ကိုအောင်မှိုင်း - “ထွက်ပေါက်” ကို ဆန်းစစ်ခြင်း


ကိုအောင်မှိုင်း - “ထွက်ပေါက်” ကို ဆန်းစစ်ခြင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆
 
"ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အစိုးရသစ်အနေနဲ့ ဘယ်လိုလွှဲပြောင်းရယူပြီး  ဆက်လက်လုပ်ဆောင်သွားမလဲ"   ဆိုတဲ့  ခေါင်းစဉ်နဲ့ ၂၄.၁.၂၀၁၆ ရက်နေ့မှာ ဒီဗွီဘီရုပ်သံသတင်းဌာနက ထုတ်လွှင့်ပြသသွားခဲ့တဲ့ ဒီဗွီဘီ ဒီဘိတ်အစီအစဉ်ထဲက မြန်မာငြိမ်းချမ်းရေးစင်တာ အဖွဲ့ ဝင် ဒေါက်တာဆလိုင်းငွန်ကျူံးလျန် (ဥပဒေအကြံပေး မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူ ထောင်ရေးလုပ်ငန်းဗဟိုဌာန) နဲ့ ဗိုလ်မှူး စောလွင် (တွဲဘက်အထွေထွေအတွင်းရေးမှူး) ကယန်းပြည်သစ်ပါတီတို့ရဲ့ ထွက် ပေါက်နဲ့ပတ်သက်တဲ့သဘောထားတွေကို ကျနော် အတော်စိတ်ဝင်စားမိပါတယ်။ နှစ်ဦးစလုံးက ဥပဒေသမားတွေ ဖြစ်ကြပါ တယ်။ နောက်တခါ ဒီဘိတ်မှာပါဝင်သူတွေဖြစ်တဲ့ ဦးမျိုးရန်နောင်သိန်း (အတွင်းရေးမှူး ဗဟိုသုတေသနလမ်းညွှန်အဖွဲ့) အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ ဒါရိုက်တာ ဗေဒါအင်စတီကျူ။ ဦးအေးမောင်ကျော် (စာရေးဆရာ နိုင်ငံရေးလေ့လာသုံးသပ် သူ) စတဲ့ လက်တွေ့နိုင်ငံရေးဂွင်တွေထဲမှာ ထဲထဲဝင်ဝင်ပါဝင်သူတွေဖြစ်ကြလို့  ဒီအစီအစဉ်ဟာ အတော်စိတ်ဝင်စား ဘို့ကောင်းသလို စဉ်းစားစရာတွေလည်း အတော်ထွက်လာပါတယ်။ ကိုမျိုးသာထက်ရဲ့ ထိထိမိမိမေးခွန်းလေးတွေကလည်း အတော်ကိုပွဲစည်စေတယ်လို့ပြောရတော့မှာ အမှန်ပါ။

အခုတလော မြန်မာ့နိုင်ငံရေးအခင်းအကျင်းသစ်မှာ “ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး” နဲ့ “ထွက်ပေါက်” ဆိုတဲ့ အ သုံးအနှုံးဟာ လူသုံးများတဲ့ ဝေါဟာရတခုဖြစ်လာခဲ့တယ်ဆိုရင် မှားမယ်မထင်ပါ။ သာမန်အားဖြင့်တော့ ထွက်ပေါက်ဆိုတာ ဥပမာအနေနဲ့ ဂူတခုအတွင်းကဖြစ်စေ၊ ရုပ်ရှင်ရုံတရုံအတွင်းကဖြစ်စေ၊ အိမ်တလုံးအတွင်းကဖြစ်စေ ဂူအပြင်ဘက်၊ ရုပ်ရှင်ရုံအပြင်ဘက်၊ အိမ်အပြင်ဘက်ကို ထွက်ဘို့အတွက် တံခါးတခုဘဲဖြစ်ပါတယ်။ ဆိုလိုချင်တာက အတွင်းဘက်အနေ အထားက အပြင်ဘက်အနေအထားကို ပြောင်းလဲဘို့ ကျော်လွှားကြရတဲ့ စည်းတခုပါဘဲ။ ၀င်ပေါက်ဆိုရင်တော့ ဒါနဲ့ဆန့်ကျင် ဘက် အပြင်အနေအထားက အတွင်းအနေအထားကိုပြောင်းလဲဘို့ ကျော်လွှားရတဲ့စည်းဖြစ်မှာပါ။

