ထူးထူး (တောင်ငူ) - ဘိုလို မှုတ်ကြမယ်



ထူးထူး (တောင်ငူ) - ဘိုလို မှုတ်ကြမယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆

ဒီရက်ပိုင်းအတွင်း “ကိုရွှေထူး” တယောက်အလုပ်တွေရှုပ်နေပုံများ ဘယ်အချိန်ကြည့်ကြည့် နားကြပ် ကြီးတပ်ပြီး ဘာတွေနားထောင် နေမှန်းကိုမသိပါဘူး… တခါတလေ နားကြပ်တပ်ထားရုံ တင်မက… ဘေးမှာစာအုပ်အထူကြီးတအုပ်ကလည်းပါလိုက်သေးတယ်။ ပါးစပ်ကလည်း တတွတ် တွတ်နဲ့၊ တခါ တရံ လက်ဟန်ခြေဟန်လည်းပါတယ်… ပုံခုံးနှစ်ဘက်ကိုတွန့်လိုက်တာများ “ရွှေမိ” မျက်လုံးထဲမတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးကျနေတာပါပဲ။

မိုးလင်းလို့မျက်နှာသစ်ပြီးတာနဲ့အဲ့ဒီ့နားကြပ်ကြီးကတပ်ပြီးသား၊ ဘာပြောပြောမကြားတော့ဘူး။ အိမ်တွင်းရေးကိစ္စတွေတိုင်ပင်ချင်တာလည်းအဆင်မပြေဘူး။ နှစ်ကိုယ်ကြားပြောမှရမယ့်ကိစ္စတွေ၊ အလုပ်ကိစ္စတွေတိုင်ပင်ချင်တဲ့အခါမျိုးမှာဆို ဘယ်လိုမှအဆင်မပြေတော့ဘူး။ တရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် ကြာလာတော့ “ရွှေမိ” တယောက်စိတ်ဆိုးစပြုလာပြီ။

တမင်တကာအနုနည်းနဲ့ လူကိုဥပက္ခောပြုတာများလား၊ ဒါမှမဟုတ် တခုခုကိုအလိုမကျလို့ အရွဲ့တိုက် နေတာများလားဆိုပြီး “ရွှေမိ” လည်းတွေးမိတွေးရာတွေးနေပြန်တာပေါ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့ လေ၊ ပြီးခဲ့တဲ့အပတ်က မြို့ထဲမှာအင်္ဂလိပ်ရုပ်ရှင်အခွေတွေသွားဝယ်ချင်တယ်လို့ သူပြောတုန်းက “ရွှေမိ” တယောက် နှုတ်ခမ်းဆူပြီး မသွားရဘူးလို့တချက်လွတ်အမိန့်ထုတ်ခဲ့မိတာကိုး။

တပတ်လောက်ကြာလာတော့ “ရွှေမိ” လည်းမနေနိုင်တော့လို့ ပါးစပ်ကထုတ်မေးမိပါတော့တယ်… “ရှင်…. ဒီလောက်တောင် ဘာတွေများအလုပ်ရှုပ်နေတာလည်း။ နားကြပ်ကြီးကလည်း ချွတ်ကို မချွတ်တော့ဘူး၊ ကျုပ်ကိုလည်းပြောပြပါအုံးတော်”

“ဘာမှမဟုတ်ပါဘူးကွာ… ငါအင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့တိပ်ခွေကိုနားထောင်နေတာပါ… နားရည်ဝအောင်လို့ပေါ့” လို့ဆိုလာပါတယ်။ ပြီးတာနဲ့ နားကြပ်ကြီးကိုပြန်တပ်သလိုပါးစပ်ကလည်း…

“ကဲ့ပဲ့ဆစ်တီး၊ တူးစတပ်လုံး၊ ဂျီတူဂျီလည်ပယ်၊ ဂါးဗားမန့်တူဂါးဗားမန့်၊ ဂွတ်ပရိုက်တစ်၊ အိပ်စပြီးတီး ရန့်၊ ထွက်ဒီရှင်နယ်၊ ဗစ်ဆစ်နက်၊ အင်တွာပနင်တာရှစ်၊ အင်ဆန်းတစ်၊ ဘာတန်၊ မားကတ်ပရိုက်စ်” နဲ့ ဘာတွေမှန်းကိုမသိပါဘူး တတွတ်တွတ်နဲ့ရွတ်နေတာ။

