဆရာ မြတ်ထန်) နဲ့ ဗိုလ်လှဖေ (လူထု ဒေါ်အမာရဲ့ညီမ ဒေါ်တင်တင်ရဲ့ခင်ပွန်း) တို့ မေမေကို ပုဏ္ဏတိုင်ထားပြီး တနေ့တမျိုး မရိုးရအောင် လာ ပြောဆိုကြတဲ့ ချစ်သောကအကြောင်းတွေကိုတော့ ဖေဖေက သူ့စာအုပ်ထဲမှာ ရေးထားတာ တွေ့ဖူးပါတယ်။ မေမေကလည်း အဲဒီအကြောင်းတွေ ပြောပြတတ်ပြီး လက်သည်းကိုက်ပြီး ငိုင်ပြီးထိုင်နေတတ်ကြတဲ့ သူတို့ရဲ့ပုံတွေကိုလည်း လုပ်ပြတတ်ပါ တယ်။

၂၀-၆-၂၀၁၀။

မှတ်ချက်၊                     
ကျွန်မဆက်၍ရေးခြင်သော ဖေဖေအကြောင်းများ။ အတွဲ (၁)၊ ဖြိုးမောက်သာစာပေ။ ဆောင်းပါးအမှတ် (၁၇) ကိုပြန်တင်ပါ တယ်။