ဒီထွက်ပေါက်ဆိုတဲ့ အသုံးအနှုံးကို အဖွဲ့အစည်းတခုအတွက်ဖြစ်စေ၊ လူပုဂ္ဂိုလ်တဦးတယောက်အတွက်ဖြစ်စေ၊ နိုင်ငံအတွက် ဖြစ်စေ၊ ပြည်သူလူထုကြီးအတွက်ဖြစ်စေ နိုင်ငံရေးအနေနဲ့ပတ်သက်ပြီးသုံးတဲ့အခါ၊ အဓိပ္ပါယ်ဟာ ကျယ်ဝန်းလာသလို အလွန်လေးနက်လာတာတွေ့ရပါတယ်။ မှတ်မှတ်ရရ ထွက်ပေါက်နဲ့ပတ်သက်ပြီး ကျနော့်ရင်ကို အရမ်းလှုပ်ခါစေခဲ့တဲ့ စ ကားလုံးကတော့ ဆရာကြီးဦးဝင်းတင်ရဲ့ “ထွက်ပေါက်ပိတ်နေရင် ဖောက်ထွက်ဘို့လည်း စဉ်းစားဘို့လိုတယ်” ဆိုတဲ့ စကား ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ ကျနော်တို့ရဲ့  လတ်တလော ပိတ်နေတဲ့ ထွက်ပေါက်တွေကို ပွင့်စေခဲ့တာလို့ဘဲ ပြောပါရစေ။

အဲဒီ  ဒီဗွီဘီ ဒီဘိတ်က တွေးစရာအချက်နှစ်ခုကို ကျနော်တို့ရရှိခဲ့ပါတယ်။ တခုက စစ်တပ်ကို ထွက်ပေါက်ပေးသင့်တယ် ဆိုတာရယ် နောက်တခုက ပြည်သူလူထုကြီးကိုလည်း ထွက်ပေါက်ပေးသင့်တယ်ဆိုတဲ့ ထွက်ပေါက်ဆိုင်ရာ လတ်တလော အရေးအခင်းနှစ်ခုဘဲ ဖြစ်ပါ တယ်။

စစ်တပ်ဟာ ထွက်ပေါက်ပိတ်ခဲ့တာ ၁၉၆၂ ခုနှစ် ဦးနေ၀င်းအာဏာသိမ်းကထဲကပါဘဲ။ စစ်တပ်ဟာ စစ်တပ်အလုပ်ကိုမလုပ်ဘဲ မဆိုင်တဲ့ တိုင်းပြည်အုပ်ချုပ်တဲ့ အလုပ်ကို အဓမ္မအာဏာသိမ်းလုပ်ခဲ့တဲ့အတွက် စစ်တပ်လဲပျက် တိုင်းပြည်လဲပျက်ခဲ့ တာပါ။၁၉၈၈ ခုနှစ်နောက်ပိုင်း  စစ်တပ်က စစ်တပ်ကိုပြန်အာဏာသိမ်းပြီး စစ်တပ်အစိုးရလို့ ဗြောင်ကြေငြာလုပ်ခဲ့တဲ့ ကာလ ကတော့ တကယ့်ကို တတိုင်းပြည်လုံး ဗြောင်းဆန်အောင် ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့တာပါ။ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်း ဆိုင်ရာမှာပါ။ ဒီဒဏ်ကို လူထုရော စစ်တပ်ပါခံခဲ့ရတာဖြစ်ပါတယ်။ ကျနော်ဆိုလိုချင်တာက စစ်တပ်က ထွက်ပေါက်ပိတ် တယ်ဆိုတာ ကိုယ့်ထွက်ပေါက်ကို ကိုယ့်ဘာသာကိုယ် ပိတ်ခဲ့တာလို့ဆိုချင်တာပါ။ အိမ်တအိမ်ဆိုပါတော့ ထွက်ပေါက်တွေ အကုန်ပိတ်ပြီး အိမ်ထဲမှာဘဲကြာရှည်နေမယ်ဆိုရင်တော့ အိမ်သူအိမ်သားတွေဟာ ကျမ္မာရေးကစပြီး စဉ်းစားတွေးခေါ်မှု ပိုင်းမှာပါ ထိခိုက်ကုန်ကြလေ့ရှိပါတယ်။