ရုတ်တရက် “ရွှေမိ” တယောက်ကိုယ့်နားကိုယ်မယုံနိုင်အောင်ဖြစ်သွားမိပါတော့တယ်။ တပြိုင်နက် တည်းစိတ်ပူသွားမိတာက၊ “ကိုရွှေထူး” တယောက် မလေးရှား၊ ဒါမှမဟုတ် စင်္ကာပူကိုများ အလုပ် သွားလုပ်တော့မလို့လားဆိုပြီးတွေးပူမိပြန်ပါတယ်။

ဟုတ်တယ်လေ…. ရှိတာမှဒီလင်မယားနှစ်ယောက်တည်း။ ဘယ်လိုလုပ်ခွဲလို့ဖြစ်မှာလဲ။ မခွဲနိုင်ပေါင်။ ဒါနဲ့ပဲ “ရွှေမိ” လည်းရှေ့လျှောက် ယောက်ျားကိုအလိုလိုက်တော့မယ်… သူကြည့်ချင်တဲ့အင်္ဂလိပ်ရုပ်ရှင် အခွေတွေဝယ်ပေးတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဓိက ကတော့ သူနိုင်ငံခြားမထွက်ရင် ပြီးတာပဲမဟုတ်လား။

“ရှင် ဘာဖြစ်လို့ အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့အခွေတွေနားထောင်နေတာလဲ၊ နိုင်ငံခြားသွား မလို့ လား၊ မသွားပါနဲ့တော်။ ကျုပ်မခွဲနိုင်ပါဘူး။ တော်လိုချင်တာတွေ၊ ဝယ်ချင်တာတွေရှိရင် ကျုပ်ကို ပြော… ကျုပ်ဝယ်ပေးပါ့မယ်တော်။ ဘယ်နိုင်ငံကိုမှ မသွားပါနဲ့တော်” လို့ လေသံကိုအတတ်နိုင်ဆုံး ပျော့ပြောင်း ချိုသာစွာနဲ့တယောထိုးလိုက်ပါတော့တယ်။

“ကိုရွှေထူး” တယောက် တဟားဟားအော်ရယ်ရင်း “အေးပါကွာ…. ငါလည်းဘယ်နိုင်ငံခြားကိုမှ ထွက်ဖို့စိတ်ကူးမရှိပါဘူး။ အဲ့အတွက်တော့စိတ်မပူပါနဲ့ကွာ” ဆိုတော့မှ

“ရွှေမိ” တယောက်အခုမှပဲ စိတ်အေးရပါတော့တယ်။ “အဲ့ဒါဆို… ဘာဖြစ်လို့ ရှင်အင်္ဂလိပ်စကားပြော တွေ အသည်းအသန်လေ့ကျင့်နေရတာလဲ”

“ကိုရွှေထူး” ပြန်ဖြေလိုက်ပုံက- “ဒီလို မိန်းမရေ…. ပြီးခဲ့တဲ့အပတ်က DVB Debate အစီအစဉ်တခုက တော်တော်ကောင်းတယ်ကွ… အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတခုကို ဘယ်လိုစတင်မလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ ဆိုတဲ့ခေါင်းစဉ်၊ ငါတို့လို တပိုင်တနိုင် စီးပွားရေးလေး လုပ်နေတဲ့သူတွေ အဖို့တော်တော်နားထောင်သင့်တာပေါ့ကွာ… ငါလည်းဘယ်အလွတ်ခံမလဲကွာ… နားထောင်တာပေါ့။ ဒါပေမယ့်ကွာ ငါတလုံးမှ နားမလည်လိုက်ဘူးကွာ”

