သွန်းခ - မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြု

 

သွန်းခ - မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြု
(မိုးမခ) ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၆
 
မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖေါ်ဝါရီလ ၂၁ ရက်၊ နံနက် ၁၀း၃၀ အချိန်မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။

ကာတွန်းဆရာကြီး (ဦး) ရွှေမင်းသားမှ နှုတ်ခွန်းဆက်အမှာစကားနှင့်အတူ မြန်မာ့ကာတွန်းသမိုင်းကိုလည်း အတိုချုပ် ထည့် သွင်းပြောကြားသွားခဲ့သလို ကာတွန်းဆရာ (ဦး) ဝင်းအောင်မှ ကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။


ကာတွန်း နှစ် (၁၀၀) ပြည့်ပွဲကို မူလက အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားသော်လည်း ခွင့်ပြုချက် မရရှိခဲ့ကြောင်းလည်း သိရပါတယ်။

ဂုဏ်ပြုမှတ်တမ်းလွှာတွေကို ကာတွန်းဆရာကြီး (ဦး) ရွှေမင်းသား၊ ကာတွန်းဆရာကြီး (ဦး) မြင့်သိန်း၊   ကာတွန်းဆရာကြီး (ဦး) မောင်မောင်၊  ကာတွန်းဆရာကြီး (ဦး) တင်အောင်နီတို့က သက်ဆိုင်ရာပုဂ္ဂိုလ်တွေစီ အသီးသီးပေးအပ်ခဲ့ပါတယ်။

ဒီပွဲမှာ ဆုရကာတွန်းဆရာတွေဖြစ်တဲ့ ကာတွန်းရွှေတလေးဆုရရှိသွားသူ ကာတွန်းမောင်မောင်ဖောင်တိန်၊ ကာတွန်းဟိန်စွန်း ဆုရ ကာတွန်း ဆောင်းသရော်၊ ကာတွန်း ဘဂျမ်းဆုရ ကာတွန်းသူရမိုး၊ နှစ်သိမ့်ဆု (၁) ရရှိခဲ့သည့် ကာတွန်းသီဟ (စခန်းသစ်)၊ နှစ်သိမ့်ဆု  (၂)ရရှိခဲ့သည့် ကာတွန်း အောင်ကိုကိုတို့ကို ဂုဏ်ပြု မှတ်တမ်းလွှာ အသီးသီးပေးအပ်ခဲ့ပါတယ်။

ဆုရကာတွန်းဆရာများရဲ့ကိုယ်စား  ကာတွန်း မောင်မောင်ဖောင်တိန်က ကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။  ဂုဏ်ပြု ဧည့်ခံပွဲ တက်ရောက်သူတွေကိုလည်း နေ့လည်စာနဲ့ ဧည့်ခံကျွေးမွေးခဲ့ပါတယ်။