ကနေ့ဗမာ့တပ်မတော်ဟာ ကျမ္မာရေးထိခိုက်ပြီးစဉ်းစားတွေးခေါ်မှုတွေကအစ ပုံမှန်မဖြစ်တော့တာတွေ့ရမှာဖြစ်ပါတယ်။ လူထုကို ရန်သူလိုသဘောထားနေတာ မှားယွင်းတဲ့အတွေးအခေါ်ကလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ် ဦးသိန်းစိန်ခေတ်လွတ်တော်ဆိုတာကြီးမှာ တပ်မတော်ရဲ့သဘောထားအမှန်တွေကို ကျနော်တို့မြင်ခဲ့ရပါတယ်။ လူထုပညာရေးကောင်း အောင်လုပ်မယ်ဆိုရင်လဲ စစ်တပ်နဲ့ ထိပ်တိုက်တိုးခဲ့ရတာပါဘဲ။ လူထုကျမ္မာရေးကောင်းအောင်လုပ်မယ်ဆိုရင်လဲ စစ်တပ်နဲ့ထိပ်တိုက်တိုးခဲ့ရတာပါဘဲ။ လူထုအတွက်ကောင်းအောင်လုပ်ဘို့ အကြံပြုမှုအားလုံးဟာ စစ်တပ်ရဲ့ကန့်ကွက်မှုတွေကြောင့် အဟောသိကံဖြစ်ခဲ့ရတာကြီးပါဘဲ။ တခြားအချိန်တွေမှာ အိပ်ငိုက်နေပေမဲ့ ကန့်ကွက်ရမဲ့အချိန်မှာတော့ ယိမ်းတိုက်ထား သ လို ကန့်ကွက်ခဲ့ကြတာ မှတ်တမ်းမှတ်ရာတွေ အခိုင်အမာရှိနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်းတွေအကျိုးစီးပွားကို ကာကွယ် ဘို့ဆိုလို့များ ကြည့်တောင်ကောင်းသေးဗျာ။ ထောက်ခံလိုက်ကြတာ။ ကျနော်တို့ပြောချင်တာ သူ့အမြင် ကို်ယ့်အမြင်မှ မ ပြောတတ်ကြဘဲ ဘာလို့လွှတ်တော်ထဲ လာထိုင်နေကြတာလဲ။ အဲ့လိုများမေးလို့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရလို့ အမြန်ပြောကြလိမ့်မယ်။ သူတို့သိတာ ဒါအကုန်ပါဘဲ။ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို ဆွဲခဲ့တဲ့ပုဂ္ဂိုလ်ကြီးကို သွား မေးရင်တောင် ငါဆွဲခဲ့တာ နဲနဲများသွားသလားလို့ပြောလေမလားဘဲ။ စက္ကူစုတ်ဖြစ်သွားရတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေတွေ ကမ္ဘာမှာ အများအပြားရှိသလို ဗမာပြည်မှာလဲ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ (ပင်လုံ) တို့ ၁၉၇၄ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေ (မဆလ) တို့တွေဟာ ကနေ့စက္ကူစုတ် ဖြစ်သွားခဲ့ကြရပါပြီ။ ထူးခြားတာက ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ (ပင်လုံ)ကို စစ်တပ်ကဖျက်သိမ်းလိုက်တာဖြစ်ပြီး၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ (မဆလ) ကိုတော့ လူထုကဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော်က အသေခံကာကွယ်မယ်ပြောနေတာကြားရတော့ ကိုယ့်စီးတဲ့မြင်း အထီးလား အမ လားမသိဘဲ စီးနေသလိုဖြစ်နေတယ်လို့ ကျနော်တော့ထင်တယ်။ ဆိုလိုချင်တာက ဒီ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူထုအတွက်ဆွဲထားတာမဟုတ်ဘဲ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ဟောင်းတွေအကျိုးစီးပွားကို ကာကွယ်ဘို့ဆွဲထားတာဖြစ်လို့ပါဘဲ။  စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့  အကျိုးစီးပွားကို အသေခံကာကွယ်ရင်း လက်ရှိစစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကို ထိမ်း သိမ်းစောင့်ရှောင့်မှာဖြစ်ပါတယ်လို့ စစ်သားတွေဘဲ ဗြောင်ပြောတာ ပိုကောင်းမယ်ထင်တယ်။ မပြောလဲ အခုက အဲဒီ အဓိပ္ပါယ်မျိုးဖြစ်နေတာပါ။ ဒါတွေက စစ်တပ်အနေနဲ့  ကိုယ့်ထွက်ပေါက် ကိုယ်ပိတ်နေသလိုဖြစ်နေတာပါ။ စစ်တပ်လုပ်သ မျှကို ဘယ်လူထုကမှမယုံသလို ဘယ်တိုင်းရင်းသားတွေကမှလဲ မယုံကြတာ မထူးဆန်းဘူးလို့ ကျနော်ထင်တယ်။ ဟိုတ လောက တပ်မတော်အစုအဖွဲ့ က ဗိုလ်ချုပ်တယောက်ကို ၅၉ (စ) နဲ့ ပတ်သက်ပြီး မီဒီယာကမေးတော့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေအတိုင်းလုပ်မယ်ဆိုပြီး တင်းတင်းဖြေသွားတာ ကြားရတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောတဲ့ standard Army ကတော့ ဒီလူတွေခေတ်မှာ ဝေးနေဦးမယ်လို့ဘဲ ပြောရတော့မှာဘဲ။ ကမ္ဘာ့တပ်မတော်တွေမှာ မိုက်ရိုင်းရမ်းကားတတ် တဲ့ စစ်ဗိုလ်ချုပ်တွေထက် အသိပညာပိုမိုကျွမ်းကျင်လိမ္မာတဲ့ ဗို်လ်ချုပ်တွေကို ပိုလိုလားကြတာကို ဗမာပြည်က ဗိုလ်ချုပ်တွေ ခုထက်ထိ မသိကြသေးတာခက်တယ်။ အာဖရိကရဲ့ ၂၀ ရာစု အစကိုရောက်နေတဲ့ စစ်တပ်တခုလိုဖြစ်နေတာ အတော် ၀မ်းနည်းဘို့ကောင်းတဲ့ ဗမာပြည်ပါ။