“ဟင်…. ရှင်တလုံးမှ နားမလည်လိုက်ဘူးဆိုတော့…. မဟုတ်မှလွဲရော…. ပြောဆိုဆွေးနွေးတဲ့သူတွေ က နိုင်ငံခြားသားတွေလား”

“မဟုတ်ဘူးမိန်းမရေ…. ပြောဆိုဆွေးနွေးတဲ့သူတွေကလည်း မြန်မာနိုင်ငံသားတွေပါပဲ။ ဒါပေမယ့်၊ သူတို့က မြန်မာလိုသိပ်မပြောတတ်တာလား… ဒါမှမဟုတ် ဘိလပ်ကပြန်လာတာပဲ သိပ်မကြာသေး တာလားတော့ မသိပါဘူးကွာ…. ငါသိတာကတော့ သူတို့တတွေ ဘိုလိုတော်တော်မှုတ်ကြတာပဲ”

“ရှင်… ပြောတော့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းဆို”

“အေးလေး… မှန်တယ်လေ၊ ခေါင်းစဉ်က အဲ့ဒါပဲလေ”

“ဒါဆို ကွမ်းယာသည်တွေ၊ မုန့်ဟင်းခါးသည်တွေ၊ အသုပ်သည်တွေလည်းနားထောင်သင့်တာပေါ့”

“မှန်တာပေါ့ မိန်းမရာ… ဒါပေမယ့် ခက်တာက… ငါတို့လို လူတွေက သူတို့ ပြောနေတဲ့ ဘိလပ်စကား ကို ဘယ်လိုလုပ်နားလည်မှာလဲ”

“ရှင်ပြောသလိုဆို၊ အဲ့ဒီ့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတခုကို ဘယ်လို စတင်မလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးတဲ့သူတွေက ဘိုလိုတော်တော် မှုတ်တတ် တာပေါ့နော်”

“အဲ့လိုလည်းမဟုတ်ပြန်ဘူးကွ… သူတို့က တချို့စကားလုံးတွေကို ဘိုလိုမှုတ်ပြီး၊ တချို့စကားတွေကျ ပြန်တော့ မြန်မာလိုပြောပြန်ကောကွ”

“ဟင်… ဒါဆို၊ သူတို့က ဘိုလိုမှုတ်ရတာမောသွားလို့နေမှာပေါ့နော်”

“ဟုတ်မှာပေါ့ မိန်းမရာ… ငါသတိထားမိတာကတော့- ဆွေးနွေးတဲ့ပညာရှင်လေးယောက်ထဲမှာ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနက အမျိုးသမီးအရာရှိကြီးက ဘိုလိုအမှုတ်ဆုံးပဲကွ… သူပြောတဲ့အထဲမှာ ဘော်ဒီတွေကော၊ မကက်နက်ဇစ်တွေကော၊ အင်စတီကျူးရှင်းတွေကော… စုံလို့ ပါပဲကွာ”

“နောက်တပတ် DVB Debate ကိုနားထောင်တဲ့အခါ၊ လုံးစေ့ပတ်စေ့နားလည်အောင်လို့ ငါ အင်္ဂလိပ် စကားပြောလေ့ကျင့်နေတာပါကွာ…. ဘယ်ကိုမှမသွားပါဘူး။ မင်းအနားမှာပဲ တသက်လုံး နေမှာပါ “ရွှေမိ” ရာ… စိတ်ချပါကွာ”

“ဒါဆိုရင်လည်းပြီးရော …. မှုတ်… မှုတ် နာနာမှုတ်…. အဲလေယောင်လို့” …. ရွှေမိ တယောက် မှိုရတဲ့ မျက်နှာနဲ့ ပြုံးရွှင်ပြီးမီးဖိုထဲဝင်သွားလေရဲ့ ….

“ကိုရွှေထူး” တယောက်ကတော့ … အက်စ်အမ်အီး၊ အက်စ်ဘီအီး၊ အဝဲယားနပ်နဲ့ တတွတ်တွတ် ရွတ်ရင်း ဟိုနားက ယားသလိုလို…. ဒီနားကယားသလိုလိုနဲ့ နေမထိ၊ ထိုင်မသာ ဖြစ်နေပါတော့တယ်။