စစ်တပ်က ကိုယ့်ထွက်ပေါက်ကို ကိုယ့်ဘာသာကိုယ်ဖွင့်ရမှာပါ။ လူထုအကျိုးစီးပွားနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေအကျိုးစီးပွား ယှဉ်လာရင် လူထုအကျိုးစီးပွားကို ဦးထိပ်ထားတာဟာ စစ်တပ်ရဲ့ထွက်ပေါက်ပွင့်လာစေမှာဖြစ်ပါတယ်။ လူထုအနေနဲ့ ကတော့ စစ်တပ်က ကောင်းတာလုပ်လာရင် ကောင်းတယ်ပြောမှာပါဘဲ။ လူထုအနေနဲ့က ကနေ့သေမလား တိုက်မ လား အခြေအနေကို ရောက်နေပါပြီ။ ဒီထက်ပိုဆိုးလာတဲ့အခြေအနေမျိုးမှာ လူထုဟာ သေနတ်တွေကို အံတုကြလိမ့်မယ်။ အောက်ခြေစစ်သားတွေဟာ စစ်ဗိုလ်ချုပ်တွေပြောတာကို မယုံကြည်တဲ့အခြေအနေမျိုး ရောက်လာလိမ့်မယ်။ စစ်ဗိုလ်ချုပ် တွေအကျိုးစီးပွားအတွက် အသေခံစစ်တိုက်တာဟာ မမှန်ဘူးလို့သိလာတဲ့နေ့ဟာ လူထုအတွက် လွတ်လပ်ရေးအလင်းရောင် ဖြစ်လာပြီး ဗိုလ်ချုပ်ဟောင်း/သစ်တွေအတွက် ညအမှောင်တွေဖြစ်လာမှာပါ။ ဒါဟာ လူထုအတွက် မျှော်လင့်ချက်ပါ။

ဦးသိန်းစိန်အစိုးရ ၅ နှစ်သက်တမ်းလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီး ကောင်းတာတွေလဲ ရှိပါတယ်။ ဒီလိုဘဲ မကောင်းတာတွေလဲ ရှိမှာပါ။ ကျနော်တို့ ဒီကိစ္စကို အငြင်းမပွားလိုပါဘူး။ ကနေ့ပြဿနာက ဦးသိန်းစိန် အစိုးရကို လူထုအများစုကြီးက မကြိုက်ကြပါဘူး။ သူတို့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အနာဂါတ်အတွက် ရွေးချယ်ခဲ့ကြပါ တယ်။ ဒါက ပကတိအခြေအနေပါ။ တိုင်းရင်းသားတွေအပါအ၀င် လူထုတရပ်လုံးက ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ် စေချင်ကြတယ်။ စစ်တပ်က ဒီကိစ္စကို ဘာကြောင့် တင်းတင်းမာမာ ကန့်ကွက်နေတာလဲ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဦးသိန်းစိန်ခေတ်ထက်တော့ ပိုကောင်းလာမှာ အသေအချာဘဲဖြစ်ပါတယ်။ လူထုကလဲ ဒါကိုဘဲလိုလားတာ ဖြစ်ပါတယ်။ ထ္မင်းနပ်မမှန်တဲ့သူတွေက ထ္မင်းနပ်မှန်ချင်တယ်။ နေစရာမရှိတဲ့လူတွေက နေစရာ ရချင်တယ်။ တိုက်ပွဲတွေဖြစ် နေတဲ့ ဒေသတွေကညီအကိုတွေက သူတို့ဒေသတွေငြိမ်းချမ်းချင်တယ်။ ဒါကို ဦးသိန်းစိန်မလုပ်နိုင်ပါဘူး။ ဘယ်ဗိုလ်ချုပ်မှလဲမလုပ်နိုင်ပါဘူး။ လုပ်နိုင်တာက ဒေါ်အောင်ဆန်းစုကြည်တယောက်ထဲပါ။ ဒီကိစ္စမှာ စစ်တပ်က လမ်းဟောင်းပြန်လိုက် မယ်ဆိုလို့က တိုင်းပြည်ရဲ့ အနာဂါတ်ကို စစ်ဖိနပ်နဲ့နင်းလိုက်တာဘဲဖြစ်မှာပါ။ ကနေ့စစ်တပ်ဟာ တပ်မတော်တရပ်အသွင်ကို ပြန်လည်ရယူဘို့ အခွင့်အရေးက လက်တကမ်းမှာလို့ပြောပါရစေ။ ဗမာ့တပ်မတော်ဟာ ဦးသိန်းစိန်အပါအ၀င် ကြံ့ဖွံ့နဲ့လမ်းခွဲ သင့်တဲ့အချိန်ကို ရောက်နေပါပြီ။ စစ်တပ်အတွက်ပိတ်နေတဲ့တံခါးကိုဖွင့်ဘို့ သော့ရနေတာကို အသုံးမချခဲ့လို့ တိုင်းပြည်ပျက်လိုပျက်စီးဖြစ်ခဲ့ရင် အင်မတန် ၀မ်းနည်းကြေကွဲဘို့ကောင်းမှာဖြစ်သလို လက်ရှိတပ်မတော်ခေါင်းဆောင်းတွေမှာ တာဝန်လုံး လုံး ရှိမှာဖြစ်ပါတယ်။ ဒါဟာ သမိုင်းဆိုင်ရာ ကိစ္စကြီးတွေဖြစ်လို့ အလွန်လေးနက်ပါတယ်။

လူထုကို ထွက်ပေါက်ပေးသင့်တယ်ဆိုတဲ့အယူအဆနဲ့ပတ်သက်လို့ကတော့ ရှင်းရှင်းလင်းလင်းဘဲရှိပါတယ်။ လူထုရဲ့ထွက် ပေါက်အားလုံးကို ပိတ်ဆို့ဖျက်ဆီးပစ်နေတာကတော့ စစ်အာဏာရှင်စနစ်ဘဲဖြစ်ပါတယ်။ စစ်အစိုးရအဆက်ဆက်ဟာ “ဥပဒေကဲ့သို့အာဏာတည်စေတဲ့ အမိန့်ဆိုတာတွေရယ်”၊ “အမိန့်တွေကို အာဏာတည်စေဘို့ရေးထားတဲ့ဥပဒေတွေနဲ့ လူ ထုရဲ့ထွက်ပေါက်အားလုံးကို ပိတ်ဆို့ခဲ့ကြတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ဒီသဘောပါဘဲ။ ကိုယ့်ကိုယ်ကို စစ်အစိုးရလို့ဗြောင်ကြေငြာပြီး ဥပဒေကဲ့သို့ အာဏာ တည်စေမဲ့ အမိန့် ဆိုတာတွေနဲ့ လူထုကိုသတ်နေကြတဲ့ကာလမှာ ရေးဆွဲခဲ့တာပါ။ အမိန့်တွေကို အာဏာအဖြစ်တည်စေဘို့ ဥပဒေတွေလုပ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံသားအများစုကြီးက ဒီမတရားမှုကြီးကို ဖျက်သိမ်းပစ်ချင်နေကြတာပါ။ အဲဒီမ တရား မှုကြီးရှေ့မှာ ဗမာ့တပ်မတော်ရပ်ခံနေတာဟာ အတော်စိတ်ပျက်စရာကောင်းသလို အတော်ဝမ်းနည်းကြေကွဲစရာလည်း ကောင်းပါတယ်။

စစ်အာဏာရှင်စနစ် စစ်အစိုးရကို လူထုဟာ နည်းသဏ္ဌာန်မျိုးစုံနဲ့ ဆန့်ကျင်ခဲ့ကြတာပါဘဲ။ ဆက်လဲဆန့်ကျင်ကြဦး မှာဖြစ်ပါ တယ်။ အဓိကကတော့ လူထုအကျိုးစီးပွားနဲ့ ဆန့်ကျင်နေတဲ့အတွက် ဖြစ်ပါတယ်။ လူထုဟာထွက်ပေါက်ပိတ်ခံရတာတွေကို ဖယ်ရှားနိုင်တဲ့အချိန်မှာ လူထုအကျိုးစီးပွားကိုဖော်ဆောင်နိုင်မဲ့ လုထုအကျိုးစီးပွားကို ကိုယ်စားပြုနိုင်မဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို သူတို့ကိုယ်တိုင် ပြန်ရေးကြဦးမှာပါ။၂၀၀၈ ဟာ တချိန်ချိန်မှာတော့ စက္ကူစုတ်ဖြစ်မယ်ဆိုတာ ကျနော်အခိုင်အမာ ပြောရဲပါတယ်။ ကနေ့ ကျနော်တို့ လူထုအနေနဲ့ ထွက်ပေါက်တွေ့နေကြပါပြီ။ ဒီထွက်ပေါက်ကို အငြင်းပယ်ခံရရင်လဲ လူထု ကတော့ သူတို့အတွက် ထွက်ပေါက်ကို  သူတို့ကိုယ်တိုင်ဖွင့်ကြဦးမှာပါ။ ဖွင့်လည်း ဖွင့်ခဲ့ကြပါတယ်။  လူထုဆန့်ကျင်ရေးကို  ဘယ်လောက်အထိ  လုပ်မယ် မလုပ်ဘူး ဆိုတာကိုတော့ ကနေ့စစ်တပ်ခေါင်းဆောင်တွေ အလေးအနက် ဆုံးဖြတ်ကြရမှာ ဖြစ်ကြောင်းပါဗျာ။

ကိုအောင်မှိုင်း
(၂၀၊၂၊၂၀၁၆)